လိင်မှတဆင့်ကူးစက်တဲ့ ကူးစက်ရောဂါ (STIs) တွေရဲ့ ကူးစက်ပြန့်ပွားနှုန်းဟာ တရိပ်ရိပ်မြင့်တက်လျက် ရှိနေပါတယ်။ စိတ်အလိုလိုက်ပြီး မိနစ်ပိုင်းသာယာမှုနဲ့ တစ်ဘဝစာ နောင်တတွေ မရစေဖို့ ချစ်တင်းနှော တိုင်းမှာ ကွန်ဒုံးလို အကာအကွယ်တွေကို မဖြစ်မနေ အသုံးပြုဖို့ လိုအပ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ကွီးတို့ အားလုံး သိကိုသိထားရမယ့် မတူညီတဲ့ လိင်မှုဆိုင်ရာ လှုပ်ရှားမှု တွေနဲ့ ဖြစ်နိုင်ခြေရှိတဲ့ အန္တရာယ်တွေအကြောင်း တင်ဆက်ပေးချင်ပါတယ်။

(၁) မိန်းမကိုယ်နဲ့ ချစ်တင်းနှောခြင်း

Vaginal penetrative Sex

Photo : Everyday Health

အကယ်၍ ကွန်ဒုံး မပါပဲ မိန်းမကိုယ်နဲ့ ချစ်တင်းနှော မယ်ဆိုရင် ကိုယ်ဝန်ရနိုင်ခြေ အပါအဝင် လိင်မှတဆင့်ကူးစက်တဲ့ ကူးစက်ရောဂါ (STIs) တွေ ကူးစက်ခံရနိုင်ခြေ ရှိပါတယ်။ အဆိုပါ လိင်မှုဆိုင်ရာ လှုပ်ရှားမှု ကနေတဆင့်……..

  • ကလက်မိုင်ဒီးယား (Chlamydia)
  • လိင်အင်္ဂါရေယုန် (Genital Herpes)
  • လိင်အင်္ဂါကြွက်နို့ (Genital Warts)
  • ဆီးပူညောင်းကျရောဂါ (Gonorrhoea)
  • HIV (Human Immunodeficiency Virus)
  • ဆစ်ဖလစ်ရောဂါ (Syphilis)

စတဲ့ ရောဂါပိုးတွေ ကူးစက်ခံရနိုင်ခြေ ရှိပါတယ်။

အမျိုးသားတွေရဲ့ ဖွားဖက်တော်ဟာ အမျိုးသမီး မိန်းမကိုယ်အတွင်းကို အပြည့်အဝ ထိုးသွင်းဆက်ဆံခြင်း မရှိတောင်မှ ဒါမှမဟုတ် သုတ်မလွှတ်မိသေးရင်တောင် ရောဂါပိုး ကူးစက်ခံရနိုင်ပါတယ်။ အကြောင်းအရင်းကတော့ လိင်အင်္ဂါခြင်း ထိစပ်မှုရှိရုံနဲ့ လိင်အင်္ဂါတွေကနေတဆင့် ထွက်ရှိတဲ့ အရည်တွေကြောင့် ရောဂါပိုးကူးစက် ခံရနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် ကွန်ဒုံး သုံးတာက ရောဂါပိုးမွှားတွေ ကူးစက်ခံရနိုင်မှု အန္တရာယ် ကို လျှော့ချ ကာကွယ်ပေးနိုင်တဲ့ အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ သဘာဝအတိုင်း ရိုးရှင်းလွယ်ကူစွာ သန္ဓေတားနိုင်တာပါ။ ကွန်ဒုံးတွေဟာ လိင်မှတဆင့်ကူးစက်တဲ့ ကူးစက်ရောဂါ (STIs) တွေအပြင် ကိုယ်ဝန်ရနိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။

