လူငယ်သဘာဝအရ လိင်မှုကိစ္စ တွေကို စူးစမ်းချင်တာ မမှားပါဘူး။ လိင်ဆက်ဆံမှုဆိုတာ စိတ်လှုပ်ရှားဖွယ်ကောင်းသော၊ အပြုသဘောဆောင်သော၊ ပျော်စရာကောင်းသော အတွေ့အကြုံ ဖြစ်သင့်ပါတယ်။ လူသားတွေရယ်လို့ ဖြစ်လာရင် လိင်မှုကိစ္စဟာ သဘာဝပါပဲ။ ဒီလို လူ့ဘဝအတွက် သာမာန်သဘာဝ အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်သော်လည်း သတိထားဆင်ခြင်မှုမရှိပါက အန္တရာယ်များကို ဖိတ်ခေါ်သလို ဖြစ်နိုင်ပါတယ်။ ဥပမာအားဖြင့် သတိထားဆင်ခြင်မှု မရှိသော လိင်မှုကိစ္စကနေ မလိုလားအပ်သော ကိုယ်ဝန်ရရှိခြင်း၊ HIV ကဲ့သို့သော လိင်မှတစ်ဆင့် ကူးစက်တတ်သော (STDs) ရောဂါများ ဖြစ်ပွားခြင်း၊ ကိုယ်တိုင်မသိရှိဘဲ ထိုရောဂါများကို ပြန့်ပွားမိစေနိုင်ခြင်း စသည်တို့ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာ ကွီးတို့အနေနဲ့ ရှော်တီလေးနဲ့ မိုင်ကုန်ကဲ ချင်တယ်ဆိုရင် လိင်မှုရေးရာမှာ သတိထားဆင်ခြင်ရမဲ့ အချက်လေးတွေကို ဝေမျှပေးချင်ပါတယ်။

အကာအကွယ် အသုံးပြုပါ

ရှော်တီလေးနဲ့ မိုင်ကုန်ကဲ

Photo : Health

ကွီးတို့ရေ လုံခြုံပြီး စိုးရိမ်ပူပန်မှုကင်းစေတဲ့ လိင်ဆက်ဆံမှု တစ်ခုဖြစ်ဖို့အတွက် အမြဲတမ်း ကွန်ဒုံးအသုံးပြုဖို့ လိုပါတယ်။ ကွန်ဒုံးအသုံးပြုခြင်းက နှစ်ဦးနှစ်ဖက်လုံး အတွက် ကောင်းကျိုးရှိစေပါတယ်။ ဒါ့အပြင် ကွန်ဒုံးအသုံးပြုခြင်းကြောင့် မလိုလားအပ်တဲ့ ကိုယ်ဝန်ရရှိခြင်းနဲ့ လိင်မှတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါများကို အထိုက်အလျောက် ကာကွယ်ပြီးသား ဖြစ်စေပါတယ်။ ကွန်ဒုံးအသုံးပြုတဲ့ နေရာမှာလည်း သတ်တမ်းကုန်ဆုံးနေခြင်း၊ ကွန်ဒုံးများ ပေါက်ပြဲနေခြင်း ရှိမရှိ သေချာ စစ်ဆေးပါ။ အကယ်၍ စေးကပ်နေသော သို့မဟုတ် အ‌ရောင်ပြယ်နေသော အထုပ်ထဲမှ ကွန်ဒုံးကို လုံးဝအသုံးမပြုပါနဲ့။ အရည်အသွေးပြည့်မှီသော ကွန်ဒုံးများကို အသုံးပြုပါ။ ဘယ်အချိန်မှာမဆို လိင်ဆက်ဆံမှု ပြုတိုင်း ကွန်ဒုံးကို မဖြစ်မနေ အသုံးပြုပါ။ ကွန်ဒုံးကို မှန်မှန်ကန်ကန် အသုံးပြုတတ်ဖို့လည်း လိုပါတယ်။

ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်ပါ

ရှော်တီလေးနဲ့ မိုင်ကုန်ကဲ

Photo : Times of India

ကွီးတို့ရေ ရေရှည်မှာ ရှော်တီလေးနဲ့ မိုင်ကုန်ကဲ ပြီး ကျန်းမာလုံခြုံတဲ့ လိင်မှုဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုရင် တစ်ယောက်အကြောင်း တစ်ယောက်သိအောင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်ပါ။ လက်ရှိ ကျန်းမာရေး အခြေအနေများနှင့် ကျန်းမာရေး အန္တရာယ်များအတွက် ရိုးရိုးရိုးသားသား ရှိပါစေ။ အနည်းဆုံး ကိုယ့်လက်တွဲဖော်ရဲ့ ကျန်းမာရေးအခြေအနေများကို သိရှိရမှာ ဖြစ်ပြီး ကိုယ်,ကိုယ်တိုင်ရဲ့ ကျန်းမာရေး အခြေအနေများကိုလည်း ပြောပြဆွေးနွေးပါ။ အဓိကကတော့ လိင်မှတစ်ဆင့် ကူးစက်တတ်သော (STDs) ရောဂါများနဲ့ ပတ်သတ်ပြီး ပွင့်လင်းရိုးသားမှု ရှိဖို့ လိုပါတယ်။

ပုံမှန် ဆရာဝန်နဲ့ ဆွေးနွေးပါ

Photo : Best Life

ဘယ်လောက်ပဲ လုံခြုံသော လိင်ဆက်ဆံမှုလို့ ဆိုပါစေ တစ်ယောက်နဲ့ တစ်ယောက် ထိတွေ့ဆက်ဆံကတည်းက ၁၀၀ ရာခိုင်နှုန်း လုံခြုံမှုရှိတယ်လို့ မဆိုနိုင်ပါဘူး။ ကိုယ်သတိမထားမိတဲ့ အချိန်မှာ မလိုလားအပ်တဲ့ ကျန်းမာရေး ပြဿနာများလည်း ဖြစ်ပေါ်နိုင်ပါသေးတယ်။ ဒါကြောင့် ကွီးတို့အနေနဲ့ ကျန်းမာရေးကို ဆရာဝန်နဲ့ အမြဲတိုင်ပင် ဆွေးနွေးသင့်ပါတယ်။ လိင်ပိုင်းဆိုင်ရာ အတွက်သာမက အလုံးစုံသော ကျန်းမာရေး ပြဿနာများအတွက် ပုံမှန်စစ်ဆေးခြင်းက ပြဿနာများကို စောစီးစွာသိရှိရန် အထိရောက်ဆုံး နည်းလမ်းဖြစ်ပါတယ်။

ကွီးတို့ရေ လိင်ဆက်ဆံမှုက သဘာဝ ဖြစ်သော်လည်းပဲ လိုက်နာသင့်တဲ့ အချက်တွေကို လိုက်နာမှသာ ရေရှည်မှာ ကျန်းမာရေး အတွက်ရော၊ လိင်မှုဘဝအတွက်ပါ လုံခြုံစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရှော်တီလေးနဲ့ ရေရှည်မှာ မိုင်ကုန်ကဲ ချင်ရင် အပေါ်က ဖော်ပြထားတဲ့ အချက်တွေကို လိုက်နာဖို့ မမေ့နဲ့နော်။

Source : Men’s Journal, Women’s Health

Featured Photo : Fatherly