ပရီးမီးယားလိဂ်ကတော့ လတ်တလောမှာ ကလပ်အသင်းတွေရဲ့ နောက်ကွယ်က ဖြစ်ရပ်တွေကို စုံစမ်းစစ်ဆေးမှုတွေ တောက်လျှောက် လုပ်ဆောင်နေရင်း အဲဗာတန်အသင်းကို ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းတွေ ချိုးဖောက်မှုကြောင့် ရမှတ် (၁၀)မှတ်လျှော့ပြစ်ဒဏ် ချမှတ်လိုက်သလို မကြာခင်မှာ မန်စီးတီး နဲ့ ချယ်လ်ဆီးတို့ဟာလည်း အဲဗာတန်ထက် ပိုဆိုးတဲ့ ပြစ်ဒဏ်တွေ ကျခံရနိုင်တယ်ဆိုတဲ့ အသံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ ဘယ်သူ့မှ မထင်ထားတဲ့ အသင်းတစ်သင်းက အဲဗာတန်လိုမျိုး (၁၀)မှတ်လျှော့ ပြစ်ဒဏ်ကို ကျခံရနိုင်ဖွယ် ရှိနေရပါတယ်။
Photo Credit : talkSPORT
ဒီအသင်းကတော့ တော့တင်ဟမ် ဟော့စပါးအသင်းပါ။ စပါးအသင်း ရင်ဆိုင်နေရတဲ့ အကြောင်းအရာကတော့ လွန်ခဲ့တဲ့ (၁၅)နှစ် ၂၀၀၈ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ကစားသမား အပြောင်းအရွှေ့တစ်ခုကြောင့်ပါပဲ။ အဲ့ဒီတုန်းက စပါးအသင်းဟာ အသင်းရဲ့ အင်္ဂလန် တိုက်စစ်ကစားသမား ဂျာမိန်း ဒီဖိုးကို ပို့စ်မောက်အသင်းထံ ရောင်းချရမှာ ဒီအပြောင်းအရွှေ့ ကိစ္စရပ်အတွင်း အဓိက ပါဝင်ပတ်သက်ခဲ့တဲ့ အေးဂျင့်ဖြစ်သူက အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (FA) မှာ တရားဝင် လိုင်စင်တင်ထားတဲ့ အေးဂျင့်တစ်ဦး ဖြစ်မနေတာကြောင့် အခုလို ပြန်လည် စုံစမ်း စစ်ဆေးခံနေရတာပဲ ဖြစ်ပါတယ်။
Photo Credit : The Times
အဲ့ဒီအပြောင်းအရွှေ့ထဲ ပါဝင် ပတ်သက်ခဲ့တဲ့ အေးဂျင့်က စပါးကစားသမားဟောင်းဖြစ်တဲ့ မစ်ချယ် သောမတ်စ်ဆိုသူ ဖြစ်ပြီး ဒီလူဟာ တရားဝင် လိုင်စင်မရှိတဲ့ အေးဂျင့်တစ်ဦး ဖြစ်နေတာကြောင့် သူနဲ့ အပြောင်းအရွှေ့ လုပ်ဆောင်ခဲ့တဲ့ စပါးအသင်းပါ တိုင်ပတ်ဖွယ် ရှိနေပါတယ်။ ဒီလို အခြေအနေမျိုးကို လူတန်တောင်းအသင်းလည်း ရင်ဆိုင်ခဲ့ရပြီး (၁၀)မှတ်လျှော့ခံခဲ့ရသလို လိဒ်စ်ယူနိုက်တက် ပိုင်ရှင်ဟောင်းဆိုရင်လည်း ဘောလုံးအားကစားနဲ့ (၁)နှစ်တိတိ ပတ်သက်ခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။
Photo Credit : TEAMtalk
The Times သတင်းစာရဲ့ ဖော်ပြချက်အရတော့ စပါးအသင်းအနေနဲ့ အပြစ်ရှိကြောင်း ထင်ရှားခဲ့မယ်ဆိုရင် ရမှတ်လျှော့ ပြစ်ဒဏ်အပြင် ကစားသမား အပြောင်းအရွှေ့ ကိစ္စရပ်တွေကိုပါ ပိတ်ပင်ခံရနိုင်တယ်လို့ သိရှိရပါတယ်။ စပါးအသင်းဟာ ဒီနှစ်ဘောလုံးရာသီ နည်းပြသစ် ပိုစတီကိုဂလူးလက်ထက် ပုံစံကောင်းတွေ ပြန်လည် ပြသထားချိန် အခုလို ပြစ်ဒဏ်မျိုးသာ ကျခံရမယ်ဆိုရင် အသင်းအတွက် အများကြီး ထိခိုက် နစ်နာစရာတွေ ဖြစ်လာနိုင်ပါတယ်။
Featued Photo : The Times