ဘာ့ကြောင့် ပိုက်ဆံစုသင့်သလဲဆိုတဲ့ မေးခွန်းကို သင့်ကိုယ်သင် အခေါက်ခေါက် အခါခါ ပြန်မေးဖူးပါလိမ့်မယ်။ သင် လိုအပ်သမျှတွေကို ဝယ်ယူဖို့ရန်အတွက် ပေးချေရမယ့် ငွေရှိတယ်ဆိုရင် ဘာ့ကြောင့် တစ်လ တစ်လ ပိုက်ဆံ စုဖို့လိုမှာလဲ။ တကယ်တော့ ကိုယ့်ရဲ့ အနာဂတ် ရှေ့ရေး လှပဖို့အတွက် ပိုက်ဆံစု ခြင်း အလေ့အကျင့်သည် မွေးမြူထားသင့်တဲ့ အလေ့အကျင့်ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ ရှေ့ရေး ကောင်းစားဖို့အတွက် မဖြစ်မနေ ပိုက်ဆံစု သင့်တဲ့ အကြောင်းအရင်းများလည်းရှိပါတယ်။ ထိုအကြောင်းအရင်းများကတော့…

အရေးပေါ် အသုံးစရိတ်အတွက် စုထားပါ

reasons to save money

ကိုယ် မခန့်မှန်းနိုင်တဲ့ အရာတွေဆိုတာ ကိုယ် တကယ့်တကယ် ကြပ်တည်းလာချိန်မှာ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ဥပမာ ကျန်းမာရေး၊ အမှုပြဿနာ အရှုပ်အရှင်းများ စတဲ့ မမျှော်လင့်တဲ့ အခြေအနေများအတွက် ပိုက်ဆံများ ကုန်ကျရတော့မယ်ဆိုရင် ကိုယ့်ဆီမှာ စုထားတဲ့ပိုက်ဆံများ လုံလုံလောက်လောက်မရှိတဲ့အခါ အခက်တွေ့နိုင်ပါတယ်။ အတိုးနဲ့ ချေးငှားယူမယ်ဆိုရင်လည်း တချိန်ချိန်မှာ ကိုယ် ပြန်မဆပ်နိုင်ခဲ့ရင် ရှိသမျှစည်းစိမ်တွေအားလုံး ပြုတ်ပြုတ်ပြုန်းသွားပါလိမ့်မယ်။

ဒါ့ကြောင့် အရေးပေါ် လိုအပ်လာတဲ့ အသုံးစရိတ်တွေအတွက် ပိုက်ဆံများများစားစား စုထားမှသာလျှင် ကိုယ့်ဘဝအတွက် အဆင်ပြေမှာဖြစ်ပါတယ်။

မင်္ဂလာဆောင်ရန်အတွက် စုထားပါ

ရှေ့ရေး ပိုက်ဆံစု

ချစ်သူလေးလည်းရှိလာပြီ။ နှစ်ကိုယ်တူ ချစ်ကြိုက်ပြီး နှစ်ဦးသဘောတူမင်္ဂလာဆောင်ကြမယ်ဆိုရင် စုထားတဲ့ပိုက်ဆံလေးရှိထားမှ အဆင်ပြေမှာမဟုတ်လား။ နှစ်ဖက် မိဘအသိုင်းအဝိုင်းက ကျိကျိတက် ချမ်းသာနေရင်တော့ ပိုက်ဆံကိစ္စ ပူစရာမလိုပေမယ့် ကိုယ့်ထူး ကိုယ်ချွန်ရတဲ့လူငယ်တွေအဖို့တော့ လူကြီးမိဘများရဲ့ အကူအညီမယူဘဲ ကိုယ်တိုင်ကိုယ်ကျ ပိုက်ဆံစုထားမှသာလျှင် Pre-Wedding ကိစ္စတွေရော မင်္ဂလာဧည့်ခံပွဲအတွက်ပါ မျက်နှာပန်းလှမှာ ဖြစ်ပါတယ်။

သားသမီး ယူဖို့ရန်အတွက်နှင့် မွေးလာသောကလေးများရဲ့ ကျန်းမာရေး၊ ပညာရေးတို့အတွက် စုထားပါ

