အချိန်ကို ကွီးတို့ဘယ်လို သတ်မှတ်ပါသလဲ။ ဘယ်လောက် အလေးအနက်ထားပါသလဲ။ ယေဘုယျအားဖြင့် လူတော်တော်များများက အချိန်တန်ဖိုးရှိတာ သိကြပါတယ်။ အချိန်ကို တန်ဖိုးရှိရှိ အသုံးချရမယ်ဆိုတာလည်း သိကြပါတယ်။ လူတိုင်းက တစ်နေ့မှာ ၂၄ နာရီစီ တန်းတူညီမျှစွာ ရရှိကြသော်လည်း တစ်ယောက်နဲ့ တစ်ယောက် အချိန်ကို အသုံးချပုံခြင်း မတူညီတဲ့အခါ အခြေအနေတွေ၊ ရလဒ်တွေက ကွဲပြားသွားနိုင်ပါတယ်။ ကမ္ဘာပေါ်မှာ ကုန်ဆုံးသွားပြီးနောက် ဘယ်တော့မှပြန်မရနိုင်တဲ့ အရာကို ပြောပါဆိုလျှင် အချိန်လို့ပဲ ပြောရမှာပါ။ ကွီးတို့က အမှားပြင်ဆင်ချင်လို့ဖြစ်စေ၊ နောင်တရလို့ ဖြစ်စေ ဘယ်လိုအကြောင်းမျိုးကြောင့်ပဲဖြစ်စေ ကုန်ဆုံးခဲ့တဲ့ တစ်စက္ကန့်၊ တစ်မိနစ်က အစလုံးဝပြန်မရနိုင်ပါဘူး။ ဒါ့ကြောင့် အစားထိုးလို့လည်းမရ၊ ပြန်လည်းမရနိုင်တဲ့ အချိန်တွေကို အကျိုးရှိရှိအသုံးချဖို့လိုပါတယ်။ တစ်ခါတစ်လေ ကျွန်တော်တို့ရဲ့ အလေ့အကျင့်တွေက ကိုယ်တိုင်မသိလိုက်ပဲ အချိန်ဖြုန်းသလို ဖြစ်နေတတ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ကြည့်ပါ။ ရွှေထက် တန်ဖိုးကြီးတဲ့အချိန်တွေကို ဖြုန်းတီးမိနေသလားဆိုတာ……….
အချိန်ကို ဖြုန်းတီးမိနေရင်တော့ အချိန်မှီပြန်ပြင်ဆင်ဖို့ လိုပါတယ်။ အချိန်ကို အလေးမထားသူတွေက ၎င်းတို့ရဲ့ ပစ္စုပန်မှာရော အနာဂတ်မှာပါ တိုးတက်အောင်မြင်မှုတွေကို ရရှိဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါ့အပြင် ကိုယ့်ရဲ့ အချိန်ပေါ်မှာ သဘောထားမှုက ကိုယ့်ရဲ့ Impression ၊ ကိုယ့်ရဲ့ ဘဝ၊ အလုပ်အကိုင် စတာတွေအကုန်လုံးအပေါ်မှာ သက်ရောက်နိုင်ပါတယ်။ နောက်တစ်ချက်အနေနဲ့ကတော့ ကိုယ့်ရဲ့အချိန်ကို ကိုယ်တိုင်မလေးစားသရွေ့၊ ဘယ်သူကမှ လေးစားပေးမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကွီးတို့အတွက် အချိန် နဲ့ ပတ်သတ်ပြီး ထားရှိသင့်တဲ့ အလေ့အကျင့်ကောင်းတွေကို ဝေမျှပေးချင်ပါတယ်။
အချိန်ဆွဲတတ်တဲ့ အကျင့်ကို ပြင်ပါ
Photo : Parmetech
