ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချန်ပီယံဖလား ယူတယ်။ လာလီဂါ အမှတ်ပေးဖလားလည်း ယူတယ်။ ပြီးတော့ စပိန်စူပါဖလားပါ ယူလိုက်သေးတဲ့ ရီးယဲလ် မက်ဒရစ်အသင်းက အခု ဘောလုံးရာသီအတွက် ကီလီယန် အမ်ဘာပေလို ပြင်သစ် စူပါစတား တိုက်စစ်ကစားသမား လိပ်နင်ဂျာ တစ်ယောက်ကိုပါ ခေါ်ယူလိုက်တော့ ကျားကို အတောင်ပံ တပ်ပေးလိုက်သလိုတောင် ဖြစ်နေပါပြီ။

mbappe uefa super cup

Photo Credit: Madrid Zone

သူတို့အသင်း တိုက်စစ်မှာ ဗင်နီစီယပ်စ်ရယ် ရိုဒရီဂိုရယ် မနှစ်က ရောက်လာပြီး ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းပြခဲ့တဲ့ ဘယ်လင်ဟမ်ရယ် ရှိနေတာကိုမှ အဲ့ဒီအစုအဖွဲ့ထဲကို လိပ်နင်ဂျာ ဘာပေပါ ထပ်ထည့်လိုက်တာကတော့ တအားကောင်းနေပါတယ်ဆိုတဲ့ ဟင်းထဲကို နောက်ထပ် အကောင်းမွန်ဆုံး ဟင်းခတ် အမွှေးအကြိုင်တွေ ခတ်လိုက်သလိုပါပဲ။ အခုလည်း ယူရိုပါလိဂ် ချန်ပီယံ အတ္တလန်တာအသင်းနဲ့ ကစားခဲ့ရတဲ့ ဥရောပ စူပါဖလားပွဲမှာ လိပ်နင်ဂျာက ရီးယဲလ် ကစားသမားဘဝ တာထွက် ပွဲစဉ်အဖြစ် ဝင်ကစားပြီး ဂိုးလည်း ဈေးဦးပေါက်သလို တစ်ခါမှ မကိုင်ဖူးသေးတဲ့ ဖလားတစ်လုံးကိုပါ ကိုင်မြှောက်ခွင့် ရသွားခဲ့ပါတယ်။

france 4 madird

Photo Credit: Madrid Zone

ဘာပေဆိုတာက လက်ရှိ ပြင်သစ် ကစားသမားတွေထဲမှာ ထိပ်တန်းအဆင့် အရှိဆုံး ကစားသမား ဖြစ်ပေမယ့် ရီးယဲလ်ကို မရောက်ခင် ပီအက်စ်ဂျီမှာ ရှိနေတုန်းကတော့ ဒေသတွင်း ဖလားတွေနဲ့သာ ကျေနပ်နေခဲ့ရသူဖြစ်ပြီး မက်ဆီ နေမာတို့လို ဘောလုံးလောကရဲ့ ဒိတ်ဒိတ်ကြဲကြီးတွေနဲ့ တွဲကစားခဲ့သည့်တိုင် ချန်ပီယံလိဂ်ဖလားနဲ့ မနီးစပ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဥရောပ သခင်ကြီးလို့ ခေါ်ရမယ့် ရီးယဲလ်အသင်းဆီ ရောက်လာချိန်မှာတော့ စ ကစားရတဲ့ပွဲမှာပဲ ဥရောပဖလားတစ်လုံးကိုပါ စတင် ကိုင်မြှောက်နေရပြီဆိုတော့ ရှေ့ဆက်ပြီး လိပ်နင်ဂျာနဲ့ ဥရောပ သခင်ကြီးတို့ရဲ့ ပေါင်းစပ်မှုက ပိုကြမ်းလာဖို့တောင် ရှိနိုင်ပါတယ်။

uefa super cup champions real madrid

Photo Credit: Madrid Zone

ရီးယဲလ်ကလည်း လိပ်နင်ဂျာ ရယ် အနားယူသွားတဲ့ တိုနီ ကရူးစ်ရဲ့ ကျောနံပါတ် (၈)ကို ဆက်ခံခဲ့တဲ့ ဗယ်လ်ဗာဒီရယ် ဂိုးတွေနဲ့ အတ္တလန်တာကို အနိုင်ရလိုက်တာကြောင့် ဘာစီလိုနာ အေစီမီလန်တို့ထက် ဥရောပ စူပါဖလား ပိုင်ဆိုင်မှုမှာ (၁)ကြိမ် အသာရခဲ့သွားပြီး ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးသော အသင်းအဖြစ်နဲ့ပါ ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်နိုင်ခဲ့ရပါတယ်။

Featured Photo: The Irish Times