မကြာခင်မှာပဲ နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်ကို ရောက်ရှိလာပါတော့မယ်။ ဒီနှစ်မှာ ကွီးတို့ စိတ်ကျေနပ်လောက်စရာ ပြောင်းလဲ တိုးတက်မှုတွေ ရရှိခဲ့ပါသလား။ ဒါမှမဟုတ် လာမဲ့နှစ်သစ်မှာ ကိုယ့်ဘဝအတွက် ဖြစ်စေ၊ ကိုယ်ကိုယ်တိုင်အတွက် ဖြစ်စေ ပိုပြီး တိုးတက်အောင်မြင် စေဖို့ ဘယ်လိုအရာတွေ ပြုပြင်ရမလဲဆိုတာ ရှာဖွေနေပါသလား။ ဒီဆောင်းပါးလေးမှာတော့ လာမဲ့နှစ်သစ်မှာ ကွီးတို့ ဘဝကို အခုထက်ပိုပြီး တိုးတက် အောင်မြင်စေဖို့ အခုထဲက လိုက်နာကျင့်သုံး ရမဲ့ အချက်တွေကို ဝေမျှပေးချင်ပါတယ်။

မနက်ခင်းကို သေချာစွာ စတင်ပါ

လာမဲ့နှစ်သစ်မှာ ဘဝကို တိုးတက်

Photo : Small Business Trends

တစ်နေ့တာလုံးအတွက် မနက်ခင်း စတင်မှုပုံစံက အရေးကြီးပါတယ်။ ကွီးတို့အနေနဲ့ မနက်ပိုင်းမှာ အလုပ်မသွားခင် နံနက်စာစားခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း နဲ့ တစ်နေ့တာ လုပ်ဆောင်စရာရှိတာများကို စာရင်းပြုစုခြင်း စတဲ့ လုပ်ဆောင်စရာများကို သေချာစွာ လုပ်ဆောင်ဖို့ အချိန်လုံလောက်စွာ ရှိသင့်ပါတယ်။ ဒါ့မှသာ ကွီးတို့ တစ်နေ့တာလုံးအတွက် လုပ်ငန်းဆောင်တာများကို သေချာစွာလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ အချိန်လုံလောက်မှုမရှိလို့ မနက်စာ မစားဖြစ်ခြင်းကလည်း ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်နိုင်ပါတယ်။

အချိန်မဆွဲပါနဲ့

လာမဲ့နှစ်သစ်မှာ ဘဝကို တိုးတက်

Photo : Forbes

ကွီးတို့ရေ ဒီနှစ်မှာရော အချိန်နဲ့ ပတ်သတ်ပြီး သေချာစွာ လိုက်နာခဲ့ပါသလား။ အချိန်ကို လေးစားခြင်း ကိစ္စတစ်ခုခုကို အချိန်မဆွဲပဲ လုပ်ဆောင်တတ်ခြင်းက ကွီးတို့ ဘဝရဲ့ တိုးတက်အောင်မြင်မှုကို ရရှိနိုင်ဖို့ အဓိက သော့ချက်တစ်ခုပါပဲ။ မိမိ လုပ်ဆောင်စရာရှိတဲ့အရာများကို အချိန်မဆွဲပဲ လုပ်ဆောင်ပါ။ ကွီးတို့အားလုံး သိပြီးသားဖြစ်တဲ့ အမေရိကန် စွန့်ဦးတီထွင်သူ ၊ စီးပွားရေးလုပ်ငန်းရှင် ၊ မီဒီယာပိုင်ရှင် နှင့် ရင်းနှီးမြှုပ်နှံသူ Steven Jobs ဟာ “မင်းရဲ့အချိန်တွေကို မဖြုန်းတီးပါနဲ့”ဟူ၍ အချိန်နဲ့ ပတ်သတ်ပြီး အလေးထားသင့်ကြောင်း စကားဆိုခဲ့ပါတယ်။ ဒီကမ္ဘာပေါ်မှာ အောင်မြင်မှုရရှိခဲ့တဲ့ လူတော်တော်များများဟာ အချိန်နဲ့ ပတ်သတ်ပြီး တင်းကျပ်တဲ့ စည်းကမ်းတွေကို ကိုယ်တိုင်ချမှတ်ပြီး တန်ဖိုးထားလိုက်နာကြပါတယ်။ ဒါကြောင့် လာမဲ့နှစ်သစ်မှာ ကွီးတို့ ဘဝကို ပိုမို တိုးတက် ကောင်းမွန်စေဖို့ အချိန်ကို လေးစားတန်ဖိုးထားပြီး အသုံးချဖို့ လိုပါတယ်။

အဆိုးမြင်စိတ်တွေကို ဖယ်ရှားပါ

လာမဲ့နှစ်သစ်မှာ ဘဝကို တိုးတက်

Photo : Life ‘N’ Lesson

အဆိုးမြင်စိတ်တွေ သို့မဟုတ် အပျက်သဘောဆောင်တဲ့ အတွေးတွေက ကွီးတို့အတွက် ဘာမှ အကျိုးမရှိစေဘူး ဆိုတာ သဘောပေါက်ရပါမယ်။ အပျက်သဘောဆောင်တဲ့ အတွေးတွေက ကွီးတို့ရဲ့ ကိုယ်ကိုယ်ကို ယုံကြည်မှု၊ တန်ဖိုးထားမှုတွေကို လျော့ကျစေနိုင်ပါတယ်။ အပျက်သဘောဆောင်တဲ့ အဆိုးမြင်စိတ်တွေကို ကွီးတို့အနေနဲ့ တစ်နေ့တာအတွက် အပြုသဘောဆောင်တဲ့ အတွေးတွေနဲ့ ပြောင်းလဲလိုက်ရုံပါပဲ။ “ငါမအောင်မြင်နိုင်ဘူး” စတဲ့ အပျက်သဘောဆောင်တဲ့ အတွေးတွေကို “ငါလည်းကြိုးစားရင် ဖြစ်တာပဲ” “ငါလည်း အောင်မြင်အောင် လုပ်နိုင်တယ်” စတဲ့ အပြုသဘောဆောင်တဲ့ အတွေးတွေနဲ့ အစားထိုးပါ။

