အောင်မြင်မှုကို အမှန်တကယ် လိုလားသူများ၊ ကိုယ့်အိပ်မက်ကို အမှန်တကယ် အကောင်အထည် ဖော်ချင်သူများအဖို့ အချိန်ဆွဲခြင်းသည် မကောင်းတဲ့ အကျင့်ဆိုးတစ်ခုပဲ ဖြစ်ပါတယ်။ အချိန်ဆွဲ နေတဲ့အခါ အသက်တစ်ရက် ကြီးလာတာပဲ အဖတ်တင် နေပါလိမ့်မယ်။ အချိန်ဆွဲနေလို့လည်း ကိုယ် လုပ်ရမယ့်အလုပ်တွေက တဖြည်းဖြည်း လျော့မသွားပါဘူး။ ဘဝမှာ အောင်မြင်မှုကို အမှန်တကယ် လိုချင်တယ်ဆိုရင်တော့ အချိန်ရှိခိုက် လုံ့လ စိုက်ထုတ်ဖို့ လိုအပ်ပါတယ်။

ကွီးတို့အနေနဲ့ အချိန်ဆွဲ နေမယ်ဆိုရင်တော့ တစ်ရက်ပြီးတစ်ရက် အသက်ကြီးလာတာပဲ အဖတ်တင် မယ့်အပြင် အခုဖော်ပြပေးမယ့် ဆိုးကျိုး နောက်ဆက်တွဲများကိုလည်း ခံစားရပါလိမ့်မယ်။

အချိန်တွေ ကုန်သွားပါလိမ့်မယ်

အချိန်ဆွဲ အဖတ်တင်

ကျောင်းသားဆိုလည်း ကျောင်းသားအလျောက် လုပ်ရမယ့် Assignment တွေ ရှိသလို၊ လုပ်ငန်းခွင် ဝင်နေသူများအဖို့လည်း အပြီးသတ်ရမယ့် အလုပ်တာဝန်များ၊ ပရောဂျက်များ ရှိကြပါတယ်။ ကိုယ့်ကို ပေးအပ်ထားတဲ့ တာဝန်ကို သတ်မှတ်ချိန် မတိုင်မှီ အပြီးသတ်နိုင်ခြင်းကို လူတိုင်း မပြုလုပ်နိုင်ပါဘူး။ စည်းစနစ်ကျပြီး တော်တဲ့သူမှသာ သတ်မှတ်ချိန် မတိုင်မှီမှာ အပြီးသတ်နိုင်ကြတာပါ။ ကွီးတို့ရော ကိုယ့်ကို ပေးအပ်ထားတဲ့ အလုပ်တာဝန်တွေကို အချိန်မှီ ပြီးမြောက်အောင် လုပ်ဆောင်နိုင်ရဲ့လား။ အချိန်မှီ ပြီးမြောက်အောင် မလုပ်ဆောင်နိုင်တဲ့ အကြိမ်ရေ များလာတယ်ဆိုရင်တော့ အခြေအနေ မကောင်းပါဘူး။

စိတ်ကူးစိတ်သန်းတွေ ထွက်ရှိလာဖို့ဆိုတာ အချိန်ယူရပါတယ်

အချိန်ဆွဲ အဖတ်တင်

ကိစ္စတစ်ခုကို တွေးတောစဥ်းစားဖို့ဆိုတာသည် အချိန် အတိုင်းအတာတစ်ခုအထိ ကြာတတ်ပါတယ်။ လွယ်တဲ့ ကိစ္စဆို လွယ်ကူတဲ့အလျောက်၊ ခက်ခဲတဲ့ ကိစ္စဆိုလည်း ခက်ခဲတဲ့အလျောက် အချိန်ကြာမြင့်တတ်ပါတယ်။ ကွီးတို့အနေနဲ့ အချိန်နီးကပ်မှ ကောက်ကာငင်ကာ ထလုပ်မယ်ဆိုရင်တော့ အောင်မြင်နိုင်ခြေ အင်မတန်နည်းပါတယ်။ အနီးကပ်မှ ထလုပ်မယ့်အစား အချိန်ရှိတိုင်းမှာ သေချာအာရုံစိုက်ပြီး စိတ်ကူးစိတ်သန်းများကို ဖြန့်ကျက်ကာ အခုပဲ စလုပ်သင့်ပါတယ်။