(၂) စအိုနဲ့ ချစ်တင်းနှောခြင်း

Anal penetrative sex

Photo : Healthline

စအိုနဲ့ ချစ်တင်းနှောခြင်းဟာ လိင်တူစုံတွဲတွေမှာတော့ လိင်ကွဲစုံတွဲတွေမှာပါ လုပ်ဆောင်ကြတဲ့ တဲ့ လိင်မှုဆိုင်ရာ လှုပ်ရှားမှု တွေထဲကတစ်ခုပါ။ တကယ်တော့ စအိုနဲ့ ဆက်ဆံတာဟာ အန္တရာယ် ရှိတဲ့ လိင်မှုရေးရာ လှုပ်ရှားမှုပုံစံ တစ်မျိုးဖြစ်ပြီး လိင်မှတဆင့်ကူးစက်တဲ့ ကူးစက်ရောဂါ (STIs) တွေ ကူးစက်ပြန့်ပွားနိုင်မှု ရာခိုင်နှုန်း ပိုများပါတယ်။ အကြောင်းကတော့ စအိုတဝိုက်က အရေပြားနဲ့ တစ်ရှုးတွေဟာ နူးညံ့ပြီး ထိရှလွယ်တာကြောင့် ပွန်းပဲ့ဒဏ်ရာရနိုင်ခြေများပါတယ်။ အဲ့ဒီကနေတဆင့် ရောဂါပိုးမွှားတွေ အလွယ်တကူ ကူးစက်ခံရနိုင်တာပါ။ စအိုနဲ့ ချစ်တင်းနှောခြင်း ကနေ………

  • ကလက်မိုင်ဒီးယား (Chlamydia)
  • လိင်အင်္ဂါရေယုန် (Genital Herpes)
  • လိင်အင်္ဂါကြွက်နို့ (Genital Warts)
  • ဆီးပူညောင်းကျရောဂါ (Gonorrhoea)
  • HIV (Human Immunodeficiency Virus)
  • ဆစ်ဖလစ်ရောဂါ (Syphilis)
  • အသည်းရောဂါ C ပိုး (Hepatitis C)

စတဲ့ ရောဂါပိုးတွေ ကူးစက်ခံရနိုင်ခြေ ရှိပါတယ်။

စအိုနဲ့ ချစ်တင်းနှောမယ်ဆိုရင် Anal Sex အတွက် သီးသန့်ဒီဇိုင်း ထုတ်ထားတဲ့ ကွန်ဒုံး အမျိုးအစားတွေကို အသုံးပြုဖို့လိုပြီး ချောဆီ (Lube) နဲ့ တွဲဖက် အသုံးပြုခြင်း လိင်မှတဆင့်ကူးစက်တဲ့ ကူးစက်ရောဂါ (STIs) တွေကို အထိုက်အလျောက် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

(၃) ပါးစပ်နဲ့ ချစ်တင်းနှောခြင်း

oral sex

Photo : Men’s Journal

မိန်းမကိုယ် ၊ လိင်တံ သို့မဟုတ် စအို တို့ကို ပါးစပ်နဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံခြင်းဟာ လိင်မှတဆင့်ကူးစက်တဲ့ ကူးစက်ရောဂါ (STIs) တွေ ကူးစက်ခံရနိုင်ခြေရှိတဲ့ အန္တရာယ် အများဆုံး လိင်မှုဆိုင်ရာ လှုပ်ရှားမှု တစ်ခုဖြစ်ပါတယ်။ ပါးစပ်တစ်ဝိုက် ဒါမှမဟုတ် လိင်အင်္ဂါ နဲ့ စအိုတစ်ဝိုက်မှာ ပွန်းပဲ့ဒဏ်ရာတွေ သို့မဟုတ် အနာများရှိပါက ရောဂါကူးစက်ခံရနိုင်ခြေ ပိုများပါတယ်။ ပါးစပ်နဲ့ ချစ်တင်းမနှောခင် သွားတိုက်ခြင်း သို့မဟုတ် သွားပွတ်ကြိုးအသုံးပြုခြင်းတွေဟာလည်း သွားဖုံးသွေးယိုစေနိုင်တဲ့အတွက် ရှောင်ကြဉ်သင့်ပါတယ်။ သုတ်ရည် ၊ လိင်အင်္ဂါမှ ထွက်ရှိတဲ့အရည်တွေနဲ့ သွေးတွေမှာ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားပိုးတွေ အများကြီး ပါဝင်နေတဲ့အတွက် အကာအကွယ်မဲ့ ပါးစပ်နဲ့ ချစ်တင်းနှောမယ်ဆိုရင် သင်ရောသင့်ပါတနာဆီကပါ အပြန်အလှန် ရောဂါပိုး ကူးစက်ပြန့်ပွားစေနိုင်ပါတယ်။ ပါးစပ်နဲ့ ချစ်တင်းနှောခြင်း ကနေ………

  • ကလက်မိုင်ဒီးယား (Chlamydia)
  • လိင်အင်္ဂါရေယုန် အမျိုးအစား ၁ နဲ့ အမျိုးအစား ၂ (Genital Herpes)
  • လိင်အင်္ဂါကြွက်နို့ (Genital Warts)
  • ဆီးပူညောင်းကျရောဂါ (Gonorrhoea)
  • အသည်းရောင်အသားဝါ A ပိုး (Hepatitis A) ၊ အသည်းရောင်အသားဝါ B ပိုး (Hepatitis B) ၊ အသည်းရောင်အသားဝါ C ပိုး (Hepatitis C)
  • ဆစ်ဖလစ်ရောဂါ (Syphilis)

