သင့်ရဲ့ ခန္ဓာကိုယ်က အနေအထား မမှန်တဲ့အခါ ကြွက်သားများပေါ်သို့ ဖိအား သွားသက်ရောက်တတ်ပြီး လည်ပင်းနဲ့ ပုခုံးများ နာကျင်ကိုက်ခဲတတ်ပါတယ်။ ဒီလိုမျိုး လည်ပင်း နဲ့ ပုခုံး တစ်ဝိုက်မှာ မကြာခဏ နာကျင်ကိုက်ခဲတတ်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်း များကို ပြုလုပ်ပေးနိုင်ပါတယ်။

လေ့ကျင့်ခန်း (၁)

လက်နှစ်ဖက်ကို ခန္ဓာကိုယ် ဘေးတစ်ဖက် တစ်ချက်စီတွင် ကပ်ထားကာ အသင့်အနေအထားဖြင့် မတ်တပ်ရပ်နေပါ။

ထို့နောက် ပုခုံးကို အပေါ်သို့ ကျုံ့လိုက်ကာ အနောက်သို့ စက်ဝိုင်းပုံသဏ္ဍာန် ဝိုက်လိုက်ပါ။

မူလအနေအထားအတိုင်း ပြန်နေပါ။

တစ်ဖန် ပုခုံးကို အပေါ်သို့ ပြန်ကျုံ့ကာ အရှေ့သို့ စက်ဝိုင်းပုံသဏ္ဍာန် ဝိုက်လိုက်ပါ။

ဒီအဆင့်အထိကို တစ်ကြိမ်လို့ သတ်မှတ်ပါမယ်။

စုစုပေါင်း ၁၀ ကြိမ် ၊ ၃ ကျော့ ခန့် ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၂)

အရင်ဦးဆုံး ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်အတိုင်း ချဲထားကာ လက်နှစ်ဖက်ကို ခန္ဓာကိုယ် ဘေးတစ်ဖက် တစ်ချက်စီမှ ကပ်ထားလိုက်ပါ။

ထို့နောက် လက်နှစ်ဖက်ကို အပေါ်သို့ ဖြည်းဖြည်းချင်းစီ မြှောက်လိုက်ပါ။ လက်မြှောက်လိုက်တဲ့အချိန်မှာ အသက်ပြင်းပြင်းရှူသွင်းလိုက်ပါ။

တစ်ဖန် လက်နှစ်ဖက်ကို ဖြည်းဖြည်းချင်းစီ မူလအနေအထားအတိုင်း ပြန်ချလိုက်ပါ။ ထိုအချိန်မှာ အသက် ရှူထုတ်လိုက်ပါ။

ထိုအဆင့်အထိကို တစ်ကြိမ်လို့ သတ်မှတ်ပါမယ်။ စုစုပေါင်း ၁၀ ကြိမ်၊ ၃ ကျော့ခန့် ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၃)

စောစောက လေ့ကျင့်ခန်းများအတိုင်းပဲ ခြေထောက်နှစ်ဖက်ကို ချဲထားကာ မတ်တပ်ရပ်ပါ။

ဒီတစ်ခါမှာတော့ လက်အနေအထားက ပြောင်းလဲသွားပါလိမ့်မယ်။ လက်နှစ်ဖက်ကို ပုခုံးအမြင့်အတိုင်း ဘေးနှစ်ဖက်သို့ ဆန့်တန်းထားလိုက်ပါ။

ထို့နောက် လက်နှစ်ဖက်ကို အရှေ့ဘက်သို့ ဝိုက်ချလိုက်ပါ။ ၁၀ ကြိမ်ပြုလုပ်ပါ။

တစ်ဖန် လက်နှစ်ဖက်ကို အနောက်သို့ ပြန်ဝိုက်ချလိုက်ပါ။ နောက်ထပ် ၁၀ ကြိမ် ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၄)

အရင်ဦးဆုံး ကြမ်းပြင်ပေါ်မှာ လေးဘက်ထောက်နေပါ။

ထို့နောက် ဦးခေါင်းကို အောက်သို့ ငုံ့ချလိုက်ပြီးနောက် လက်ပျဉ်နေရာက လုံးလုံးလေးဖြစ်သွားအောင် အပေါ်သို့ ပင့်တင်လိုက်ပါ။

တစ်ဖန် ခါးကို ပြန်ကော့ပြီး မျက်နှာကာ အပေါ်သို့ မော့လိုက်ပါ။

ဒီလိုမျိုး လက်ပျဉ် လုံးအောင် ပြုလုပ်လိုက်၊ ခါးပြန်ကော့လိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ပေးရပါမယ်။

လည်ပင်း နဲ့ ပုခုံး ရှိ အကြောအချဉ်များကို ပြေလျော့သွားစေမယ့် လေ့ကျင့်ခန်း တစ်ခုပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၅)

ခုံတစ်လုံးပေါ်မှာ ခါးမတ်မတ်ထားကာ ထိုင်နေပါ။

ထို့နောက် ခါးနှင့် ပုခုံးတို့ကို မရွေ့စေဘဲ ဦးခေါင်းကိုသာ အနောက်သို့ ရွေ့လိုက်ပါ။

တစ်ဖန် ဦးခေါင်းကို အရှေ့သို့ ဖြည်းဖြည်းချင်းစီ ပြန်ရွေ့လိုက်ပါ။

သင့်အနေနဲ့ ပထမဦးဆုံး ပြုလုပ်တဲ့အခါ အကူအညီလိုအပ်ပါက သင့်လက်ရဲ့ အကူအညီကို ရယူနိုင်ပါတယ်။

သင့်လက်က မေးစေ့ကို ထိထားကာ အရှေ့ပို့လိုက် အနောက်ပို့လိုက်ဖြင့် ပြုလုပ်နိုင်ပါတယ်။

အခုဖော်ပြသွားတဲ့ လေ့ကျင့်ခန်းများကတော့ လည်ပင်း နဲ့ ပုခုံး တို့ နာကျင်ကိုက်ခဲတတ်တဲ့ ကွီးတို့အတွက် အသုံးတည့်စေမယ့် ထိရောက်မှုရှိတဲ့ လေ့ကျင့်ခန်း များပဲဖြစ်ပါတယ်။

Source: Lifehack

Featured Image: Evolvedhealthchiropractic