ယူရို-၂၀၂၄ပြိုင်ပွဲမှာ အုပ်စုဗိုလ်နေရာနဲ့ ရှုံးထွက် (၁၆)သင်းအဆင့်ဆီ တက်လှမ်းလာခဲ့တဲ့ အင်္ဂလန်အသင်းကို ဘယ်သူမှ အထင်မကြီးကြတာ သိပ်တော့ မထူးခြားပါဘူး။ အဲ့ဒါက အုပ်စုတွင်း ပွဲတွေမှာ အင်္ဂလန်ရဲ့ ကစားပုံတွေ ကြောင့်ပါပဲ။ အင်္ဂလန် ရင်ဆိုင်ခဲ့ရတဲ့ ဒိန်းမတ် ဆာဘီးယား ဆလိုဗေးနီးယားတို့က ဒီယူရိုမှာ သူတို့ရဲ့ ခြေစွမ်းပိုင်းတွေက သိပ်ကောင်းနေတာ မဟုတ်သည့်တိုင် အင်္ဂလန်က ဒီအသင်းတွေနဲ့ ရင်ဆိုင်ရချိန်မှာ ရုန်းကန်နေခဲ့ရတယ်။

england team

Photo Credit: The Irish Independent

အင်္ဂလန် မှာက ဟယ်ရီကိန်းရှိတယ် ဘယ်လင်ဟမ်ရှိတယ် ဖိုဒန်ရှိတယ် ဒက်ကလန်ရိုက်စ်လည်း ရှိနေပြန်တယ် ဆာကာ ပါလ်မာ ဝေါ်ကာ စတုန်းစ် အာနိုးတို့နဲ့ နာမည်ကြီး ထိပ်တန်း ကစားသမားတွေ ပါဝင်နေပေမယ့် ဒီအသင်းကို နာမည်ကြီး ထမင်းငတ်ဆိုပြီး ခေါ်နေကြတာက အလကားတော့ မဟုတ်ဘူး။ ဆရာကောင်တွေ အရမ်းများနေရင်လည်း အဲ့ဒီအသင်းက ကစားကွက် နည်းဗျူဟာပိုင်းနဲ့ နောက်ဆုံး ရလဒ်ပိုင်းတွေအထိ တိုင်ပတ်သွားတက်သလို ဒီဆရာကောင်တွေကို အသင်းရဲ့ ကစားကွက်မှာ နေရာချပေးရတဲ့ နည်းပြအတွက်လည်း ရေလည် ခေါင်းခြောက်ရနိုင်ပါတယ်။

southgate and his england team

Photo Credit: Goal

ဒါပေမယ့် နည်းပြ ဆောက်ဂိတ်ကတော့ ဒီယူရိုမှာ သူယုံကြည်စိတ်ချရတဲ့ ကစားသမားတွေကိုပဲ ပွဲထွက်စာရင်းမှာ နေရာပေးတယ်။ ပွဲချိန်ကြာလို့ သိပ်မဟန်တော့မှသာ လူစားလဲတာတွေ လုပ်တယ်။ ကစားသမားတွေကလည်း ကလပ်အသင်းနဲ့ အကောင်းဆုံးဆုတွေ ဘယ်လိုပဲ ယူခဲ့ယူခဲ့ နိုင်ငံအသင်းအတွက် ကစားရချိန်ဆိုရင်တော့ ကလပ်က စွမ်းဆောင်ရည်လိုမျိုးတွေ သိပ်မပြနိုင်ပဲ ရုန်းကန်ရတယ်။ ဒါကလည်း နည်းပြရဲ့ ကစားကွက် နည်းစနစ် နေရာချထားမှုတွေမှာလည်း မူတည်နိုင်သလို ကစားသမားတွေဘက်ကလည်း လျော့နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

england football team

Photo Credit: Sky Sports

အခုတော့ ဒီယူရိုပြိုင်ပွဲမှာ ဘယ်သူမှ အားရကျေနပ်ခြင်း မရှိတဲ့ အင်္ဂလန်က လိမ်ဖယ် လိမ်ဖယ်နဲ့ပဲ အုပ်စုဗ်ိုလ်ကနေ (၁၆)သင်းအဆင့် (၁၆)သင်းရှုံးထွက်ကနေလည်း လူမစွမ်းနတ်မ အခြေအနေနဲ့ ကွာတားထိ ရောက်သွားခဲ့ပါပြီ။ ဒါပေမယ့် ကွာတားမှာကတော့ (၁၆)သင်းမှာ အီတလီကို ဆုံးမထားတဲ့ ဆွစ်ဇာလန်နဲ့ ရင်ဆိုင်ရမယ်။ ဆွစ်က အုပ်စုမှာလည်း ဂျာမနီကို သရေကစားထားတဲ့အသင်း။ လက်ရှိ အခြေအနေအရ အင်္ဂလန် ကတောင် underdog ဖြစ်နေလိမ့်မယ်။ ဒါပေမယ့် ဘောလုံးက အလုံးကြီးဆိုတော့ ထပ်ပြီး လိမ်ဖယ် လိမ်ဖယ်နဲ့ပဲ အင်္ဂလန်တို့ ဘယ်အဆင့်ထိ ခရီးဆက်နိုင်ဦးမလားဆိုတာ…

Featured Photo: Ben Jacobs’s X