Muscle အမြောင်းမြောင်းထနေတဲ့ ကျစ်လစ်မာကျောတဲ့ လက်မောင်းကြွက်သားတစ်စုံ ပိုင်ဆိုင်ထားခြင်းဟာ ယောကျာ်းပီသတဲ့ အမျိုးသားတို့ရဲ့ လက္ခဏာရပ် တစ်ခုပါပဲ။ လက်မောင်းကြွက်သားတွေ တောင့်တင်းသန်မာပြီး ကြွက်သားအဖုအထစ်တွေ ဖြစ်နေဖို့ လေ့ကျင့်ခန်း ရွေးချယ်မှုပိုင်းက အဓိကကျပါတယ်။ ဒီဆောင်းပါးလေးမှာတော့ လက်မောင်းကြွက်သား တွေကို အဓိကပစ်မှတ်ထား ကစားချင်တဲ့ ကွီးတို့အတွက် ထိရောက်မှုအရှိဆုံး လေ့ကျင့်ခန်း နည်းတွေကို မျှဝေပေးချင်ပါတယ်။
(၁) Pushup

Photo : TheFitnessPhantom
လက်မောင်းကြွက်သား တွေအတွက် အဓိက ကစားမယ်ဆိုရင် Pushup လို့ခေါ်တဲ့ ဒိုက်ထိုးလေ့ကျင့်ခန်းက မပါမဖြစ်ပါပဲ။ Pushup ကို အချိန်နေရာမရွေး မည်သည့် အားကစားကိရိယာမှမလိုပဲ လွယ်လွယ်ကူကူ ကစားလို့ရပါတယ်။ ဒိုက်ထိုးခြင်းက လက်မောင်းကြွက်သားတွေအပြင် ရင်အုပ်ကြွက်သားနဲ့ ပခုံးအနောက်ဘက် ကြွက်သားတွေကိုပါ ထိရောက်မှု ရှိစေပါတယ်။ လက်မောင်းကြွက်သား တွေအတွက် ပိုပြီးထိရောက်မှု ရှိရှိကစားချင်တယ် ဆိုရင်တော့ Resistance Band ကိုအသုံးပြုပြီး ကစားနိုင်ပါတယ်။
(၂) Renegade Row

Photo : Coach Mag
ဒီလေ့ကျင့်ခန်း ကစားဖို့အတွက် Kettlebells အလေးတုံး ၂ တုံး လိုအပ်ပါတယ်။ ဒိုက်ထိုး Position အတိုင်း ပုံစံယူပြီး အလေးတုံး ကိုင်ထားတဲ့ လက်တစ်ဖက်စီကို အနောက်ဘက်သို့ ဘယ်/ညာ တစ်လှည့်စီ ဆွဲတင်ပေးရမှာ ဖြစ်ပါတယ်။ လက်မောင်းအနောက်ဘက်ကြွက်သားတွေနဲ့ ပခုံးကြွက်သားတွေကို ကြံ့ခိုင်သန်မာစေမယ့် အကောင်းဆုံး လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။
(၃) Pullups
Photo : DMoose
လက်မောင်းကြွက်သား အတွက်ဆို ဘယ်တော့မှ မဟောင်းနိုင်တဲ့ အထိရောက်ဆုံး လေ့ကျင့်ခန်းတစ်ခုကတော့ Pullups ပါပဲ။ ဘားတန်းတစ်ခုရှိရုံနဲ့ လွယ်ကူရိုးရှင်းစွာ ကစားလို့ရပါတယ်။ Pullups ဆွဲတဲ့အခါ ကွီးတို့ရဲ့ ခန္ဓာကိုယ်အလေးချိန်ထက် ကျော်လွန်ပြီး ပြင်းပြင်းထန်ထန်ကစားချင်တယ်ဆိုရင်တော့ Weight Vest သို့မဟုတ် အလေးပြားတွေ ချိတ်ဆွဲပြီး ကစားနိုင်ပါတယ်။
(၄) Kneel To Stand Overhead Press

Photo : Exercise Encyclopedia
ဒီလေ့ကျင့်ခန်းက ရိုးရှင်းသလောက် လက်မောင်းကြွက်သားတွေအတွက် အရမ်းကောင်းပါတယ်။ Dumbbell အလေးတုံး ၂ တုံးကို လက်တစ်ဖက်တစ်ချက်စီမှာ ကိုင်မြှောက်ထားကာ ဒူးထောက်လျက် အနေအထားကနေ မတ်တပ်အနေအထားသို့ ထပေးရမှာ ဖြစ်ပါတယ်။ ကွီးတို့ရဲ့ ခံနိုင်ရည်နဲ့ ကျွမ်းကျင်မှုပေါ်မူတည်ပြီး Dumbbell ရဲ့ အလေးချိန်ကို တိုးပြီး ကစားနိုင်ပါတယ်။
Featured Photo : Men’s Health

