ဂျာမနီအသင်းနည်းပြ ဂျူလီယန် နာဂယ်လ်မန်း ကတော့ ၂၀၂၆ ကမ္ဘာ့ဖလားအပြီးအထိ လက်ရွေးစင်အသင်းနဲ့ စာချုပ်သက်တမ်းတိုး လိုက်ပါပြီ။ အသက် ၃၆ နှစ်အရွယ် ဂျာမန်နည်းပြဟာ ၂၀၂၃ ခုနှစ် စက်တင်ဘာလထဲမှာ နည်းပြ ဟန်စီ ဖလစ်နေရာမှာ အစားထိုး ခန့်အပ်ခံခဲ့ရတာ ဖြစ်ပြီး အသင်းနဲ့အတူ ၆ ပွဲ ကိုင်တွယ်ခဲ့အပြီးမှာ ၃ ပွဲအနိုင်ရလဒ် ထွက်ပေါ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

Julian Nagelsmann

Photo : BBC

နာဂယ်လ်မန်းနဲ့ လက်ရွေးစင်အသင်းကြား ယခင်စာချုပ်သဘောတူညီမှုအရ ဂျာမနီကအိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ယူရို ၂၀၂၄ အပြီး ဇူလိုင်လထဲမှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပေမယ့် လက်ရှိမှာတော့ ဂျာမနီဘောလုံးအဖွဲ့ချုပ်ရဲ့ တာဝန်ယူရှိသူတွေက ဂျာမန်သားနည်းပြကို လက်ရွေးစင်အသင်းမှာပဲ ဆက်လက်တာဝန်ယူစေဖို့ ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။

” ဒါဟာ နှလုံးသားထဲကလာတဲ့ ဆုံးဖြတ်ချက်တစ်ခုပါ။ နိုင်ငံလက်ရွေးစင်အသင်းကို နည်းပြခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်” လို့ နာဂယ်လ်မန်း က ပြောကြားခဲ့ပါတယ်။

နာဂယ်လ်မန်းဟာ ယခုနွေရာသီမှာ ဘိုင်ယန်မြူးနစ်နည်းပြ သောမတ်တူချယ်နေရာမှာ အစားထိုးခန့်အပ်ဖို့ ချိတ်ဆက်မှုတွေ ရှိနေခဲ့တာပါ။ ဒါပေမယ့် နာဂယ်လ်မန်း ကတော့ ဘိုင်ယန်မှာ တူချယ်ရဲ့နေရာကို အစားထိုးဝင်ရောက်မယ့် အခွင့်အရေးကို ပယ်ချပြီး လက်ရွေးစင်အသင်းမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်ပါတယ်။

ဂျာမန်ဘောလုံးအဖွဲ့ချုပ် (DFB) ဥက္ကဋ္ဌ နူအန်ဒေါ့ဖ် ကတော့ ” နာဂယ်လ်မန်း ဟာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ဥရောပချန်ပီယံရှစ် ပြိုင်ပွဲတွေအပြီးမှာ နိုင်ငံနည်းပြအဖြစ် ဆက်လက်ရှိနေမှာဖြစ်ပြီး ဒါဟာ ဂျာမန်ဘောလုံးအဖွဲ့ချုပ် (DFB) နဲ့ နိုင်ငံအသင်းအတွက် ခိုင်မာတဲ့အချက်ပြမှု တစ်ခုဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ ဥရောပတစ်ဝှမ်းမှာရှိတဲ့ အသင်းကြီးတွေရဲ့ ဆန်ကာတင်စာရင်းမှာ ပါဝင်နေလို့ပါ ”

” အခုချိန်မှာ အသင်းမှာဆက်ရှိနေဖို့ အစီအစဉ်တွေရှိနေပြီဖြစ်ပြီး လူတိုင်းက ဥရောပချန်ပီယံရှစ်မှာ အောင်မြင်မှုရဖို့ စွမ်းဆောင်ရည်အပေါ် အပြည့်အဝအာရုံစိုက်နိုင်ကြပါပြီ ” လို့ ပြောကြားခဲ့ပါတယ်။

Julian Nagelsmann
Photo : The Athletic

ယခုလာမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲ အုပ်စုမဲခွဲမှု အပြီးမှာတော့ ဂျာမနီအသင်းဟာ အုပ်စု (A) မှာ စကော့တလန်၊ ဟန်ဂေရီနဲ့ ဆွစ်ဇာလန်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်ထားပါတယ်။ ဂျာမနီအသင်းဟာ လက်ရှိ ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် အကောင်းဆုံး ပြင်ဆင်မှုတွေနဲ့အတူ ပြင်သစ်နဲ့ နယ်သာလန်တို့ကို ခြေစမ်းပွဲတွေမှာ အနိုင်ရထားပြီးလာမယ့် ဇွန်လထဲမှာ ယူကရိန်း ၊ ဂရိအသင်းတွေနဲ့ ဆက်လက်ယှဉ်ပြိုင် ကစားသွားရမှာ ဖြစ်ပါတယ်။

Featured Photo : Eurosport