ရှေ့ရေး ပိုက်ဆံစု

နှစ်ဦးသား ချစ်ကြိုက်ပြီး မင်္ဂလာဆောင်၊ တစ်အိုးတစ်အိမ် ထူထောင်ပြီးတဲ့အခါ ကလေး ယူမှာလား၊ မယူဘူးလားဆိုတဲ့ အရေးကြီးတဲ့အရာဘက် ရောက်လာပြန်ပါပြီ။ ကလေး ယူဖို့အတွက်သည်လည်း လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင် မိခင်အနေနဲ့ ကိုယ်ဝန် ဆောင်နေချိန်မှာရော မီးဖွားချိန်မှာပါ အခက်အခဲမျိုးစုံ၊ နာကျင်မှုပေါင်းစုံကို ခံစားရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်နေချိန်၊ မီးဖွားချိန်၊ ကလေးမွေးပြီးနောက် ကလေးရဲ့ကိစ္စအဝဝအတွက် ထည့်စဉ်းစားဖို့လိုအပ်ပါတယ်။ သူ့အတွက်လည်း ဘဝကို ငယ်ငယ်ရွယ်ရွယ်နဲ့ ပိုက်ဆံကိစ္စ စိတ်ပူစရာမလိုဘဲ ဘဝကို ပျော်ပျော်ပါးပါး လွတ်လွတ်လပ်လပ် ဖြတ်သန်းသင့်တယ်မဟုတ်လား။ မိဘတိုင်းကလည်း သူတို့သားသမီးကို အကောင်းဆုံးသော အရာတွေသာ ပေးချင်ကြတာပါ။ ဒါ့ကြောင့် ကိုယ့်ဘက်က ချစ်ခြစ်မေတ္တာနှင့် ကျောင်းစရိတ်၊ ကျန်းမာရေးစရိတ် စသည်ဖြင့် ဘက်စုံက ဖြည့်ဆည်းပေးနိုင်ဖို့လိုအပ်ပါတယ်။ ထိုအကြောင်းပြချက်ကြောင့်လည်း ပိုက်ဆံစုသင့်တာဖြစ်ပါတယ်။

အသက်ကြီးလာတဲ့အချိန် အလုပ် မလုပ်နိုင်တော့တဲ့အချိန်အတွက် စုထားပါ

ရှေ့ရေး ပိုက်ဆံစု

Photo: Freepik

ဘဝကြီးမှာ ဘယ်အချိန်အထိ အသက်ရှင်နေထိုင်ရမလဲဆိုတာ မသေချာ မရေရာပေမယ့် အသက်အရွယ်ရလာပြီး ခြေကုန်လက်ပမ်းကျလာတဲ့အချိန်မှာ အလုပ် လုပ်နိုင်ဖို့ဆိုတာ မသေချာတော့ပါဘူး။ ဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ။

အလုပ်လုပ်နေစဉ်ကတည်းက အသက်ရလာပြီး ပင်စင်ယူချိန်မှာ နေထိုင်စားသုံးဖို့ရန်အတွက် လုံလောက်တဲ့ငွေပမာဏကို စုထားဖို့လိုအပ်ပါတယ်။ ကိုယ့်သားသမီးက ကိုယ့်ကို ပြန်ကြည့်မှာပဲဆိုတဲ့ မျှော်လင့်ချက်တော့ မထားတာကောင်းပါတယ်။ သူတို့သည်လည်း အချိန်တန်လို့ အိမ်ထောင်ကျလာတဲ့အခါ သူ့မိသားစုနဲ့သူ ဖြစ်သွားမှာပါ။ ထိုအခါ သူ့မိသားစုနဲ့သူ လုံးပမ်းနေရပြီး မိဘကို အလုံးစုံ ပြန်လှည့်ကြည့်နိုင်မှာမဟုတ်တဲ့အခြေအနေမျိုးလည်းရှိနိုင်ပါတယ်။ ငါ မွေးထားတဲ့ ငါ့ သားသမီးပဲ၊ ကျေးဇူးပြန်ဆပ်ရမှာပေါ့ ဆိုတဲ့ မျှော်လင့်ချက်မျိုးရှိတယ်ဆိုရင်တော့ ကလေး မယူတာအကောင်းဆုံးပါပဲ။ ကလေးတွေသည် သူတို့ရဲ့ စိတ်ဆန္ဒ မပါဘဲနှင့် သူတို့ရဲ့ ရွေးချယ်ပိုင်ခွင့်မရှိဘဲနဲ့ လူ့လောကအလယ်ထဲသို့ ရောက်ရှိလာကြတာဖြစ်ပါတယ်။ မိဘကျေးဇူး သိတတ်တဲ့ သားသမီးမျိုး ပိုင်ဆိုင်ထားရင်တော့ သင် ကံကောင်းပါလိမ့်မယ်။

