လာလီဂါကလပ် ရီးရဲလ်ဘက်တစ် အသင်းကတော့ လာမယ့် နွေရာသီအပြောင်းအရွှေ့မတိုင်မီ မန်ချက်စတာ ယူနိုက်တက် ဂိုးသမားဟောင်း ဒေးဗစ် ဒီဂီယာ ကို အလွတ်ပြောင်းရွှေ့ကြေး ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

David de Gea

Photo : Goal.com

ဒီဂီယာ ဟာ ၂၀၂၂ /၂၀၂၃ ဘောလုံးရာသီအကုန်မှာ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာခဲ့ပြီးကတည်းက အသင်းလက်မဲ့ ဖြစ်နေခဲ့တာပါ။ ဆော်ဒီပရိုလိဂ်ကလပ်တွေ အပါအဝင် နောက်ဆုံး အပြောင်းအရွှေ့ဈေးကွက် ၂ ခုအတွင်းမှာ ထိပ်သီးကလပ်အသင်း တော်တော်များများရဲ့ ကမ်းလှမ်းမှုတွေ ရှိခဲ့ပေမယ့် စပိန်ဂိုးသမား ကတော့ ကမ်းလှမ်းမှု အားလုံးကို ပယ်ချခဲ့တာ ဖြစ်ပါတယ်။

ယခုအခါ Estadio Deportivo သတင်းဌာနရဲ့ ဖော်ပြချက်အရ ရီးရဲလ်ဘက်တစ်အသင်းက သရဲနီကြယ်ပွင့်ဟောင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် ဒီဂီယာ ဟာ လာမယ့်ရာသီမှာ ဘောလုံးလောကထဲကို တဖန်ပြန်လည်ရောက်ရှိလာနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်လျက်ရှိနေတာ ဖြစ်ပါတယ်။

အသက် ၄၁ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ရီးရဲလ်ဘက်တစ် ဂိုးသမား ဘရာဗိုဟာ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာဖွယ် ရှိနေတာကြောင့် စပိန်လက်ရွေးစင်ကို အစားထိုး ခန့်အပ်ဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလတုန်းက စပိန်သတင်းစာ Mundo Deportivo ရဲ့ ဖော်ပြချက်အရတော့ ဘဏ္ဍာရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ စပိန်ဘီလူးကြီး ဘာစီလိုနာအသင်းအနေနဲ့လည်း အသက် ၃၃ နှစ်အရွယ် ဂိုးသမားကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

David de Gea

Photo : TEAMtalk

လာလီဂါကလပ်အသင်း ၂ ခုရဲ့ အားပြိုင်မှုကြား ယူနိုက်တက် ဂိုးသမားဟောင်း ဒေးဗစ် ဒီဂီယာ ရဲ့ အပြောင်းအရွေ့က ဘယ်လိုဆက်ဖြစ်လာမလဲ ဆိုတာတော့ စိတ်ဝင်စားဖွယ် ဆက်လက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Featured Photo : Goal.com