လျော့တွက်မိရင် နောင်တရလာပါလိမ့်မယ်

man at a workplace

ဘယ်အရာကိုမှ လျော့မတွက်လိုက်ပါနဲ့။ “ငါ လုပ်ရမယ့် အလုပ်က လွယ်လွယ်လေးပါ။ နီးမှ ကောက်လုပ်ရင် မှီပါတယ်” လို့ အထင်စမောပြီး လျော့တွက်လိုက်မယ်ဆိုရင်တော့ တစ်ချိန်ချိန်မှာ နောင်တ အကြီးအကျယ်ရမှာ အသေအချာပါပဲ။ နှောင်းမှ နောင်တအကြီးအကျယ်ရမယ့်အစား အစကတည်းက အချိန်ရှိတုန်းက လုံ့လ စိုက်ထုတ်မယ်ဆိုရင် အောင်မြင်မှုကို ဆွတ်ခူးရရှိမှာပဲ ဖြစ်ပါတယ်။

ကြားထဲကနေ တစ်ခုခု ဝင်လာတတ်ပါတယ်

အချိန်ဆွဲ အဖတ်တင်

ဆိုကြပါစို့။ ကွီးတို့ အပြီးသတ်ရမယ့် အလုပ်က သောကြာနေ့မှာ Deadline ဖြစ်တယ်။ ကြာသပတေးနေ့ ညမှာပဲဖြစ်ဖြစ်၊ သောကြာနေ့ မနက်မှာပဲဖြစ်ဖြစ် ကတိုက်ကရိုက် ထလုပ်ဖို့ စဥ်းစားထားတယ် ဆိုပါစို့။ ကိုယ် လုပ်မယ့် အချိန်ကျမှ အခြားလုပ်စရာတစ်ခုခု ဝင်လာတယ်ဆို ဘယ်လိုလုပ်မလဲ။ ဥပမာ – ကွီးတို့က နေမကောင်းလို့ အိပ်ရာထဲက (လုံးဝ) မထနိုင်ဘူးဆိုရင် အချိန်မှီ ထပ်စရာ ဘာမှရှိမှာ မဟုတ်တော့ပါဘူး။

အခွင့်အရေးကောင်းတွေကို လက်လွှတ်ဆုံးရှုံးသွားပါလိမ့်မယ်

အချိန်ဆွဲ အဖတ်တင်

ကိုယ်က ပြီးမြောက်အောင် မလုပ်နိုင်တဲ့ ကိစ္စတစ်ခုကို အခြားတစ်ယောက်က ပြီးမြောက်အောင် လုပ်ဆောင်နိုင်တယ်ဆိုရင် အခွင့်အရေးကောင်းတွေသည် ထိုသူ့ဆီပဲ ရောက်ရှိသွားမှာဖြစ်ပြီး ကွီးတို့ကတော့ အခွင့်အရေးကောင်းတွေနဲ့ အပြီးတိုင် နှုတ်ဆက်သွားရပါလိမ့်မယ်။ အခွင့်အရေးကောင်းတွေသည် အောင်မြင်မှုတွေအတွက် လှေကားထစ်တွေပဲ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ အခွင့်အရေးကောင်းတွေကို မကြာခဏဆိုသလို လက်လွှတ်ဆုံးရှုံး ခံနေရမယ်ဆိုရင်တော့ ဘဝမှာ အောင်မြင်မှာ မဟုတ်တော့ပါဘူး။

ပြီးစလွယ်လေးနဲ့ ပြီးသွားပါလိမ့်မယ်

အချိန်ဆွဲ အဖတ်တင်

အချိန်ရှိတုန်းမှာ ကြိုလုပ်ထားမယ်ဆိုရင် ပြင်ဆင်ချိန်ပိုများပြီး ကိုယ့်အလုပ်ကို ရုပ်လုံးပိုကြွလာအောင် သ, လို့ရပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ နီးမှ ကောက်လုပ်မယ်ဆိုရင်တော့ ထိုအလုပ်သည် ပြီးစလွယ်လေးနဲ့ ပြီးသွားမှာပါ။ အများနဲ့ ယှဥ်ပြိုင်နေတဲ့ ခေတ်ကြီးထဲမှာ အလုပ်ရှင်တစ်ယောက်သည် ပြီးစလွယ် လုပ်ထားတဲ့အလုပ်နဲ့ သေသေချာချာ ပြင်ဆင် မှုန်းခြယ်ထားတဲ့အလုပ်ဆို ဘယ်အလုပ်ကို ရွေးမယ်လို့ ထင်ပါသလဲ။

ဘဝမှာ အချိန်ဆွဲ ရုံနဲ့ လုပ်ရမယ့်အရာက လျော့မသွားဘဲ တစ်ရက်ပြီးတစ်ရက် အသက်ကြီး လာတာပဲ အဖတ်တင် မယ်ဆိုတာကို သတိချပ်သင့်ပါပြီဗျို့။

Source: Chegg

Featured Image: Freepik