ဒါ့ကြောင့် ကိုယ့် အသက်ကြီးလာချိန်မှာတော့ ဘယ်သူ့ ဘယ်သူကို မှီခိုမယ်ဆိုပြီး မျှော်လင့်မထားပါနဲ့။ ကိုယ် အလုပ်လုပ်နိုင်ချိန်မှာ ကိုယ့်ရဲ့ပင်စင်စရိတ်အတွက် ကိုယ့်ဘာသာစုထားဖို့လိုပါလိမ့်မယ်။

အိမ်ဝယ်ဖို့ရန်အတွက် စုထားပါ

reasons to save money

အိမ်ဝယ်ဖို့ရန်အတွက် ပိုက်ဆံ စုထားပါ။ ခရီးထွက်ရန်၊ ကားဝယ်ရန်နှင့် အခြားသော ဝယ်ချင်သော အရာများအတွက် စုထားပါ။ ကိုယ် လိုချင်တဲ့အရာများအတွက် ပိုက်ဆံစုထားခြင်းအားဖြင့် တချိန်ချိန်မှာ ကိုယ့်အတွက် အသုံးတည့်လာမှာဖြစ်ပါတယ်။

ပိုက်ဆံစုတာကတော့ ဟုတ်ပါပြီ။ ရတဲ့လစာကဖြင့် နှစ်ပဲ ခြောက်ပြားနဲ့ ဒီလောက် ငွေအများကြီး ဘယ်လိုလုပ် စုနိုင်မှာလဲဆိုပြီး မေးခွန်းထုတ်ဖွယ်ရာရှိပါလိမ့်မယ်။ ဒီလိုစဉ်းစားရကြပ်နေတဲ့ ကွီးတို့အတွက် ငွေစုဖို့အတွက် အကောင်းဆုံးနည်းလမ်းလေးကတော့ ၅၀ ၊ ၂၀၊ ၃၀ နည်းလမ်းကို အသုံးပြုခြင်းပဲဖြစ်ပါတယ်။

reasons to save money

ကိုယ့်ရဲ့လစာက ဘယ်လောက်ရသလဲ။ ၃ သိန်းလား၊ ၅ သိန်းလား၊ ၁၀ သိန်းလား၊ ၁၅ သိန်းလား။ ကိုယ့်ရဲ့ လုပ်ခလစာ ဘယ်လောက်ပဲရရ ထိုရတဲ့လစာရဲ့ ၅၀ ရာခိုင်နှုန်းကိုတော့ တစ်လစာရဲ့ နေ့စဉ် အသုံးစရိတ်တွေအတွက် ဖယ်ထားပါ။ ထို ၅၀ ရာခိုင်နှုန်းသည် မဖြစ်မနေ အသုံးပြုရမယ့် အသုံးစရိတ်ဖြစ်ပါတယ်။ ပြီးသွားရင်တော့ ၂၀ ရာခိုင်နှုန်းကို (လုံးဝ) မထိဘဲ စုထားရမှာဖြစ်ပါတယ်။ ကျန် ၃၀ ရာခိုင်နှုန်းကတော့ သင် ဘာတွေ လိုချင်သလဲ။ ဝယ်ချင်သလဲ။ စတာတွေအတွက် အသုံးပြုနိုင်ပါတယ်။

ပိုက်ဆံစုတဲ့နေရာမှာ အဓိကအရေးအကြီးဆုံးကတော့ တစ်လလုံး စိတ်ကြိုက်သုံးပြီးမှ ကျန်တဲ့ ငွေကို စုတာထက် ပိုက်ဆံစုပြီး ကျန်တဲ့ ငွေပမာဏကိုသာ အသုံးပြုရမှာဖြစ်ပါတယ်။ ဒီအချက်သည် ကိုယ့်ရဲ့ အနာဂတ် ရှေ့ရေး အတွက် ပိုက်ဆံစု တဲ့အခါ အရေးအကြီးဆုံးပဲဖြစ်ပါတယ်။

Source: Thebalance

Featured Image: Vecteezy