၂၀၂၄-၂၀၂၅ ဘောလုံးရာသီအတွက် နွေဈေးကွက်ကြီး စတင် ဖွင့်လှစ်ချိန်ကနေ လက်ရှိအချိန်ထိ ကစားသမား ခေါ်ယူမှုတွေ ရှယ်ကြမ်းနေတာက အက်စတွန် ဗီလာအသင်းပါ။ ကစားသမား (၈)ယောက်အတွက် ယူရို (၁၇၆)သန်းအထိ အသုံးပြုထားတာလည်း ဖြစ်ပါတယ်။ ဒါကလည်း လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိထားတာကြောင့် အခုလို ကြီးမားတဲ့ အသုံးစရိတ်ကို အသုံးပြုနေတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီရာသီမှာပဲ ချန်ပီယံလိဂ်ဝင်ခွင့် ပြန်ရထားတဲ့ လီဗာပူးလ် ရဲ့ အသုံးစရိတ်ကတော့ လက်ရှိအချိန်ထိ သုညပါပဲ။

departure players

Photo Credit: TEAMtalk

ယာဂန် ကလော့ပ်လို အသင်းအတွက် လုံးဝ အရေးပါလှတဲ့ နည်းပြကြီးတစ်ဦးကို လက်လွတ်ခဲ့ရပြီး နယ်သာလန်လူမျိုး နည်းပြ အာနီ ဆလော့ကို အစားထိုးလိုက်ရတဲ့ လီဗာပူးလ်အသင်းဟာ လက်ရှိမှာ ကစားသမားအဝင် လုံးဝ ရှိမနေသေးပဲ အထွက်တွေသာ ရှိနေပါတယ်။ ကွင်းလယ်လူ သီယာဂို အယ်လ်ကန်တာရာ နောက်ခံလူ ဂျိရယ်လ် မာတစ်နဲ့ ဂိုးသမား အက်ဒရီယန်တို့ စာချုပ်သက်တမ်း ပြည့်သွားလို့ အသင်းကနေ အလွတ်နဲ့ အသီးသီး ထွက်ခွာသွားခဲ့ကြသလို ညာနောက်ခံလူ ရမ်ဆေးလည်း ဝီဂန်ဆီ အငှားနဲ့ ထွက်ခွာသွားပါတယ်။

liverpool fans sad

Photo Credit : The Empire of The Kop

လီဗာပူးလ် က လက်ရှိမှာ ကစားသမားအထွက်တွေကနေလည်း ဘာဝင်ငွေမှ မရသေးသလို ကစားသမားအဝင်အတွက်ကိုလည်း ဘာအသုံးစရိတ်မှ မသုံးရသေးပဲ ရှိနေပါတယ်။ နွေဈေးကွက်က တစ်လစွန်းစွန်းလောက် ကျန်နေသေးတယ် ဆိုပေမယ့်လည်း သူတို့ ပစ်မှတ်ထားခဲ့တဲ့ ကစားသမား တချို့ကတော့ တခြားအသင်းတွေဆီပါ ရောက်သွားခဲ့ပြီဖြစ်လို့ လီဗာပူးလ်အနေနဲ့ လှုပ်ရှားမှုတွေကို စတင် လုပ်ဆောင်ဖို့သင့်နေပြီလို့ ဆိုရပါမယ်။

salah van dijk arnold

Photo Credit : TEAMtalk

ခက်တာတစ်ခုကတော့ လီဗာပူးလ်ဟာ နောက်ခံလူ အသင်းခေါင်းဆောင် ဗန်ဒိုက် ညာနောက်ခံလူ အာနိုးနဲ့ တိုက်စစ်ကစားသမား မိုဆာလာတို့ကို စာချုပ်သစ် ချုပ်ဆိုသွားရဖို့ပါ ရှိနေတာကြောင့်ပါပဲ။ ဒီကစားသမားတွေဟာ လီဗာပူးလ် အတွက် အရေးပါတဲ့ ကစားသမား အဓိက ကစားသမားတွေ ဖြစ်နေတဲ့အပြင် ဒီလို ကစားသမားတွေကို စာချုပ်သစ် မချုပ်ဆိုနိုင်လို့ အလွတ်နဲ့ လက်လွတ်ရမယ်ဆိုရင် ဒါက အသင်းအတွက် အတော်လေလးကို နစ်နာရနိုင်တဲ့ အနေအထားမျိုးလည်း ဖြစ်နေတဲ့အတွက် ကစားသမားသစ် ခေါ်ယူဖို့ထက်တောင် ဦးစားပေး လုပ်ဆောင်ရမယ့် ကိစ္စပါ ဖြစ်နေရပါတယ်။

Featured Photo: Al Jazeera