ဒေါ့မွန်အသင်းရဲ့ အင်္ဂလန် ကြယ်ပွင့် ကွင်းလယ်ကစားသမားလေး ဘယ်လင်ဟမ်ဟာ လက်ရှိမှာ ရီးယဲလ် မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ဖို့အတွက် ဆေးစစ်မှုတွေပါ အောင်မြင်သွားခဲ့ပြီဖြစ်ရာ ဘယ်လင်ဟမ် အနေနဲ့ ရီးယဲလ်အသင်းမှာ ရာအူးလ် ဂွန်ဇာလက်ဇ် ၊ ခရစ္စတီယာနို ရော်နယ်လ်ဒို တို့ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် (၇)ကို ဆက်ခံသွားရဖွယ်ပါ ရှိနေပါတယ်။
Photo Credit : Clutch Points
ရီးယဲလ်အသင်းက အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက် ဆယ်ကျော်သက် ကွင်းလယ်လူ ဘယ်လင်ဟမ်ကို ပြောင်းရွှေ့ကြေး ယူရို (၁၀၃)သန်းနဲ့ အရ ခေါ်ယူခဲ့တာဖြစ်ပြီး ၂၀၂၉ခုနှစ် ဇွန်လအထိ သက်တမ်းရှိတဲ့ နှစ်ရှည် စာချုပ်တစ်ရပ်ပါ ချုပ်ဆိုခဲ့ပါတယ်။ ဒါ့အပြင် မနေ့ညက ထွက်ပေါ်လာခဲ့တဲ့ သတင်းတွေအရ ဘယ်လင်ဟမ် ဟာ ရီးယဲလ်နဲ့ ဆေးစစ်မှုပါ အောင်မြင်သွားခဲ့ရပြီဖြစ်လို့ ဒီတစ်ပတ်အတွင်းမှာပဲ ရီးယဲလ်ဘက်က ဘယ်လင်ဟမ် အပြောင်းအရွှေ့ကို တရားဝင် ထုတ်ပြန်သွားဖို့ပါ ရှိလာခဲ့ပါတယ်။
Photo Credit : Twitter
ဘယ်လင်ဟမ် အနေနဲ့ ရီးယဲလ်ကို ရောက်ရှိလာပြီးနောက် ရီးယဲလ်အသင်းရဲ့ ဂန္တဝင် ကျောနံပါတစ်ခုဖြစ်တဲ့ ကျောနံပါတ် (၇)ကိုပါ ဝတ်ဆင်သွားရဖို့လည်း ရှိနေပြန်ပါတယ်။ ရီးယဲလ်မှာ legendry players ကြီးတွေဖြစ်တဲ့ ရာအူးလ် ရော်နယ်လ်ဒိုတို့ ဝတ်ဆင်ခဲ့ပြီး နောက်ဆုံး အီဒင်ဟာဇက် ဝတ်ဆင်သွားခဲ့တဲ့ ကျောနံပါတ် (၇)ကို ဆက်ခံရမယ့် အခြေအနေမှာ ရှိနေပါတယ်။ ကျောနံပါတ် (၇) ပိုင်ရှင် ဟာဇက်ကလည်း အသင်းနဲ့ စာချုပ်ဖျက်သိမ်းသွားခဲ့ရပြီဖြစ်လို့ ဘယ်လင်ဟမ်က ရီးယဲလ်ရဲ့ ကျောနံပါတ် (၇) ပိုင်ရှင်သစ် ဖြစ်လာဖို့က သေချာသလောက်ကို ရှိနေပါတယ်။
Photo Credit : The Athletic
ဒါ့အပြင် အယ်လ်အီတီဟတ်ကို ပြောင်းရွှေ့သွားတဲ့ ကာရန် ဘန်ဇီမာကြောင့် လစ်လပ်သွားတဲ့ ကျောနံပါတ် (၉)ကို အသင်းရဲ့ ဘရာဇီးလ် လူငယ် ကစားသမားလေး ရိုဒရီဂိုအတွက် လွှဲပြောင်းပေးဖွယ်လည်း ရှိနေပါတယ်။ ရီးယဲလ်က ဒီနွေမှာ တိုက်စစ်ပိုင်းအတွက် ကစားသမားသစ်တွေ ခေါ်ယူဖို့ ရှိနေပြီး ဒီကစားသမားတွေကသာ ကျောနံပါတ် (၉)ကို ဝတ်ဆင်ဖို့ ပယ်ချခဲ့မယ်ဆိုရင် ရိုဒရီဂိုက ကျောနံပတ် (၉) ဖြစ်လာနိုင်ပြီး တကယ်လို့ ရီးယဲလ်ပစ်မှတ် ကိန်းနဲ့ဟာဗက်ဇ်တို့ တစ်ဦးဦး အသင်းကို ရောက်လာကာ (၉)ကို ဝတ်ဆင်မယ်ဆိုရင်လည်း ရိုဒရီဂိုက အဆန်စီယိုရဲ့ ကျောနံပါတ် (၁၁)ကို ဝတ်ဆင်ရနိုင်ပါတယ်။