ယခုနွေရာသီမှာ လိဒ် ယူနိုက်တက် တောင်ပံကစားသမား ရာဖင်ဟာ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ အာဆင်နယ် လည်း ပါဝင်နေတယ်လို့ Telegraph Sport ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Photo : Pain in the Arsenal

လိဒ်ယူနိုက်တက်မှာ ခြေစွမ်းပြနေတဲ့ ဘရာဇီးသားဟာ ပြီးခဲ့တဲ့ နှစ်ရာသီအတွင်း ပရီးမီးယားလိဂ်မှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံးတောင်ပံကစားသမားတွေထဲက တစ်ယောက်ဖြစ်ခဲ့ပြီး လာမယ့် ရက်သတ္တပတ်တွေ အတွင်းမှာ အယ်လန်ရုတ်က ထွက်ခွာနိုင်ခြေ ရှိနေတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းကတော့ ရာဖင်ဟာကိုခေါ်ယူဖို့ ကာလကြာရှည် ပစ်မှတ်ထားနေခဲ့တာ ဖြစ်ပေမယ့် ပရီးမီးယားလိဂ် ကလပ်အသင်းတွေနဲ့ အပြိုင် ဘရာဇီးသားကိုခေါ်ယူနိုင်ရေးမှာ ဘာစီအတွက် ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲက ပြဿနာရှိနေတာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ လာမယ့်ရာသီ ယူရိုပါလိဂ် မစတင်မီ သူတို့အသင်းရဲ့ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ နဲ့ အသင်းမှာ ကစားသမားအင်အားဖြည့်တင်းဖို့ ပြင်ဆင်လျက်ရှိပြီး ရာဖင်ဟာ အာဆင်နယ်အသင်း ပစ်မှတ်ထားနေတဲ့ ကစားသမားစာရင်းမှာ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ် အသင်းအနေနဲ့ အသက် ၂၅ နှစ်အရွယ် ကစားသမား ရာဖင်ဟာကို တရားဝင် ကမ်းလှမ်းထားတာမျိုးတော့ မရှိသေးပါဘူး။ အာဆင်နယ်ဟာ ရာဖင်ဟာကို ခေါ်ယူဖို့ ဥရောပထိပ်တန်း အသင်းတွေနဲ့ ယှဉ်ပြိုင်ရဖွယ်ရှိနေပြီး ဝက်စ်ဟမ်းအသင်းကလည်း ဇန်နဝါရီ အပြောင်း‌ အရွေ့တုန်းက ရာဖင်ဟာကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ဖူးပါတယ်။

ရာဖင်ဟာ ဟာ တောင်ပံနှစ်ဖက်စလုံးမှာ ကစားနိုင်တဲ့ ကစားသမားဖြစ်ပေမယ့် လိဒ်ယူနိုက်တက်အသင်းမှာတော့ သူ့ကို ညာတောင်ပံမှာသာ အဓိကထား ကစားစေခဲ့တာ ဖြစ်ပါတယ်။ နီကိုလက်စ် ပီပီဟာ ယခုနှစ်နွေရာသီမှာ အာဆင်နယ် အသင်းကနေ ထွက်ခွာဖွယ်ရှိနေတာကြောင့် ရာဖင်ဟာကို နည်းပြအာတီတာရဲ့အသင်းအတွက် တိုက်စစ်မှာ အဓိကနေရာ တော်တော်များများကနေ ပါဝင်စွမ်းဆောင်ပေးနိုင်မယ့် ကစားသမားတစ်ယောက်အဖြစ် မျှော်လင့်ထားတာ ဖြစ်ပါတယ်။

Photo : talkSPORT

ရာဖင်ဟာ က ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် အောက်တိုဘာလမှာ ရမ်နက်စ်အသင်းကနေ လိဒ်ယူနိုက်တက်အသင်းကို ပြောင်းရွေ့ကြေး ပေါင် ၁၇ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ သူဟာ ဒီရာသီမှာ လိဒ်အသင်းအတွက် ပွဲပေါင်း ၃၅ ပွဲ ပါဝင်ကစားထားပြီး ၁၁ ဂိုးအထိသွင်းယူပေးခဲ့ကာ အသင်းရဲ့ တန်းမဆင်းရရေးအတွက် အဓိကနေရာက ပါဝင်စွမ်း‌ဆောင်ပေးခဲ့သူလည်း ဖြစ်ပါတယ်။

ရာဖင်ဟာ ဟာ အာဆင်နယ် တောင်ပံကစားသမား မာတီနယ်လီရဲ့ ဘရာဇီးလက်ရွေးစင် အသင်းဖော် ကစားသမားတစ်ဦးဖြစ်သလို အာဆင်နယ်အသင်းရဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးနဲ့လည်း ရင်းနှီးတဲ့ဆက်ဆံရေးရှိသူတစ်ယောက် ဖြစ်ပါတယ်။ ဘရာဇီးသားကို ဘာစီလိုနာ နဲ့ ချဲလ်ဆီး ကွင်းလယ်ကစားသမား ဒီကိုနဲ့လည်း နှိုင်းယှဉ်ပြောဆိုမှုတွေ ရှိပါတယ်။

ရာဖင်ဟာ ဟာ အာဆင်နယ် ဗဟိုနောက်ခံလူ ဂါဘရီရယ်နဲ့လည်း ဘရာဇီးမှာရှိတဲ့ အာဗီ လူငယ်အသင်းမှာ အတူတွဲ ကစားခဲ့ဖူးပါတယ်။ ယခုနွေရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်း အာဆင်နယ်အသင်းရဲ့အဓိက ပစ်မှတ်ထားနေတဲ့ ကစားသမားတွေကတော့ မန်စီးတီး တိုက်စစ်မှူး ဂါဘရီရယ် ဂျီးဆပ်နဲ့ လက်စတာစီးတီး ကွင်းလယ်လူ တိုင်လေမန်းစ်တို့ပဲ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီး ကစားသမား ဇင်ချန်ကို ကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ဂျီးဆပ်နဲ့ တိုင်လေမန်းစ်တို့လောက်တော့ ဦးစားပေး ခေါ်ယူနိုင်ခြေ မရှိသေးပါဘူး။

Photo : Pain in the Arsenal

အာဆင်နယ် အသင်းဟာ လာမယ့်ရက်ပိုင်းအတွင်း အန်ကီးတီးယားနဲ့ စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ မျှော်လင့်ထားပြီး ဘရာဇီးတောင်ပံကစားသမား မာကင်ဟိုစ့် ကိုလည်း ဆောပေါလိုကနေ ပြောင်းရွေ့ကြေးပေါင် ၃သန်း နဲ့ အပြီးသတ်ခေါ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ အဆိုပါ ဘရာဇီးကစားသမားဟာ ပထမတန်းအသင်းကြီးတွေမှာ ကစားဖို့ မသေချာပေမယ့် အနာဂတ်မှာ အရည်အချင်းရှိတဲ့ ကစားသမားအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။

Featured Photo : Goal.com