အပြေးလေ့ကျင့်ခန်းဟာ လူတိုင်းလုပ်နိုင်တဲ့ အရိုးရှင်းဆုံးနဲ့ အထိရောက်ဆုံး ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတစ်ခုပါ။ အပြေးလေ့ကျင့်ခန်းလို့ပြောတဲ့အခါ ကတ္တရာ သို့မဟုတ် ကွန်ကရစ်လမ်းပေါ်ပြေးတာနဲ့ Indoor မှာ ပြေးစက်တွေအသုံးပြုပြီး ပြေးတာကိုပဲ တော်တော်များများ လုပ်ဖြစ်ကြပါတယ်။ ဒီနည်းတွေနဲ့မတူပဲ နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ ပြေးနည်းတစ်ခုကတော့ သဲသောင်ပြင်ပေါ် တစ်နည်းအားဖြင့် ကမ်းခြေလို သဲမြေပြင်ပေါ်မှာ ပြေးတာပါ။ သဲမြေဟာ ခပ်ပျော့ပျော့ အနေအထားရှိတဲ့အတွက် အပြေးလေ့ကျင့်ခန်းလုပ်ရတာ လွယ်တယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ တကယ်တော့ သဲမြေပြင်မှာ ပြေးတာက ရိုးရိုးလမ်းပေါ်ပြေးတာထက်ကို ပိုခက်ခဲပြီး Energy ၁.၆ ဆ ပိုသုံးရတယ်လို့ သုတေသီတွေက ဆိုထားပါတယ်။ မြေပျော့ဖြစ်တဲ့အတွက် ခန္ဓာကိုယ်ကို ပိုမိုတည်ငြိမ်အောင်ထိန်းရသလို ခြေထောက်က သဲမြေထဲနစ်ဝင်သွားတဲ့အတွက် ရှေ့ကိုခြေတစ်လှမ်း,လှမ်းနိုင်ဖို့ အားပိုသုံး ရုန်းရတာ ဖြစ်ပါတယ်။ သဲထဲပြေး တာဟာ ရိုးရိုးလမ်းပေါ်ပြေးတာထက် ပိုခက်ခဲသလို အကျိုးကျေးဇူးတွေကလည်း တကယ့်ကို အံ့မခန်းပါပဲ။ ကဲဒါဆို သဲထဲအပြေးလေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် ရရှိနိုင်မယ့် ကောင်းကျိုးတွေကို လေ့လာကြည့်ရအောင်ပါ။

(၁) ကြွက်သားတွေကို ပိုသန်မာလာစေတယ်

သဲထဲပြေး

Photo : The Washington Post

မြေအမာပေါ်ပြေးတာထက် မြေအပျော့မှာပြေးတာက ကြွက်သားတွေရဲ့ လှုပ်ရှားမှုကို ပိုမိုစိုက်ထုတ်ရပါတယ်။ အထက်မှာပြောခဲ့သလို သဲမြေအပျော့ဟာ ခြေထောက်ကို နစ်မြုပ်စေပြီး ဆွဲငင်ထားတဲ့အတွက် ရှေ့ကိုတစ်လှမ်းပိုရောက်ဖို့ စွမ်းအင်များများ အားစိုက်ထုတ်ကာ လှုပ်ရှားရတာကြောင့် ကြွက်သားတွေ ပိုမိုသန်မာလာစေမှာပဲ ဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ ခြေကျင်းဝတ် ၊ ခြေသလုံး ၊ ပေါင်နဲ့ ဝမ်းဗိုက်ကြွက်သားတွေအပေါ်မှာပါ ထိရောက်မှုရှိစေတဲ့အပြင် ခန္ဓာကိုယ်ရဲ့ ဟန်ချက်ညီမှုကို တိုးစေပါတယ်။

