ဘောလုံးပရိသတ်တွေ အတွက်တော့ ခရစ္စတီယာနို ရော်နယ်လ်ဒို ဂိုးသွင်းယူတာကို မြင်နေကျပေမယ့်လည်း ရော်နယ်လ်ဒိုရဲ့မိခင်အတွက်တော့ စိတ်ခံစားမှုတွေ ပြည့်နှက်စေတဲ့ အခိုက်အတန့်ဖြစ်စေခဲ့တယ်ဆိုတာ တနင်္ဂနွေနေ့ညမှာ သက်သေပြခဲ့ပါတယ်။

Cristiano Ronaldo celebrated his trademark style

Photo: Sportbible

တရားဝင်မှတ်တမ်းတွေအရ ခရစ္စတီယာနို ရော်နယ်လ်ဒိုထက် ဘယ်ကစားသမားကမှ သွင်းဂိုးတွေ ပိုမိုသွင်းယူနိုင်ခြင်းမရှိဘဲ ပေါ်တူဂီတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့မတ်လမှာ တသက်တာထိပ်တန်းဂိုးသွင်းရှင်အဖြစ် စံချိန်တင်ထားတဲ့ ဂျိုးဆက်ဖ် ဘစ်ကန်ရဲ့ စံချိန်ကို ရိုက်ချိုးနိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးဟာ တော့တင်ဟမ်ဟော့စပါးနဲ့ပွဲစဉ်မှာ ၃ ဂိုး သွင်းယူပြီးနောက် ကလပ်အသင်းနဲ့ နိုင်ငံအသင်းတို့အတွက် ကစားသမားဘဝ နှစ် ၂၀ ကာလအတွင်း ၈၀၆ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ ရော်နယ်လ်ဒိုဟာ နိုင်ငံတကာသွင်းဂိုးအများဆုံး ကစားသမားအဖြစ် စံချိန်တင်ခဲ့ပြီး ပြီးခဲ့တဲ့အပတ်က စပိန်နဲ့ပွဲမှာ ပွဲထွက်ခွင့်မရခဲ့ပေမယ့်လည်း ဆွစ်ဇာလန်နဲ့ပွဲမှာ အကောင်းဆုံးပုံစံ ပြသခဲ့တာဖြစ်ပါတယ်။ ဆွစ်ဇာလန်နဲ့ တနင်္ဂနွေနေ့ညနေက ကစားခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ ရော်နယ်လ်ဒိုက ၂ ဂိုးအထိ သွင်းယူပေးခဲ့ပြီး ပေါ်တူဂီအသင်းက ၄-၀ နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

Ronaldo dedicated his brace to his mum by pointing to her

Photo: Twitter

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်တိုက်စစ်မှူးအတွက်ကတော့ ဂိုးတွေသွင်းယူရတာက ထမင်းစား ရေသောက်ကိစ္စလောက်သာဖြစ်ပေမယ့်လည်း ၎င်းရဲ့ မိခင်ဖြစ်သူ ဒိုလောရက်စ် အဗေရိုကတော့ ပွဲကြည့်စင်မှာ သားဖြစ်သူအတွက် ဝမ်းသာမျက်ရည်တွေ စီးကျနေခဲ့တာကို မြင်တွေ့ခဲ့ရပြီး ပေါ်တူဂီအသင်းခေါင်းဆောင် ဂိုးတွေ အများကြီးသွင်းယူခဲ့တာကို မြင်တွေ့ခဲ့ဖူးပေမယ့်လည်း စိတ်ခံစားမှုတွေ ပြည့်နှက်နေဆဲဖြစ်ပါတယ်။

ရော်နယ်လ်ဒိုက ဆွစ်ဇာလန်အသင်းဘက်ကို ပထမသွင်းဂိုး သွင်းယူပြီးနောက် မိခင်ဖြစ်သူအတွက် ရည်ရွယ်ကြောင်း လက်ညှိုးထိုး ညွှန်ပြခဲ့တာကြောင့် ဒိုလောရက်စ်ဟာ ပိုလို့တောင် မျက်ရည်မထိန်းနိုင်ဖြစ်ခဲ့ရတာဖြစ်ပါတယ်။

Featured Photo: Sportbible