ဒါဘီကောင်တီနည်းပြ ဝိန်း ရူနီ က လီဗာပူးလ် အသင်းဟာ ယခုရာသီ ပရီးမီးယားလိဂ်ဖလားကို မန်ချက်စတာစီးတီးကို ပွတ်ကာသီကာ ကျော်ဖြတ်ပြီး ရရှိသွားလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။

Derby County's Head Coach Wayne Rooney

Photo: Football365

မန်ချက်စတာယူနိုက်တက်ကို အိမ်ကွင်း အန်းဖီးမှာ ၄-၀ နဲ့ အနိုင်ယူခဲ့တဲ့ လီဗာပူးလ်ဟာ လက်ရှိမှာတော့ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၁ နေရာက မန်ချက်စတာစီးတီးနဲ့ ၁ မှတ်အကွာ ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ မန်ချက်စတာစီးတီးအသင်းနဲ့ ရမှတ် ကြီးကြီးမားမား ကွာဟနေမှုကို လျှော့ချနိုင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ မန်ချက်စတာစီးတီး တစ်ချက်မှားသွားတာနဲ့ ပရီးမီးယားလိဂ်ဖလားကို အရယူနိုင်တဲ့ အနေအထားမှာ ရှိနေပြီ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တသက်တာထိပ်တန်းဂိုးသွင်းရှင် ဝိန်း ရူနီက ကလော့ပ်ရဲ့ အသင်းဟာ ယခုရာသီ ပရီးမီးယားလိဂ်ဖလားကို ဂွါဒီယိုလာရဲ့အသင်းကို ပွတ်ကာသီကာ ကျော်ဖြတ်ပြီး ကိုင်မြှောက်သွားနိုင်လိမ့်မယ်လို့ အခိုင်အမာ ပြောကြားခဲ့တာဖြစ်ပါတယ်။

Klopp and Guardiola

Photo: Liverpool.com

“ကျွန်တော် သူတို့ထဲက တစ်သင်းမှ မနှစ်သက်ပေမယ့်လည်း သူတို့ထဲက တစ်သင်းရမယ်ဆိုတာကတော့ သိသာပါတယ်။ လီဗာပူးလ်က နှာတစ်ဖျားအသာနဲ့ ရယူသွားနိုင်မယ်လို့ ကျွန်တော် ထင်တယ်။ သူတို့တွေက ပြီးခဲ့တဲ့လအနည်းငယ်အတွင်းမှာ တကယ်ကို အားကောင်းနေခဲ့တဲ့ပုံပေါ်တယ်လို့ ကျွန်တော် ထင်ပါတယ်။ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ အနိုင်ရရှိခဲ့တာကလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲအပေါ် အကျိုးသက်ရောက်မှုရှိတယ်လို့ ကျွန်တော် ထင်တယ်”

“အဲဒီတော့ ကျွန်တော်ကတော့ လီဗာပူးလ်ကပဲ ပရီးမီးယားလိဂ်ဖလားကို ပွတ်ကာသီကာလေး ရယူသွားနိုင်မယ်ဆိုတဲ့ ခံစားချက်မျိုး ရှိနေပါတယ်။ အဲဒီလို မဖြစ်ပါစေနဲ့လို့ မျှော်လင့်မိပါတယ်။ ကျွန်တော်ကတော့ မန်စီးတီးကို ပိုပြီးတော့ ရစေချင်လို့ပါ”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo: Football365