အမျိုးသားတိုင်း အကြောက်ဆုံးနဲ့ မဖြစ်ချင်ဆုံး ကျန်းမာရေး အခြေအနေတစ်ခုဟာ လိင်အင်္ဂါမသန်စွမ်းမှု ပြဿနာလို့ ပြောနိုင်ပါတယ်။ စစ်တမ်းတွေအရလည်း အမေရိကန်လူမျိုး အမျိုးသား သန်း ၃၀ ကျော်လောက်က ပန်းသေပန်းညှိုး ပြဿနာနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။ ပန်းသေပန်းညှိုး ပြဿနာဟာ စိတ်ဖိစီးမှု ၊ စိတ်ကျရောဂါ ၊ ဟော်မုန်းပြောင်းလဲမှု ၊ ဆေးလိပ်နဲ့ အရက်အလွန်အကျွံ သုံးစွဲမှုတွေအပြင် အစားအသောက် ၊ အနေအထိုင် မှားယွင်းမှုတွေနဲ့လည်း အများကြီး သက်ဆိုင်ပါတယ်။ ကွီးတို့အနေနဲ့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအ သောက်တွေကို ချင့်ချိန်စားသုံးပေးမယ်ဆိုရင်ပဲ ပန်းသေပန်းညှိုး ပြဿနာကို အထိုက်အလျောက်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ ကွီးတို့ရဲ့ ရွှေပန်းလေး လန်းဆန်းနေစေဖို့ စားသုံးပေးသင့်တဲ့ အစားအစာတွေအကြောင်းကို မျှဝေပေးပါမယ်။

(၁) ဘလက်ဘယ်ရီနဲ့ Flavonoid (ဖလေဗာနွိုက်) ကြွယ်ဝတဲ့ အစားအစာများ

Photo : Parade

လေ့လာမှုတစ်ခုအရ Flavonoid (ဖလေဗာနွိုက်) ကြွယ်ဝတဲ့ အစားအစာတွေကို ပုံမှန်စားသုံးပေးတာဟာ ED လို့ခေါ်တဲ့ ပန်းသေပန်းညှိုး ပြဿနာဖြစ်ပွားမှုကို လျော့ကျစေတယ်လို့ ဆိုပါတယ်။ ဘလက်ဘယ်ရီသီးမှာတော့ မတူညီတဲ့ Flavonoids (ဖလေဗာနွိုက်) အမျိုးအစား ၆ မျိုးအထိ ပါဝင်ပါတယ်။ ဘလက်ဘယ်ရီသီးအပြင် အနက်ရောင်ချောကလက် ၊ စတော်ဘယ်ရီသီး ၊ ဘလူးဘယ်ရီသီး ၊ ပန်းသီး ၊ သစ်တော်သီး ၊ လိမ္မော်သီးနဲ့ ဝိုင်နီတွေမှာလည်း Flavonoids (ဖလေဗာနွိုက်) ဓာတ် ကြွယ်ဝစွာပါဝင်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ အဆိုပါ Flavonoid (ဖလေဗာနွိုက်) ကြွယ်ဝတဲ့ အစားအစာတွေကို ပုံမှန်စားလေ့ရှိတဲ့ အမျိုးသားတွေဟာ ED ဖြစ်ပွားမှုကို ၉ ရာခိုင်နှုန်းကနေ ၁၁ ရာခိုင်နှုန်းအထိ လျော့နည်းစေကြောင်း တွေ့ရှိခဲ့ရပါတယ်။

(၂) ဟင်းနုနွယ်ရွက်နဲ့ အစိမ်းရင့်ရောင် အရွက်များ

dark leafy greens

Photo : Unlock Food

ဟင်းနုနွယ်ရွက် ၊ ကညွှတ် ၊ ဘရပ်ဆဲလ်ပင်ပေါက်နဲ့ မုန်ညင်းစိမ်းတွေလို အစိမ်းရင့်ရောင် အသီးအရွက်တွေမှာ ဖောလစ်အက်ဆစ်ဓာတ် မြင့်မားစွာပါဝင်ပါတယ်။ ဖောလိတ်ဓာတ်ဟာ ဗီတာမင် B9 ရဲ့မူလအရင်းမြစ်ဓာတ် တစ်မျိုးပါ။ လေ့လာမှုတစ်ခုအရ ပန်းသေပန်းညှိုး ပြဿနာရင်ဆိုင်နေရတဲ့ အမျိုးသားတွေဟာ ဖောလစ်အက်ဆစ်ဓာတ် မှီဝဲမှုနည်းပါးလေ့ရှိကြောင်း တွေ့ရှိရပါတယ်။ ဖောလစ်အက်ဆစ်ကို တိုးမြှင့်စားသုံးခြင်းဟာ ပန်းသေပန်းညှိုးခြင်းကို ကြိုတင်ကာကွယ်နိုင်သလို ပန်းသေပန်းညှိုးပြဿနာနဲ့ ရင်ဆိုင်နေရပါကလည်း သက်သာစေနိုင်ကြောင်း လေ့လာတွေ့ရှိချက်တွေမှာ ဖော်ပြထားပါတယ်။

