ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်တွေရဲ့ ဒုကျော့ပွဲတွေ ပြန်လာပါပြီ။ ပကျော့ပွဲစဉ်တွေကတည်းက ရလဒ်ပိုင်း ပြတ်သားမှု ရှိခဲ့တဲ့ ပွဲတွေ ပါဝင်ခဲ့ရာ အဲ့ဒီပွဲတွေ ရီးယဲလ် နဲ့ ချဲလ်ဆီးအသင်းတို့ပွဲလည်း ပါဝင်နေပါတယ်။ မက်ဒရစ်မှာ ကစားခဲ့တဲ့ ပကျော့အတွင်း အိမ်ရှင် ရီးယဲလ်က (2-0)နဲ့ အနိုင်ရထားလို့ အခု လန်ဒန်က စတမ်းဖို့ဒ်ဘရစ်ချ်မှာ ပြန်ကစားရမယ့် ဒုကျော့မှာ ချဲလ်ဆီး ပြန်လာနိုင်လေဦးမလား?
Photo Credit : Chelsea Football Club
တကယ်တမ်းကျတော့ ချန်ပီယံလိဂ်ပြိုင်ပွဲဆိုတာ ထင်မှတ်မထားနိုင်တဲ့ ရလဒ်မျိုးတွေ ဖြစ်ပေါ်တတ်တဲ့ ပြိုင်ပွဲကြီး ဖြစ်သလို လမ်းပတ်ကိုယ်တိုင်ကတော့ စတမ်းဖို့ဒ် ဘရစ်ချ်မှာ ဘာမဆို ဖြစ်သွားနိုင်သေးတယ်လို့ ကြုံးဝါးထားတဲ့အတွက် ဘယ်လို ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ချင်စရာပါ။ ခက်တာက တစ်ဖက်က ပြိုင်ဘက်က ချန်ပီယံလိဂ် အထာကို ကောင်းကောင်း နှပ်နေတဲ့ ရီးယဲလ်။ ချန်ပီယံလိဂ်ရဲ့ အရှင်သခင်လို့တောင် တင်စားရနိုင်တဲ့ ရီးယဲလ်အသင်း။ နောက်ပြီး ချန်ပီယံလိဂ်မှာ စောဖေတို့က နောကြေနေပြီဆိုတဲ့ နည်းပြကြီး အန်စလော့တီရဲ့ အသင်း ဖြစ်နေတာတွေကြောင့် ချဲလ်ဆီးအတွက် ခက်ခဲနိုင်ပါတယ်။
Photo Credit : Eurosport
ဒီလို အသင်းမျိုးကို အနည်းဆုံး (၂)ဂိုးသွင်းထားနိုင်ဖို့ ဂိုးလည်း ပြန်မပေးရအောင် ကစားဖို့ဆိုတာက ချဲလ်ဆီးအတွက် အခက်ခဲဆုံး အရာ ဖြစ်လာနိုင်ပြီး လုံးဝ အခက်ခဲဆုံးကတော့ နောက်ဆုံး(၅)ပွဲအတွင်း (၁)ဂိုးသာ သွင်းယူထားန်ိုင်တဲ့ ချဲလ်ဆီးတိုက်စစ်က ရီးယဲလ်ဘက်ကို ဂိုးသွင်းယူဖို့ပါပဲ။ ချဲလ်ဆီးမှာ တိုက်စစ် ကစားသမားတွေ မကပဲနဲ့ တစ်သင်းလုံးနီးပါး form အောက်နေတာက ခံစစ်မှာလည်း ချီဝဲလ် အနီကတ်ထိထားတာ ၊ ကူလီဘလီ မပါဝင်နိုင်တာနဲ့ ဇန်နဝါရီမှ ခေါ်ယူထားပြီး ချန်ပီယံလိဂ် squad ထဲ မပါလာတဲ့ ဘာဒစ်အက်ရှီလီတို့ကြောင့်လည်း ချဲလ်ဆီးတို့ ခေါင်းခဲနိုင်ခြေ ရှိပါတယ်။
Photo Credit : Vbetnews
ဆိုတော့ကာ ကစားမှာတော့ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းပါပဲ။ ဒါပေမယ့် ချဲလ်ဆီးက အိမ်ကွင်းမှာ နောက်ဆုံး အနိုင်ရထားတဲ့ ဒေါ့မွန်နဲ့ ချန်ပီယံလိဂ် (၁၆)သင်းပွဲပါ။ အဲ့ဒီနောက်ပိုင်းမှာ ဗီလာကို အသင်းမျိုးတောင် (0-2)နဲ့ ရှုံးထားခဲ့တယ်။ တစ်ခုရှိတာက ချဲလ်ဆီး ဒီရာသီ ချန်ပီယံလိဂ် အိမ်ကွင်းပွဲတွေမှာ ရှုံးပွဲ မရှိသေးတာပါ။ ဒီ အချက်တစ်ခုက ချဲလ်ဆီးအတွက် ယုံကြည်ချက် ခပ်ယေးယေးလေး ရှိနေစေမှာပါ။ ဒါပေမယ့်လည်း နှစ်ကျော့ပေါင်းရလဒ်မှာတော့ ချဲလ်ဆီးက ရီးယဲလ်ကို ကျော်ဖြတ်သွားနိုင်ဖို့ဆိုတာ ဖြစ်နိုင်ခြေ တအားနည်းပါတယ်လို့ ယူဆမိပါတယ်။
Photo Credit : SuperSports