အသစ်အသစ်သော အရာများကို သင်ယူပါ

လာမဲ့နှစ်သစ်မှာ ဘဝကို တိုးတက်

Photo : Wallpaper Flare

ကွီးတို့ရေ ကမ္ဘာကြီးက နေ့စဉ်နဲ့ အမျှပြောင်းလဲ တိုးတက်နေတာဖြစ်တဲ့ အတွက် ကွီးတို့လည်း ပြောင်းလဲတိုးတက်နေဲ့ ကမ္ဘာကြီးနဲ့ လူ့အဖွဲ့အစည်းကို လိုက်လျောညီထွေ ဖြစ်အောင် အသစ်အသစ်သော ကျွမ်းကျင်မှုတွေကို အမြဲလေ့လာနေဖို့ လိုပါတယ်။ ဘာသာစကား အသစ်ကို ဖြစ်စေ၊ အတတ်ပညာ အသစ်တစ်ခုခုကို ဖြစ်စေ အမြဲလေ့လာသင်ယူနေပါ။ ဒီအချက်ကလည်း လာမဲ့နှစ်သစ်မှာ ကွီးတို့ ဘဝကို ပိုမို တိုးတက် ကောင်းမွန်စေဖို့ အထောပ်အကူပြုပါလိမ့်မယ်။

အတိတ်က ကျရှုံးမှုတွေကို စွန့်လွှတ်လိုက်ပါ

life success

Photo : Leading Authorities

လူတချို့မှ ၎င်းတို့ ဘဝတိုးတက်အောင်မြင်မှု မရရှိခြင်းက အတိတ်က ဆုံးရှုံးမှုတွေ၊ ကျရှုံးမှုတွေထဲက ရုန်းမထွက်နိုင်သေးဘဲ ဘယ်အရာမှ ယုံကြည်ချက်ရှိရှိ ပြန်လည် အစမပျိုးနိုင်တာကြောင့် ဖြစ်ပါတယ်။ အမှန်တကယ်တော့ ကာလ (၃) ပါးထဲမှာ အတိတ်က ပြီးဆုံးသွားပါပြီ။ ပြန်လည်တမ်းတနေလို့လည်း ပြန်မရနိုင်တော့ပါဘူး။ အောင်မြင်မှုတွေ၊ တိုးတက်မှုတွေ ရနိုင်ဖို့အတွက် အတိတ်ကအမှားတွေ၊ ကျရှုံးမှုတွေကနေ သင်ခန်းစာ ယူတတ်ဖို့ပဲ လိုပါတယ်။ ဒီနှစ်ထဲမှာ ကွီးတို့အတွက် ကျရှုံးမှုတွေ အမှားတွေ ရှိကောင်းရှိခဲ့နိုင်ပါတယ်။ ထိုအရာတွေကနေ သင်ခန်းစာယူပြီး လာမဲ့နှစ်သစ်မှာ ကွီးတို့ ဘဝကို ပိုမို တိုးတက် ကောင်းမွန်စေဖို့ အသုံးချလိုက်ပါ။

စိတ်အားထက်သန်မှုနဲ့ ကြိုးစားမှု ရှိပါစေ

life success

Photo : Forbes

ဘယ်အရာကိုမဆို တိုးတက် အောင်မြင်မှုကိုလိုချင်ရင် စိတ်အားထက်သန်ရပါမယ်။ ထို့နောက် ဘယ်အရာကို ဦးတည်ချက် ထားသလဲ ဆိုတာ သိရှိပြီး တစိုက်မတ်မတ် ကြိုးစားရပါမယ်။ ဘဝ တိုးတက်ပြောင်းလဲမှု၊ အောင်မြင်မှုဆိုတာ တကယ်ကြိုးစားမှုကနေ လာတာပါ။ ပြီးတော့ ဘယ်လောက်ပဲ ခက်ခဲတဲ့အလုပ်ဖြစ်ပါစေ ကိုယ်တိုင်ကြိုးစားပြီး ပြီးမြောက်အောင်မြင်တဲ့အခါ ကျေနပ်အားရမှုနဲ့ ယုံကြည်ချက်ရှိမှုတို့ကို ပိုမိုတိုးမြှင့်စေနိုင်ပါတယ်။ ဒီအချက်ကလည်း ကွီးတို့ရဲ့ ဘဝကို တဆင့်မြှင့်ပြီး တိုးတက် အောင်မြင်မှုဆီကို ခေါ်ဆောင်သွားပေးနိုင်ပါတယ်။

ကွီးတို့ရေ လာမဲ့နှစ်သစ်မှာ ကွီးတို့ဘဝကို တိုးတက် ပြောင်းလဲပြီး အောင်မြင်မှု ရနိုင်ဖို့ဆိုရင် အခုဖော်ပြပေးလိုက်တဲ့ အချက်တွေက အမှန်တကယ်ပင် အထောက်အကူပါလိမ့်မယ်။

Featured Photo : Vista Create