ဘိုင်ယန်မြူးနစ် အသင်းဟာ လာမယ့်နွေရာသီမှာ တိုက်စစ်မှူး လီဝန်ဒေါစကီး နေရာမှာ အစားထိုးနိုင်မယ့် ကစားသမားကို ရှာတွေ့ခဲ့မယ်ဆိုရင် ပိုလန်ဝါရင့် တိုက်စစ်မှူးကို ရောင်းထုတ်ဖို့ ဆန္ဒရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လျက် ရှိပါတယ်။

အသက် ၃၃ နှစ်အရွယ် ပိုလန်သားဟာ ပြီးခဲ့တဲ့ စနေနေ့က ဘိုင်ယန်မြူးနစ် အသင်းနဲ့ ဝုလ်ဖ်ဘတ် အသင်းတို့ တစ်ဖက်၂ -၂ ဂိုးစီ သရေကျခဲ့တဲ့ ဘွန်ဒစ်လီဂါ ပွဲစဉ်အပြီးမှာ အသင်းနဲ့စာချုပ်သစ် ထပ်မံချုပ်ဆိုတော့မှာ မဟုတ်ကြောင်း  ဝန်ခံပြောကြားခဲ့တာ ဖြစ်ပါတယ်။

Photo : All Football

လီဝန်ဒေါစကီး ဟာ အခုနွေရာသီမှာ ဘာစီလိုအနားအသင်းကို ပြောင်းရွှေ့ဖို့ အသည်းအသန် ချိတ်ဆက်မှုတွေ ရှိနေတာဖြစ်ပြီး နည်းပြ ဇာဗီကလည်း ပိုလန်သားကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ် အသင်းရဲ့ အားကစားဒါရိုက်တာ ဟာဆန် ဆာလီဟာမစ်ဇစ် ကတော့  အသင်းရဲ့ သဘောထားမှာ မပြောင်းလဲသေးကြောင်းနဲ့ ၎င်း တိုက်စစ်မှူးရဲ့ စာချုပ်သက်တမ်းက လာမယ့်နွေရာသီအထိ သက်တမ်းကုန်ဆုံးမှာ မဟုတ်ကြောင်း ထောက်ပြပြောဆို သွားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ် အသင်းဟာ သူတို့ရဲ့ သဘောထားကို တိတိကျကျ ထုတ်ဖော်ပြောကြားခြင်း မရှိပေမယ့် လီဝန်ဒေါစကီးနေရာမှာ အစားထိုးနိုင်မယ့် ကစားသမား ရှာတွေ့ခဲ့မယ်ဆိုရင်တော့ ၎င်းတိုက်စစ်မှူးကို လက်လွှတ်ဖို့များနေတယ်လို့ Sport1 သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အကယ်၍ ဘိုင်ယန်မြူးနစ် အနေနဲ့ အစားထိုးနိုင်မယ့် ကစားသမားကို ရှာမတွေ့ခဲ့ဖူးဆိုရင်တော့ လီဝန်ဒေါစကီးက အသင်းမှာ ဆက်ရှိနိုင်ဖွယ် ရှိနေတာ ဖြစ်ပါတယ်။ လီဝန်ဒေါစကီးဟာ ဘွန်ဒက်လီဂါ ချန်ပီယံ ဝုလ်ဖ်ဘတ်အသင်းကို ၂ ဂိုးပြတ်နဲ့ ဦးဆောင်ခဲ့တဲ့ ပွဲမှာ ဂိုးသွင်းယူပေးနိုင်ခဲ့တာကြောင့် ဒီရာသီမှာ သွင်းဂိုး ၅၀ ပြည့်မြောက်သွားခဲ့ပြီ ဖြစ်ပါတယ်။

” ဟာဆန်နဲ့ ကျွန်တော် စကားပြောခဲ့ပြီးပြီ ၊ ကျွန်တော်ဆုံးဖြတ်လည်း ချပြီးပါပြီ ၊  ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သက်တမ်းတိုးတော့မှာ မဟုတ်ဘူးလို့ သူ့ကို အသိပေးခဲ့ပါတယ် ၊ ဒီပွဲက ဘိုင်ယန်အတွက် ကျွန်တော့်ရဲ့ နောက်ဆုံးပွဲ ဖြစ်နိုင်ပါတယ် ၊ ဒါကို ရာနှုန်းပြည့် သေချာမပြောနိုင်ပေမယ့် ဒါက ကျွန်တော့်ရဲ့ နောက်ဆုံးပွဲ ဖြစ်လာနိုင်ပါတယ် ၊ ကျွန်တော်နဲ့ ကျွန်တော့်အသင်းအတွက် အကောင်းဆုံး အဖြေရှာဖို့ လိုအပ်ပါတယ်” လို့ လီဝန်ဒေါစကီးက ဝုလ်ဖ်ဘတ်နဲ့ ပွဲအပြီးမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