(၃) ပီစတာချီယို ၊ သစ်ကြားသီး ၊ ဟေဇယ်နက် နဲ့ ဗာဒံစေ့များ

Pistachios, walnuts, hazelnuts, and almonds

Photo : Flickr

ပီစတာချီယို ၊ သစ်ကြားသီး ၊ ဟေဇယ်နက် နဲ့ ဗာဒံစေ့တွေလို အခွံမာသီးတွေကို စားသုံးပေးတာဟာ ပန်းသေပန်းညှိုး ပြဿနာကြုံတွေ့နေရတဲ့ အမျိုးသားတွေအတွက် အများကြီးအထောက်အကူ ဖြစ်စေတယ်လို့ လေ့လာမှုတွေမှာ ဖော်ပြထားပါတယ်။ ၃ ပတ်တာ သုတေသနပြုချက်တစ်ခုမှာ အခွံမာသီးတွေ ပုံမှန်စားသုံးတဲ့ အမျိုးသားတွေအနေနဲ့ လိင်အင်္ဂါသွေးစီးဆင်းမှု ပိုမိုကောင်းမွန်လာပြီး လိင်အင်္ဂါသန်မာမှု သိသိသာသာ တိုးလာစေတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ အခွံမာသီးတွေဟာ လိင်စိတ်ဆန္ဒကို တိုးစေပြီး ပိုမိုကောင်းမွန်တဲ့ လိင်မှုဘဝကို ရစေဖို့လည်း ကူညီပေးနိုင်ပါတယ်။

(၄) ငှက်ပျောသီး

Photo : Harvard Health

ငှက်ပျောသီးမှာ ပိုတက်စီယမ်ဓာတ် မြင့်မားစွာပါဝင်ပါတယ်။ ဒါ့အပြင် ငှက်ပျောသီးမှာ Flavonoids (ဖလေဗာနွိုက်) ဓာတ်တွေလည်း အများကြီးပါရှိပါတယ်။ လေ့လာမှုတွေအရ ၁၀ နှစ်တာကာလအတွင်း Flavonoids (ဖလေဗာနွိုက်) စားသုံးမှု အများဆုံးအမျိုးသားတွေဟာ ED ခံစားရနိုင်ချေ ၁၀ ရာခိုင်နှုန်း လျော့နည်းကြောင်း တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

(၅) ငါး

Fish

Photo : Seafood Nutrition Partnership

ငါးတွေမှာ ပါဝင်တဲ့ Omega-3 Fatty Acids ဓာတ်ဟာ သွေးစီးဆင်းမှုပိုမိုကောင်းမွန်စေပြီး လိင်အင်္ဂါသန်စွမ်းကျန်းမာမှုကို တိုးစေပါတယ်။ လေ့လာမှုတစ်ခုအရ ED ပြဿနာရင်ဆိုင်နေရတဲ့ အမျိုးသားတွေကို Omega-3 Fatty Acids မှီဝဲစေခြင်းဖြင့် လိင်အင်္ဂါပြန်လည်သန်စွမ်းမှုကို ရစေတယ်လို့ သုတေသီတွေက ဆိုထားပါတယ်။ တူနာငါး ၊ ဆာဒင်းငါး ၊ မက်ကရယ်ငါးနဲ့ ဆော်လမွန်ငါးတွေမှာ Omega-3 Fatty Acids ဓာတ်အမြင့်ဆုံး ပါဝင်ပါတယ်။

(၆) မြေပဲ

Peanuts

Photo : Medical News Today

မြေပဲဟာ L-arginine ဓာတ်အရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။ L-arginine ဆိုတာကတော့ ခန္ဓာကိုယ်က ပရိုတင်းတည်ဆောက်ဖို့အတွက် အသုံးပြုတဲ့ အမိုင်နိုအက်ဆစ်တစ်မျိုး ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်က လေ့လာမှုတစ်ခုအရ L-arginine ဟာ သွေးတွင်းနိုက်ထရစ်အောက်ဆိုဒ်ပမာဏကို မြှင့်တင်ပေးပြီး သွေးစီးဆင်းမှုကို တိုးစေခြင်းဖြင့် ပန်းသေပန်းညှိုး ပြဿနာကို ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပန်းသေပန်းညိုး ပြဿနာကို ကာကွယ်နိုင်ဖို့ မြေပဲ ၂ ဇွန်း ကနေ ၃ ဇွန်းခန့် ပုံမှန်စားပေးသင့်ပါတယ်။

အခုပြောပြပေးခဲ့တာကတော့ ကွီးတို့ရဲ့ ရွှေပန်းလေးလန်းနေစေဖို့ စားသုံးပေးသင့်တဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။ ကွီးတို့ ရွှေပန်းလေး ရဲ့  ကျန်းမာရေးဟာ ကွီးတို့စားသုံးတဲ့ အစားအစာတွေပေါ်မှာ မူတည်နေတယ်ဆိုတာ မမေ့ပါနဲ့ဗျ။

Featured Photo : Healthline