မနေ့ညက မန်စီးတီးနဲ့ အာဆင်နယ် အသင်းတို့ လုံးဝကို အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြရင်း ပွဲပြီးခါနီး ဂျွန် စတုန်းစ်ရဲ့ ချေပဂိုးကြောင့်သာ (၂)ဂိုးစီ သရေကျခဲ့ရပါတယ်။ တကယ်တော့ ဒီပွဲမှာ အာဆင်နယ်က ပွဲပြီးခါနီးလောက်အထိ (1-2) ဆိုတဲ့ ရလဒ်နဲ့ ဦးဆောင်ထားခဲ့ပေမယ့် နာကျင်အချိန်ပို အသည်းခွဲဂိုးကြောင့်သာ အာဆင်နယ်တို့ ကံဆိုးသွားခဲ့ရတာဖြစ်ပြီး Etihad မှာ စီးတီးကို အနိုင်ယူနိုင်မယ့် အခွင့်အရေးကြီးကိုလည်း လက်လွတ်ခဲ့ရပါတယ်။

city v arsenal

Photo Credit: Premier League’s X

ဒီနောက်ပိုင်းနှစ်တွေမှာ ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံ ဆုဖလားအတွက် မန်စီးတီးအသင်းရဲ့ အဓိကပြိုင်ဘက် အဓိက စိန်ခေါ်သူဟာ အာဆင်နယ်အသင်း ဖြစ်လာခဲ့ပါတယ်။ ယခင်ကတော့ လီဗာပူးလ်က မန်စီးတီးအတွက် အနီးကပ် စိန်ခေါ်သူ ဖြစ်ခဲ့ပေမယ့် ကစားသမားအင်အား ခြေစွမ်းပိုင်း အစစအရာရာ တိုးတက်လာခဲ့တဲ့ အာဆင်နယ်က လီဗာပူးလ်ကို ကျော်တက်လာခဲ့ရင်း မန်စီးတီးကို အဆက်မပြတ် ဖိအားပေးလာခဲ့တာ ပြီးခဲ့တဲ့ (၂)ရာသီ ဆက်တိုက်ပါပဲ။ အခု ဒီရာသီထဲ ပထမဆုံးအကြိမ် တွေ့ဆုံမှုမှာဆိုရင်လည်း အာဆင်နယ်က မန်စီးတီးကို Etihad ကွင်းမှာပါ အနိုင်ရဖို့အထိ အလွန်နီးစပ်ခဲ့ပေမယ့်လည်း ကံဆိုးပြီး ချေပဂိုး ခွင့်ပြုလိုက်ရရင်း တစ်မှတ်စီသာ ခွဲယူလိုက်ရပါတယ်။

red card

Photo Credit: B/R Football’s X

ဒီပွဲမှာ နှစ်သင်းလုံးက ကွင်းလယ်ဒိုင် မိုက်ကယ် အိုလီဗာရဲ့ အငြင်းပွားဖွယ်ရာ ဆုံးဖြတ်ချက်တွေနဲ့ ကြုံတွေ့ခဲ့ရသလို အာဆင်နယ်ကတော့ ထရော့ဆာ (၂)ဝါ (၁)နီနဲ့ ထုတ်ပယ်ခံလိုက်ရတာက အာဆင်နယ် အတွက် အတော်လေး နစ်နာခဲ့ပါတယ်။ ဒါ့အပြင် မန်စီးတီး ခွင့်ပြုလိုက်ရတဲ့ ချေပဂိုးမှာလည်း အာဆင်နယ်က ပြစ်ဒဏ်ဘော ကန်ရမယ့် နေရာကနေ ရှေ့ကို တက်သွားခဲ့တာကို အိုလီဗာ သတိမထားမိလိုက်တာကလည်း မန်စီးတီးအတွက် နစ်နာခဲ့ရပါတယ်။ ဒါပေမယ့် တစ်ပွဲလုံး ခြုံကြည့်ရမယ်ဆိုရင်တော့ အာဆင်နယ်က ပိုပြီးတော့ကို နစ်နာခဲ့ရတယ်လို့ ဆိုရပါမယ်။

bernardo silva

Photo Credit: Goal

ပွဲအပြီးမှာတော့ မန်စီးတီး ကွင်းလယ်ကစားသမား ဘာနာဒို ဆေးလ်ဗားက “အာဆင်နယ်နဲ့ လီဗာပူးလ်တို့ကို ရင်ဆိုင်ရတဲ့အခါ ခြားနားချက်ကိုတော့ ကျွန်တော် မသိပါဘူး။ ဖြစ်နိုင်တာကတော့ လီဗာပူးလ်က ပရီးမီးယားလိဂ်ဖလား ရခဲ့ဖူးတယ်။ အာဆင်နယ်ကတော့ မရခဲ့ဖူးဘူး။ နောက်ပြီး လီဗာပူးလ်က ချန်ပီယံလိဂ်ဖလားလည်း ရခဲ့ဖူးသေးတယ်။ အာဆင်နယ် က ဒီဖလားလည်း မရခဲ့ဘူး။ နောက်ပြီး လီဗာပူးလ်အသင်းက ကျွန်တော်တို့နဲ့ ရင်ဆိုင်ရပြီဆိုုတာနဲ့ အနိုင်ရဖို့ ကြိုးစားတယ်။ ဒါကြောင့် ဒီရှုထောင့်အရ အာဆင်နယ်နဲ့ ကစားရတဲ့ပွဲတွေက လီဗာပူးလ်နဲ့ ရင်ဆိုင်ရသလိုမျိုး မဟုတ်ဘူးဆိုတာ သေချာပါတယ်။” လို့ ပြောဆိုလိုက်ပါတယ်။

Featured Photo: Goal