လီယွန်နယ် မက်ဆီ နဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့လို လက်ရှိ ဘောလုံးကမ္ဘာရဲ့ GOAT ကြီး နှစ်ဦးကို လေးစား အတုယူ အားကျရတဲ့ ကစားသမားတွေ အများအပြားကို ရှိနေသလို ဒီ ကစားသမားကြီး နှစ်ဦးရဲ့ ခြေရာနင်းမယ့် ကြယ်ပွင့်လေးတွေလည်း အမြောက်အများ ရှိနေပါတယ်။ ဒီကစားသမားတွေထဲမှာ မန်ချက်စတာ စီးတီးအသင်းရဲ့ နော်ဝေ တိုက်စစ်မှူးလေး အာလင်း ဟာလန်းလည်း အပါအဝင်ပါပဲ။

cr7 haaland leo

Photo Credit : Essentially Sports

မိုလ်ဒီ ဆာလ်ဇ်ဘာ့ဂ် ဒေါ့မွန်တို့မှာကတည်းက ဂိုးတွေများစွာ သွင်းယူခဲ့ရင်း နာမည်ကျော်လာခဲ့ရတဲ့ ဟာလန်းက မန်စီးတီးအသင်းဆီ ရောက်ချိန်မှာလည်း သူရဲ့ သွင်းဂိုးတွေနဲ့အတူ ချန်ပီယံလိဂ်ဖလား ပရီးမီးယားလိဂ်ဖလား အက်ဖ်အေဖလားတို့ကို တစ်နှစ်အတွင်းမှာပဲ ဆွတ်ခူးခဲ့ရသလို ပရီးမီးယားလိဂ်မှာလည်း ဘယ်ကစားသမားမှ မစွမ်းဆောင်နိုင်ဘူးတဲ့ သွင်းဂိုးအရေအတွက်ထိ သွင်းယူနိုင်ခဲ့ပြန်ပါတယ်။ ဒီလို စွမ်းဆောင်ရည်တွေကြောင့် ဟာလန်းက ၂၀၂၃ ဘာလွန်းဒေါမှာပါ ဒုတိယနေရာထိ ရရှိခဲ့သလို တကယ်လို့ မက်ဆီသာ ကမ္ဘာ့ဖလား မရခဲ့ရင် ဟာလန်းပါ ဘာလွန်းဒေါဆုရှင်အထိ ဖြစ်သွားနိုင်ပါတယ်။

haaland ronaldo

Photo Credit : Goal

ဒီလို အံ့အားသင့်လောက်စရာ စွမ်းဆောင်ရည်တွေ ပြသထားခဲ့သူ ဟာလန်းဟာ ပေါ်တူဂီ GOAT ကြီး ရော်နယ်လ်ဒိုကို သူရဲ့ role model အဖြစ် သတ်မှတ်ရင်း အတုယူ ကြိုးစားလာခဲ့ရင်း အခုလို အခြေအနေတွေထိ ရောက်လာခဲ့ရတာလည်း ဖြစ်ပါတယ်။

cr7 ha9

Photo Credit : Sportskeeda

ဒီအကြောင်းကိစ္စတွေနဲ့ ပတ်သက်ပြီး ဟာလန်းက “ကျွန်တော် ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ တွေ့ဆုံချင်မိပါတယ်။ ပြီးရင် သူရဲ့ ကျေးဇူးတွေကြောင့် ကျွန်တော် ဘောလုံးသမားတစ်ယောက် ဖြစ်လာခဲ့တာလို့လည်း သူ့ကို ပြောပြသွားချင်ပါတယ်။ ကျွန်တော့်အတွက်တော့ ခရစ္စတီယာနိုက အမြဲတမ်း စံပြပုဂ္ဂိုလ်တစ်ဦးပါပဲ။” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ဟာလန်းက သူရဲ့ idol ကြီးဖြစ်သူ ရော်နယ်လ်ဒိုနဲ့ ၂၀၂၃ခုနှစ် တစ်နှစ်တာအတွင်း ဂိုးသွင်းအများဆုံး နေရာအတွက်ကိုပါ အပြိုင်အဆိုင် ဖြစ်နေကြရပါတယ်။

Featured Photo : Goal