အချိန်ဆွဲတတ်တဲ့ သူတွေမှာ များသောအားဖြင့် ကိစ္စတစ်ခုခု ဒါမှမဟုတ် အလုပ်တစ်ခုခုကို ပြုလုပ်စရာရှိလျှင် ချက်ချင်းထမလုပ်ပဲ အချိန်ရှိသေးတယ်ဆိုပြီး ထားတာမျိုး၊ အချိန်နီးကပ်မှ ထလုပ်တာမျိုးတွေ ရှိတတ်ပါတယ်။ ဒီလို အချိန်ဆွဲနေခြင်းကြောင့် လုပ်ဆောင်ရမယ့် အရာများကို အချိန်မီမပြီးမြောက်နိုင်ခြင်း၊ သို့မဟုတ် သတ်မှတ်ရက်ပြည့်မီအောင် မဆောင်ရွက်နိုင်ခြင်းတို့ကြောင့် စိုးရမ်ပူပန်မှုတွေ ခံစားရနိုင်ပါတယ်။ ဒီလိုအကျင့်ကို ပြင်ပါ။ လူတော်တော်များများက အချိန်ဆွဲဖူးကြမှာပါ။ ဒီလိုအချိန်ဆွဲခြင်းက ကွီးတို့ရဲ့ တိုးတက်မှုနှင့် စွမ်းဆောင်ရည်ကို ထိခိုက်စေတယ်ဆိုတာ သတိပြုပါ။
ဆိုရှယ်မီဒီယာမှာ အချိန်ဖြုန်းခြင်းကို ပြင်ပါ
Photo : Pexels
အချိန်ဖြုန်းဖို့ အလွယ်ဆုံးနဲ့ အသုံးအများဆုံးနည်းလမ်းကတော့ ဆိုရှယ်မီဒီယာပေါ်မှာပါပဲ။ တကယ်တော့ ဆိုရှယ်မီဒီယာပေါ်မှာ ဘာကိုမှ ရေရေရာရာမရှိဘဲ အကြောင်းအရာမျိုးစုံးကို လျှောက်ကြည့်ရင်း အချိန်ကုန်နေတာ များပါတယ်။ ဒီအလေ့အကျင့်က အခုခေတ်မှာ အဖြစ်များနေတဲ့ အလေ့အထပါပဲ။ ဒီအလေ့အကျင့်ကို ပြင်ဖို့ဆိုရင် ကွီးတို့ဖုန်းကို ကွီးတို့နဲ့ ဝေးရာမှာ ခဏထားလိုက်ပါ။ ဘယ်လောက်ပဲ ဖုန်းကို ကြည့်ချင်နေပါစေ၊ ချုပ်တည်းထားပြီး ကိုယ်လုပ်ဆောင်စရာရှိတာများကို ပထမဦးစားပေးကာ ပြီးအောင်လုပ်ဆောင်ပါ။ အနားယူရန်လိုအပ်ပါက ဆိုရှယ်မီဒီယာကိုကြည့်မည့်အစား လတ်ဆတ်သော လေကောင်းလေသန့်ရဖို့ လမ်းလျှောက်ခြင်းနှင့် ကော်ဖီတစ်ခွက်သောက်ခြင်းတို့ကို အစားထိုးလုပ်ဆောင်ပါ။
အလေ့အကျင့်ကောင်းတွေကို ပျိုးထောင်ပါ
Photo : Kochie’s Business
အချိန်နဲ့ ပတ်သတ်ပြီး အလေ့အကျင့်ကောင်းတွေကို ပြုစုပျိုးထောင်ရပါမယ်။ နောက်မကျတတ်တာ၊ သူများရဲ့ အချိန်ကိုလေးစားတာ၊ အချိန်ကိုက်ပြီးမြောက်အောင် ဆောင်ရွက်တာ စတဲ့ အချိန်နဲ့ပတ်သတ်တဲ့ အလေ့အကျင့်ကောင်းတွေကို တစ်ခုချင်းပျိုးထောင်သွားပါ။ ဒီလို အလေ့အကျင့်ကောင်းတွေကို ပျိုးထောင်ခြင်းဖြင့် ကွီးတို့အနေနဲ့ မလိုအပ်ပဲ အချိန်ဖြုန်းမိတာမျိုး မဖြစ်တော့ဘဲ အချိန်နဲ့ပတ်သတ်ပြီး မိမိအပေါ် ထင်မြင်ယူဆချက်ကောင်းများလည်း ရရှိလာပါလိမ့်မယ်။ ဒါ့အပြင် မိမိရဲ့ အချိန်အပေါ်မှာလည်း လေးစားမှုတွေ ရှိလာပါလိမ့်မယ်။
ကွီးတို့ရေ လူတိုင်း တူညီစွာရတဲ့ အချိန်ကို လေးစားတန်ဖိုးထားခြင်းဖြင့် ကိုယ့်ရဲ့ဘဝ၊ ကိုယ့်ရဲ့ အနာဂတ်အတွက် ဘက်ပေါင်းစုံကနေ တိုးတက်မှုတွေ၊ အခွင့်အလမ်းတွေကိုရရှိလာနိုင်ပါတယ်။ ဒါ့ကြောင့် ရွှေထက် တန်ဖိုးကြီးတဲ့အချိန်တွေကို မဖြုန်းတီးဘဲ လေးစားလိုက်နာပြီး အကျိုးရှိစွာ အသုံးချဖို့ ဒီနေရာလေးကနေ သတိပေးလိုက်ပါတယ်ဗျာ။
Featured Photo : Live about