စတဲ့ ရောဂါပိုးတွေ ကူးစက်ခံရနိုင်ခြေ ရှိပါတယ်။

ပါးစပ်နဲ့ ချစ်တင်းနှောမယ်ဆိုပါက လိင်အင်္ဂါနဲ့ ပါးစပ် တိုက်ရိုက်ထိတွေ့ခြင်းမှ ကာကွယ်နိုင်ဖို့ ကွန်ဒုံး သို့မဟုတ် ပါးစပ်အကာ (Dental Dam) လို အကာအကွယ် ပစ္စည်းတွေကို သေချာပေါက် အသုံးပြုပေးဖို့ လိုပါမယ်။

(၄) လက်ချောင်းတွေနဲ့ ချစ်တင်းနှောခြင်း

Fingering

Photo : Una Maia per amica

လက်ချောင်းတွေကို အသုံးပြုပြီး မိန်းမကိုယ် ၊ စအို တို့နဲ့ ထိတွေ့ဆက်ဆံတာဟာ ထိုးသွင်းဆက်ဆံမှု မရှိတဲ့ လိင်မှုဆိုင်ရာ လှုပ်ရှားမှု တစ်ခုဖြစ်တာကြောင့် လိင်မှတဆင့်ကူးစက်တဲ့ ကူးစက်ရောဂါ (STIs) တွေ ကူးစက်ပြန့်ပွားမှု မရှိဘူးထင်ရင်တော့ မှားပါတယ်။ တကယ်တော့ လက်ချောင်းတွေနဲ့ ချစ်တင်းနှော ခြင်းကနေလည်း ရောဂါပိုး ကူးစက်ခံရနိုင်ပါတယ်။ အဓိကအားဖြင့် လက်ချောင်းတွေမှာ သန့်ရှင်းမှုမရှိတဲ့အခါ ဒါမှမဟုတ် မျက်စိနဲ့မြင်ဖို့မလွယ်တဲ့ ပွန်းပဲ့ဒဏ်ရာ ၊ သွေးထွက်ဒဏ်ရာတွေ ရှိတယ်ဆိုရင် လိင်အင်္ဂါနဲ့ ထိတွေ့ကိုင်တွယ်မိတဲ့အခါ ရောဂါပိုးမွှားတွေ အလွယ်တကူပဲ ကူးစက်ပြန့်ပွားနိုင်တာ ဖြစ်ပါတယ်။

(၅) လူကြီးကစားစရာတွေနဲ့ ချစ်တင်းနှောခြင်း

Sex toys

Photo : VOI

လူကြီးကစားစရာတွေနဲ့ ချစ်တင်းနှောဟာ ကြိုတင်မျှော်လင့်မထားတဲ့ ကိုယ်ဝန်ရနိုင်ခြေမရှိပေမယ့် လိင်မှတဆင့်ကူးစက်တဲ့ ကူးစက်ရောဂါ (STIs) တွေရဲ့ အန္တရာယ် တော့ ရှိနေပါသေးတယ်။ အဓိကအားဖြင့် လူကြီးကစားစရာတွေကို တစ်ကြိမ်အသုံးပြုပြီးတိုင်းမှာ သေချာဆေးကြောသန့်စင်ခြင်း မရှိတာ ဒါမှမဟုတ် တခြားသူတွေနဲ့ မျှဝေသုံးစွဲမယ်ဆိုရင် ကလက်မိုင်ဒီးယား (Chlamydia) ၊ ဆစ်ဖလစ်ရောဂါ (Syphilis) နဲ့ လိင်အင်္ဂါရေယုန် (Genital Herpes) စတဲ့ရောဂါတွေ ကူးစက်ခံရနိုင်သလို မိန်းမကိုယ် ၊ စအိုနဲ့ လိင်တံတစ်ဝိုက်မှာ ပွန်းပဲ့ဒဏ်ရာ သို့မဟုတ် အနာများရှိပါက သွေးကနေတဆင့် အသည်းရောင်အသားဝါ B ပိုး (Hepatitis B) ၊ အသည်းရောင်အသားဝါ C ပိုး (Hepatitis C) နဲ့ HIV ရောဂါပိုးတွေ ကူးစက်ခံရနိုင်ပါတယ်။

Source : NHS

Featured Photo : Uvi Health