(၂) ဒဏ်ရာရနိုင်ခြေ နည်းတယ်

သဲထဲပြေး

Photo : OriGym

မြေအမာ တစ်နည်းအားဖြင့် လမ်းပေါ်မှာပြေးတာဟာ အကွာအဝေးများလာတာနဲ့အမျှ အရိုးအဆစ်နဲ့ ကြွက်သားတွေပေါ်မှာ ဒဏ်ဖြစ်လာနိုင်ပြီး ဒဏ်ရာရနိုင်ခြေလည်း တိုးစေနိုင်ပါတယ်။ အပြေးလေ့ကျင့်ခန်းဟာ High-Impact Activity တစ်ခုဖြစ်တာကြောင့် မြေပြင်ကအမာဖြစ်နေတဲ့အခါ ခန္ဓာကိုယ်အပေါ် ဖိအားပိုများလာပြီး Injuries ရနိုင်ခြေ ပိုလာစေပါတယ်။ သဲထဲပြေး တာကတော့ မြေပြင်အမာတွေထက်စာရင် ပိုမိုပျော့ပျောင်းမှုရှိတဲ့အတွက် ကြွက်သားနဲ့အရိုးအဆစ်တွေအပေါ်ဖိအားနည်းပြီး ထိခိုက်ဒဏ်ရာနဲ့ နာကျင်မှုတွေ နည်းစေတယ်လို့ သုတေသီတွေက ကောက်ချက်ချထားပါတယ်။

(၃) ကယ်လိုရီပိုမို လောင်ကျွမ်းစေတယ်

သဲထဲပြေး

Photo : running.COACH Blog

သဲမြေပြင်မှာ ပြေးတဲ့အခါ ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေက ပိုပြီး လှုပ်ရှားရပါတယ်။ သဲထဲမှာ ခပ်နှေးနှေးပဲ ပြေးသည်တိုင် ကြွက်သားနဲ့ နှလုံးက ပိုမို အလုပ်လုပ်ရပါတယ်။ ရလဒ်အနေနဲ့ကတော့ သဲထဲပြေး တာဟာ လမ်းပေါ်ပြေးတာထက် ကယ်လိုရီပိုမို လောင်ကျွမ်းမှုကို ဖြစ်စေပါတယ်။ လမ်းပေါ်ပြေးတာနဲ့ယှဉ်ရင် ကယ်လိုရီဘယ်လောက်များများ ပိုလောင်ကျွမ်းစေတယ်ဆိုတာကိုတော့ အတိအကျမပြောနိုင်ပေမယ့် သဲထဲပြေးတာက စွမ်းအင် ၁.၆ ဆ ပိုသုံးရတဲ့အတွက် ပျှမ်းမျှအနေနဲ့ တွက်မယ်ဆိုရင် လမ်းပေါ် မိနစ် ၃၀ ပြေးလို့ ကယ်လိုရီ ၄၀၀ ခန့် လောင်ကျွမ်းပါက သဲပေါ်ပြေးတဲ့အခါ ကယ်လိုရီ ၆၄၀ ခန့် လောင်ကျွမ်းနိုင်တယ်လို့ ယူဆလို့ရပါတယ်။

(၄) သက်လုံပိုကောင်းစေတယ်

သဲထဲပြေး

Photo : Salvo Magazine

အပြေးလေ့ကျင့်ခန်းတိုင်းကတော့ သက်လုံစွမ်းအားကို မြှင့်တင်ပေးပါတယ်။ ဒါပေမယ့် သဲထဲပြေး တာဟာ ခန္ဓာကိုယ်ဟန်ချက်ကို ထိန်းရသလို စွမ်းအင်ပိုသုံးရတဲ့အတွက် သက်လုံပိုင်းမှာအရမ်းကို အကျိုးရှိပါတယ်။ ဒါတင်မကသေးပါဘူး ကြံ့ခိုင်မှုနဲ့ သန်မာမှုခွန်အားတွေကိုလည်း တိုးစေတဲ့အတွက် အားကစားသမားတွေအနေနဲ့ သက်လုံကောင်းကောင်းနဲ့ အားကစားစွမ်းဆောင်ရည် တိုးတက်ချင်တယ်ဆိုရင် သဲထဲမှာအပြေးလေ့ကျင့်ခန်း လုပ်သင့်ပါတယ်။

အပြေးလေ့ကျင့်ခန်းကတော့ ငွေအကုန်အကျနည်းနည်းနဲ့ အချိန်နေရာမရွေး လူတိုင်းလုပ်နိုင်တဲ့အကောင်းဆုံး လေ့ကျင့်ခန်းဖြစ်ပါတယ်။ ကွီးတို့ရော လမ်းပေါ်ပြေးတာနဲ့ သဲထဲပြေးတာမှာ ဘယ်ပြေးနည်းကို ပိုပြီးသဘောကျလဲဆိုတာ ကွန်းမန့်မှာ မှတ်ချက်ပေးခဲ့ပါဦးဗျ။

Featured Photo : Runnerclick