နွေရက်တွေမှာ အထာကျကျနဲ့ လန်းနိုင်ဖို့ဆိုရင် လီနင်ရှပ်တွေကတော့ ကွက်တိပါပဲ။ လီနင်ရှပ် တွေက ဝတ်ရတာ ပေါ့ပါးပြီး သက်တောင့်သက်သာရှိသလို လေဝင်လေထွက်လည်း ကောင်းတဲ့အတွက် အခုလို ပူအိုက်တဲ့ နွေရာသီကာလတွေအတွက် အထူးသင့်တော်ပါတယ်။ ကွီးတို့ လီနင်ရှပ်တွေကို ဘယ်လိုမျိုး စတိုင်ကျကျ ဝတ်ရမလဲဆိုတာ မသိသေးဘူးဆိုရင်တော့ အခုဆောင်းပါးလေးကိုသာ အဆုံးထိဖတ်ကြည့်လိုက်ပါ။

(၁) လီနင်ရှပ်တွေကို ဘောင်းဘီတိုနဲ့ တွဲဝတ်ပါ

Linen Shirt With Shorts

Photo : Dmarge

လီနင်ရှပ် တွေနဲ့ ဘောင်းဘီတိုကတော့ ပေါ့ပေါ့ပါးပါးနဲ့ သက်တောင့်သက်သာ အရှိဆုံး ဖက်ရှင်အတွဲအစပ်တစ်ခုပါပဲ။ ဘောင်းဘီတိုနဲ့ တွဲဖက်ဝတ်ဆင်ဖို့ လီနင်ရှပ်တွေ ရွေးတဲ့အခါ ကော်လာစတိုင် ၊ အရောင်တွေနဲ့ Patterns ဒီဇိုင်းတွေကို ဦးစားပေး ရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။ လက်ရှည်ဆိုရင်တော့ လက်ကောက်ဝတ်အပေါ်နားအထိ ခေါက်တင်ပြီး ဝတ်ပါ။ ကွီးတို့ရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ Fit ဖြစ်နေတဲ့ ဆိုဒ်မှန်မှန် လီနင်ရှပ်တွေကို သေချာရွေးတက်ဖို့ကလည်း အရေးကြီးပါတယ်။

(၂) လီနင်ရှပ်တွေကို Jeans နဲ့ တွဲဝတ်ပါ

Linen Shirt With Jeans

Photo : Dmarge

လီနင်ရှပ် တွေနဲ့ တွဲဝတ်ဖို့ အကောင်းဆုံး ဖက်ရှင်လို့ပြောရင် Jeans တွေကို မေ့မထားသင့်ပါဘူး။ Slim Fit ဒါမှမဟုတ် Skinny Fit Jeans တွေနဲ့ ပေါ့ပေါ့ပါးပါး တွဲဖက်ဝတ်ဆင်ဖို့ အလိုက်ဖက်ဆုံး ဖြစ်ပါတယ်။ လီနင်ရှပ်နဲ့ Jeans အတွဲအစပ်ကို အောက်က Lace-ups နဲ့ White Sneakers တို့လို Casual Shoes တွေနဲ့ တွဲဝတ်မယ်ဆိုရင် နွေရာသီကာလတွေအတွင်း ဟိုနားဒီနား ထသွားထလာ ကနေ ခရီးသွားတဲ့အချိန်တွေအထိ ပေါ့ပေါ့ပါးပါး ရိုးရိုးရှင်းရှင်း စတိုင်ကျနေစေမှာ ဖြစ်ပါတယ်။

(၃) လီနင်ရှပ်တွေကို Chinos နဲ့ တွဲဝတ်ပါ

Linen Shirt With Chinos

Photo : Dmarge

ရှင်းသန့်တဲ့ စတိုင် ၊ ပေါ့ပါးလွတ်လပ်မှု အပြည့်ရှိတဲ့ ဖက်ရှင်မျိုး ကြိုက်နှစ်သက်တယ်ဆိုရင် လီနင်ရှပ် တွေကို Chinos ဘောင်းဘီတွေနဲ့သာ တွဲဝတ်ပါ။ အရောင်ခပ်ဖျောဖျော့ Chinos တွေက နွေရက်တွေအတွင်းမှာ မျက်စိအေးစေပြီး စတိုင်ကျကျ သားနားတဲ့ ဖက်ရှင်အသွင်အပြင်ကို ရစေမှာပါ။ လီနင်ရှပ်နဲ့ Chinos အတွဲအစပ်ကတော့ စတိုင်ကျတဲ့ ယောကျာ်းလေးတွေအတွက် ရုံးတက်ကျောင်းတက် နေ့စဉ်ဝတ်ဖက်ရှင် တစ်ခုအဖြစ် ထိပ်တန်းရွေးချယ်စရာ ဖက်ရှင်တစ်ခု ဖြစ်ပါတယ်။

(၄) လီနင်ရှပ်တွေကို Trousers နဲ့ တွဲဝတ်ပါ

Linen Shirt With Trousers

Photo : Dmarge

စမတ်ကျကျ ခန့်ညားတဲ့ ယောကျာ်းတစ်ယောက် အသွင်အပြင်ကို ရစေဖို့ဆို လီနင်ရှပ်တွေနဲ့ ကွီးတို့ရဲ့ခန္ဓာကိုယ်အတိုင်း သေချာချုပ်ထားတဲ့ Trousers တွေက ပြီးပြည့်စုံတဲ့ ဖက်ရှင်အတွဲအစပ်တစ်ခုပါပဲ။ အလုပ်ခွင် ကနေ ပွဲတက် အခမ်းအနားအထိကို သားသားနားနားနဲ့ စမတ်ကျတဲ့ ဖက်ရှင်အသွင်အပြင်ကို ပြည့်ပြည့်ဝဝ ရစေမှာပါ။ လီနင်ရှပ် တွေကို ဘောင်းဘီထဲထည့်ဝတ်ပါ။ ဘော်ဒီနဲ့ ကွက်တိ Fit ဖြစ်နေတဲ့ ဆိုဒ်ကို ရွေးဖို့အရေးကြီးပါတယ်။ အောက်က လည်သာ Shoes ဒါမှမဟုတ် ခြေအိတ်မပါတဲ့ Loafers တွေနဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

Featured Photo : Faros Linen