Photo : Bavarian Football Works

လီဝန်ဒေါစကီးဟာ ဝုလ်ဖ်ဘတ်နဲ့ ပွဲအပြီး ဘိုင်ယန်အသင်းပရိသတ်တွေကို လက်ပြ နှုတ်ဆက်ခဲ့ကာ အသင်းကနေ နှုတ်ဆက်ထွက်ခွာတော့မယ့် အရိပ်အယောင်မျိုး ပြသခဲ့တာ ဖြစ်ပါတယ်။

အပြောင်းအရွှေ့ဈေးကွက် ပြန်လည်ဖွင့်လှစ်ချိန်မှာတော့ ကတ်တလန် အသင်းကြီးထံကို ၃ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထားကြောင်း The Times သတင်းက ပြီးခဲ့တဲ့စနေနေ့မှာ ဖော်ပြသွားခဲ့ပါတယ်။ ဘာစီလိုနာ အသင်းအနေနဲ့ တိုက်စစ်မှူး လီဝန်ဒေါစကီး အတွက်ပြောင်းရွှေ့ကြေး ယူရိုသန်း ၃၀ ကနေ ၃၅ သန်း အထိပေးချေ သွားဖွယ်ရှိနေတာ ဖြစ်ပါတယ်။

တကယ်လို့ လီဝန်ဒေါစကီးသာ လာမယ့်သီတင်းပတ်တွေအတွင်း ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာခဲ့မယ်ဆိုရင် ဘိုင်ယန်အသင်းသမိုင်းတစ်လျောက် တန်ဖိုးအကြီးဆုံး ကစားသမားတွေထဲက တစ်ယောက်အဖြစ် လက်လွှတ်ဆုံးရှုံးရမှာ ဖြစ်ပါတယ်။

ပိုလန်တိုက်စစ်မှူး ဟာ ၂၀၁၄ နွေရာသီအပြောင်းအရွှေ့က ဒေါ့မွန်အသင်းမှ ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဘိုင်ယန်အသင်းနဲ့ ၈ နှစ်တာ ကာလအတွင်း ဘွန်ဒက်လီဂါ ချန်ပီယံဆု ၈ ကြိမ် နဲ့ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်တို့ကို ဆွတ်ခူးနိုင်ခဲ့ကာ  ဂန္ထဝင်တိုက်စစ်မှူး ဂတ်မူလာပြီးနောက် အသင်းသမိုင်းတစ်လျှောက် ပြိုင်ပွဲစုံ ဒုတိယသွင်းဂိုးအများဆုံး ကစားသမားအဖြစ် စံချိန်တင် မှတ်တမ်းဝင်ထားသူပဲ ဖြစ်ပါတယ်။

Photo : New Straits Times

ဘိုင်ယန်မြူးနစ် အသင်းရဲ့ အမှုဆောင်အရာရှိချုပ် အိုလီဗာခန်းက လီဝန်ဒေါစကီးကို ထွက်ခွာခွင့်ပြုတာဟာ ရူးမိုက်တဲ့ ဆုံးဖြတ်ချက်တစ်ခုပဲလို့ ပြီးခဲ့တဲ့လက Amazon Prime မှာ ပြောကြားခဲ့ပါတယ်။

” တစ်ရာသီကို သွင်းဂိုး ၃၀ ကနေ ၄၀ လောက်အထိ သွင်းပေးနေတဲ့ တိုက်စစ်မှူး ကို ရောင်းတာက ကျွန်တော်တို့ ရူးမိုက်လွန်းရာ ကျနေပါလိမ့်မယ် ၊ ကျွန်တော်တို့ လာမယ့် ရက်သတ္တပတ်တွေအတွင်း သူရဲ့ အနာဂတ်အကြောင်း ဆွေးနွေးဖြစ်ကြမှာပါ ၊ သူ့မှာ ၂၀၂၃ ခုနှစ် ဇွန်လအထိ စာချုပ်သက်တမ်း ကျန်ရှိနေပြီး နောက်ရာသီအထိ အသင်းမှာ သူဆက်ရှိနေဖို့ သေချာသလောက် ရှိနေပါတယ် ” လို့ အိုလီဗာခန်းက ပြောခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ် ဟာ လီဗာပူးတိုက်စစ်မှူး ဆာဒီယို မာနေးနဲ့ ဆက်သွယ်ခဲ့ပြီး မာနေးက တိုက်စစ်မှူး လီဝန်ဒေါစကီး နေရာမှာ အစားထိုးနိုင်ခြေရှိတဲ့ ကစားသမားတစ်ယောက် ဖြစ်လာနိုင်ကြောင်း The Times သတင်းရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Featured Photo : Goal.com