ဥရောပ ဘောလုံးလောကထဲကနေ အာရှတိုက်ရဲ့ အရှေ့အလယ်ပိုင်း ဒေသဆီ ပြောင်းရွှေ့သွားခဲ့တဲ့ ကမ္ဘာ့ထိပ်တန်း ဘောလုံးသမားကြီး ခရစ္စတီယာနို ရော်နယ်လ်ဒို ဟာ အခုဆိုရင် သူရဲ့ လက်ရှိကလပ် Al-Nassr အသင်းအတွက် အကျိုးအပြုဆုံး ကစားသမားတစ်ဦးပါ ဖြစ်နေရပြီး နောက်ဆုံး (၃)ပွဲဆက်တိုက် ဂိုးပါဝင်ပတ်သတ်မှု (၇)ဂိုးအထိကို စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။

cr7

Photo Credit : Reuters

ဗြိတိန်ရဲ့ နာမည်ကျော် ရုပ်သံတင်ဆက်သူ ပီယာ့စ်မော်ဂန်နဲ့ အင်တာဗျူး အစီအစဉ်အတွင်း ဆော်ဒီလိဂ်နဲ့ ပတ်သတ်ပြီး ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပြိုင်ပွဲတစ်ခုလို့ မှတ်ချက်ပေးခဲ့တဲ့ ရော်နယ်လ်ဒို ဟာ ဒီမှတ်ချက်ကို အလွယ်တကူ ပေးသွားခဲ့တာ မဟုတ်ကြောင်း ဆော်ဒီပွဲတွေ အထူးသဖြင့် ရော်နယ်လ်ဒိုရဲ့ Al-Nassr အသင်းပွဲ စောင့်ကြည်သူတွေတိုင်း သိကြမှာပါ။ ဒါကြောင့်လည်း ရော်နယ်လ်ဒို အနေနဲ့ Al-Nassr အတွက် စတင် ကစားပေးရချိန်မှာ (၂)ပွဲအထိ ဂိုးသွင်းနိုင်ခြင်း မရှိခဲ့ပဲ ဒုတိယမြောက်ပွဲဖြစ်တဲ့ Al-Ittlhad နဲ့ ကစားခဲ့ရတဲ့ စူပါဖလား ဆီမီးဖိုင်နယ်မှာဆိုရင်လည်း ရှုံးပွဲပါ တွေ့ခဲ့ရပြီး ပြိုင်ပွဲကနေပါ ထွက်ခွာခဲ့ရပါတယ်။

ronaldo

Photo Credit : Latestly

အဲ့ဒီအချိန်မှာ ရော်နယ်လ်ဒိုအပေါ် ဝေဖန်သံတွေ အမြင့်ဆုံး ရောက်လာခဲ့ပါတယ်။ Al-Nassr အသင်းက ရော်နယ်လ်ဒို ရောက်လာမှပဲ ပြိုင်ပွဲကနေပါ ထွက်ခွာရတယ်ဆိုတဲ့ ဝေဖန်မှုတွေ ရှိလာခဲ့ပေမဲ့ ရော်နယ်လ်ဒိုကတော့ သူ့အလုပ် သူ ဆက်လုပ်ပြီး Al-Fateh နဲ့ပွဲမှာပဲ အသင်းအတွက် ပထမဆုံးသော သွင်းဂိုးကို စတင် သွင်းယူလာနိုင်ခဲ့ပါတယ်။

ronaldo

Photo Credit : beIN SPORTS

ပွဲပြီးခါနီးအထိ Al-Nassr အသင်းက Al-Fateh ကို (၂-၁)နဲ အရေးနိမ့်ရာကနေ ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ Al-Nassr အသင်း ပင်နယ်တီ ရရှိခဲ့ပြီး ရော်နယ်လ်ဒို က ဒီပင်နယ်တီကို အမှားအယွင်းမရှိ သွင်းယူနိုင်ခဲ့ပါတယ်။ ပထမဆုံးဂိုးက ပင်နယ်တီကနေ ရလာတာပါလို့ လှောင်ပြောင်နေကြပေမဲ့ ဒီဂိုးကနေ သူ့အသင်းကို ရှုံးပွဲမတွေ့ရအောင် အမှတ်ပြည့် မဆုံးရှုံးအောင် ကူညီနိုင်ခဲ့ပါတယ်။ နောက်တစ်ပွဲ Al-Wehda အသင်းနဲ့ ရင်ဆိုင်ရချိန်မှာတော့ ရော်နယ်လ်ဒိုဟာ Al-Nassr အတွက် ပထမဆုံးအကြိမ်အဖြစ် ဟက်ထရစ် ရယူပေးနိုင်ခဲ့ပြီး တစ်ပွဲလုံး (၄)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ အဲ့ဒီ(၄)ဂိုးမှာ ပင်နယ်တီဂိုး တစ်ဂိုးတည်းသာ ပါဝင်ခဲ့ပါတယ်။

cr7

Photo Credit : BeSoccer

မနေ့ညက ကျင်းပခဲ့တဲ့ Al-Taawon နဲ့ ပွဲမှာတော့ ရော်နယ်လ်ဒို က ဂိုးမသွင်းတော့ပဲ အသင်းအတွက် ပထမဆုံးသော ဂိုးဖန်တီးမှုကို လှလှပပ ပေးပို့နိုင်ခဲ့တဲ့အပြင် အနိုင်ဂိုး ဖြစ်စေမဲ့ သွင်းဂိုးကိုလည်း ရော်နယ်လ်ဒိုကပဲ ထပ်မံ ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါကြောင့် အခုဆိုရင် ရော်နယ်လ်ဒိုက (၃)ပွဲဆက်တိုက် သူရဲ့ Al-Nassr အသင်းအတွက် အကောင်းဆုံး အကျိုးပြုထားနိုင်ပြီး အသင်းကို အမှတ်ပေးဖလားပါ ရယူပေးနိုင်တဲ့အထိ စွမ်းဆောင်နိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။

Photo Credit : Twitter