အဝတ်အစား ဖက်ရှင်များကို သူ့နေရာနဲ့သူ လိုက်ဖက်အောင် ဝတ်စားတတ်ခြင်းသည် ကွီးတို့ကို စတိုင်လ်ကျကာ လှပစေမှာအမှန်ပါပဲ။ ရုံးတက် ရုံးဆင်းဖက်ရှင်၊ ပွဲတက်ဖက်ရှင်တွေဆိုရင် Formal ကျကျ ဝတ်ဆင်ဖို့ လိုအပ်ပြီး ထသွားထလာ ပုံစံမျိုးဆိုရင်တော့ ပေါ့ပေါ့ပါးပါး ဖက်ရှင်တွေကိုသာ ရွေးချယ်သင့်ပါတယ်။ ကွီးတို့အနေနဲ့ ပေါ့ပေါ့ပါးပါး ဖက်ရှင်တွေကို ရွေးချယ်ဝတ်ဆင်ပြီး လမ်း ထွက်ကာ ရှိုးထုတ် မယ်ဆိုရင်တော့ ပျိုမေလေးတွေ သမင်းလည်ပြန် ဝိုင်းငေးတာကို ခံရမှာပါ။
ပေါ့ပေါ့ပါးပါး ဖက်ရှင်လေးဆိုပေမယ့် တွေ့ကရာ ကောက်စွပ်ရတာမျိုး မဟုတ်ပါဘူး။ ဖက်ရှင်ကျဖို့ အများကြီး အားမစိုက်ထုတ်ထားသယောင်နဲ့ အားစိုက်ရမယ့် ဖက်ရှင်တစ်ခုပါ။ ဆိုလိုတာကတော့ ကွီးတို့က လူမသိအောင် ပဲများထားရမှာဖြစ်ပါတယ်။
ဘယ်လိုဖက်ရှင်မျိုးက ကွီးတို့ လမ်း ထွက်တဲ့အခါ စတိုင်လ်ကျကျနဲ့ ရှိုးထုတ် လို့ရအောင် ကူညီပေးမလဲဆိုတော့…
(၁) ရှပ်အဖြူနဲ့ ဘောင်းဘီအကြပ် ဖက်ရှင်
ဒီဖက်ရှင်ကတော့ ကြည့်လိုက်ရင်သာ ဘာမှမဟုတ်တာပါ။ ဝတ်ဆင်ထားသူအဖို့ ပေါ့ပေါ့ပါးပါးနဲ့ သက်သောင့်သက်သာရှိစေပြီး စတိုင်လ်ကျစေပါတယ်။ ရှပ်အဖြူက မီးပူမတိုက်ထားဘဲ တွန့်ကြေနေတာမျိုးမဟုတ်ဘဲ မီးပူတိုက်ထားတဲ့ပုံစံကိုမှ ဖြူဖွေးသန့်ပြန့်နေတဲ့အသွင်ဆိုရင် ဆော်ပိုကြည်မှာပါ။
(၂) ပန်းပွင့်ပုံ ရိုက်နှိပ်ထားတဲ့ ရှပ်အင်္ကျီ
ပေါ့ပါးလွတ်လပ်တဲ့ အသွင်မျိုးကို ပေးစွမ်းနိုင်တဲ့ ဖက်ရှင်မျိုးပါ။ ဘောင်းဘီက မပွ မကြပ်လေးကိုမှ ခြေမျက်စိနားမှာ ကြိုးကို ဆွဲတင်းကာ ဝတ်ဆင်ရမှာပဲဖြစ်ပါတယ်။ Sneakers အဖြူရောင်လေးပါ တွဲဝတ်လိုက်ရင်တော့ ဘာပြောကောင်းမလဲ။ ဖက်ရှင်ကျလွန်းလို့ ယောကျာ်းသားအချင်းချင်းတောင် အားကျရပါလိမ့်မယ်။
(၃) ဘောင်းဘီတိုဖက်ရှင်
စောစောက ဖက်ရှင်စတိုင်လ်လေးကိုမှ ဘောင်းဘီတိုနဲ့ တွဲဖက်ဝတ်ဆင်ရမယ့် ဖက်ရှင်ပဲဖြစ်ပါတယ်။ ဘော်ဒါတွေနဲ့ ချိန်းထားရင်ပဲဖြစ်ဖြစ်၊ ဟိုနားဒီနားသွားတဲ့အခါပဲဖြစ်ဖြစ် ကွီးတို့ကို ပေါ့ပေါ့ပါးပါးနဲ့ ဖက်ရှင်ကျနေစမှာပါ။
(၄) ဘောင်းဘီတိုကိုမှ ခါးပတ် ဝတ်ထားတဲ့ ဖက်ရှင်စတိုင်လ်
ဒီဖက်ရှင်ကို ဝတ်မယ်ဆိုရင်တော့ ရှပ်အင်္ကျီကို တစ်ခြမ်း အထဲ ထည့်ထားပြီး ကျန်တစ်ခြမ်းကို အပြင်ထုတ်ထားလိုက်ပါ။ စုံလိုက်ကြီး အထဲ ထည့်ထားမယ်ဆိုရင် ကြည့်ရတာ ဟိုမရောက် ဒီမရောက်ဖက်ရှင်ကြီးလိုမျိုး ဖြစ်နေပြီး ဖက်ရှင်ကျတော့မှာမဟုတ်ပါဘူး။ ဘောင်းဘီတိုကို ခါးပတ်နဲ့ တွဲဝတ်မယ်ဆိုရင် ရှပ်အင်္ကျီ တစ်ခြမ်းကို အထဲထည့်ထားလိုက်ပါ။
(၅) ပိုလိုရှပ် ဖက်ရှင်
ပိုလိုရှပ် အင်္ကျီများကတော့ ကွီးတို့ကို လူငယ်ဆန်ဆန်နဲ့ ကြည့်ကောင်းစေမယ့် ဖက်ရှင်တစ်ခုပဲဖြစ်ပါတယ်။ ပိုလိုရှပ်ကို အဖြူရောင်ရှပ် ရွေးထားပြီး ဘောင်းဘီကိုတော့ အနက်ရောင် ရွေးချယ်လိုက်မယ်ဆိုရင် အဖြူ အနက်ရဲ့ ရိုးရှင်းပေမယ့် ဖက်ရှင်ကျတဲ့ အသွင်ကို ရရှိပိုင်ဆိုင်သွားမှာပဲဖြစ်ပါတယ်။ Sneakers ဖိနပ်ကိုလည်း တခြားအရောင် ရွေးမယ့်အစား အဖြူရောင် ရွေးမယ်ဆိုရင်တော့ ပိုပြီး လိုက်ဖက်တဲ့အသွင်ကို ပိုင်ဆိုင်ရမှာပါ။
ကွီးတို့ရော ထသွားထလာ ဖက်ရှင်မျိုးဆိုရင် ဘယ်လိုမျိုးကို ရွေးချယ်ဝတ်ဆင်လေ့ရှိပါသလဲ။
Source: Pinterest
Featured Image: Perkclothing