အလုပ်ခွင်ထဲမှာ မနက်ပိုင်း အလုပ်စစချင်းတော့ တတ်ကြွပေမဲ့ အချိန်ကြာလာတာနဲ့အမျှ လေးလံထိုင်းမှိုင်းပြီး တတ်ကြွမှုမရှိတာမျိုး ဖြစ်တတ်ပါတယ်။ ဒါက ကွီးတို့ပဲတော့ မဟုတ်ပါဘူး။ လူတော်တော်များများ ဖြစ်တတ်ပါတယ်။ ထိုင်တာများလာရင်လည်း ပျင်းရိလေးလံထိုင်းမှိုင်းတာမျိုး ဖြစ်တတ်ပါတယ်။ ဒီအချက်ဟာ တစ်ခါတစ်လေဆိုရင်တော့ ပြဿနာမရှိပေမဲ့ နေ့တိုင်းလိုလိုဆိုရင်တော့ ကွီးတို့အလုပ်ကို ထိခိုက်စေပါတယ်။ အလုပ်ပြီးမြောက်မှုကိုလည်း နှောင့်နှေးစေပါတယ်။ ဘယ်လိုအကြောင်းမျိုးနဲ့ပဲ ဖြစ်စေ လုပ်ငန်းခွင်မှာ လေးလံထိုင်းမှိုင်းနေပါသလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးမှာ ကွီးတို့အတွက် လုပ်ငန်းခွင်မှာ လေးလံထိုင်းမှိုင်းမှု မရှိဘဲ တတ်ကြွနေစေဖို့ လိုက်လုပ်ကြည့်သင့်တဲ့ လွယ်ကူတဲ့ အချက်လေးတွေ ကိုဝေမျှပေးချင်ပါတယ်။

(၁) မနက်ခင်း လေ့ကျင့်ခန်း ပြုလုပ်ပါ

လုပ်ငန်းခွင်မှာ တတ်ကြွနေစေဖို့

Photo : Steel Supplements

မနက်ခင်းမှာ လေ့ကျင့်ခန်းလုပ်ပြီး ကွီးတို့ရဲ့ တစ်နေ့တာကို စတင်ခြင်းက စိတ်ရော၊ ကိုယ်ပါ တတ်ကြွစေပါတယ်။ ဒါ့အပြင် သွေးလည်ပတ်မှုကောင်းစေပြီး တစ်နေကုန် လန်းဆန်းတတ်ကြွ စေပါတယ်။ ဦးနှောက်ကိုလည်း အထောက်အကူပြုစေပါတယ်။ တစ်နေ့တာလုံး ထိုင်ပြီး အလုပ်လုပ်ရတဲ့ ကွီးတို့အတွက် မဖြစ်မနေ မနက်ခင်းလေ့ကျင့်ခန်းကို ပြုလုပ်ခြင်းက လုပ်ငန်းခွင်မှာ လေးလံထိုင်းမှိုင်းမှုမရှိဘဲ တတ်ကြွနေစေဖို့ အထောက်အကူပြုမှာ အသေအချာပါပဲ။

(၂) အလုပ်ကို လမ်းလျှောက် သို့မဟုတ် စက်ဘီးစီးပြီးလာပါ

လုပ်ငန်းခွင်မှာ တတ်ကြွနေစေဖို့

Photo : Ladders

ကွီးတို့ရဲ့ လုပ်ငန်းခွင်ကို လမ်းလျှောက် သို့မဟုတ် စက်ဘီးစီးပြီးလာလို့ အဆင်ပြေပါက ဒီနည်းလမ်းကို အသုံးပြုပါ။ ဒီလို မနက်ခင်းမှာ လှုပ်ရှားမှုများနဲ့ စတင်တာက ကွီးတို့ရဲ့ တစ်နေ့တာအတွက် ပိုမိုလုပ်ဆောင်နိုင်ပြီး အံဝင်ခွင်ကျဖြစ်စေရန် အကောင်းဆုံးနည်းလမ်း တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် စိတ်ကိုလည်း ကြည်လင် လန်းဆန်းစေပါတယ်။ ဒီနည်းလမ်းကလည်း ကွီးတို့ကို မနက်ခင်းလေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ထပ်တူညီတဲ့ အကျိုးကျေးဇူးကို ပေးစွမ်းနိုင်ပါတယ်။

(၃) ဖုန်းခေါ်ခြင်း၊ အီးမေးလ်ပို့ခြင်းအစား လမ်းလျှောက်ပါ

လုပ်ငန်းခွင်မှာ တတ်ကြွနေစေဖို့

Photo : Sami Eltamawy

လုပ်ငန်းခွင်မှာ လေးလံထိုင်းမှိုင်းနေခြင်းရဲ့ အဓိက အကြောင်းတစ်ခုကတော့ အထိုင်များလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် လှုပ်ရှားနိုင်တဲ့ အခွင့်အရေးမှန်သမျှ အသုံးချပါ။ တစ်နည်းအားဖြင့် ကွီးတို့ လုပ်ဖော်ကိုင်ဖက်ကို အလုပ်ကိစ္စပြောစရာရှိလျှင် ဖုန်းခေါ်ခြင်း၊ အီးမေးလ်ပို့ခြင်း မလုပ်ဘဲ ၎င်းတို့ရဲ့ စားပွဲပေါ်သို့ လျှောက်သွားပြီး မျက်နှာချင်းဆိုင် စကားပြောပါ။ ဒီလိုလုပ်ခြင်းက ကွီးတို့ ခန္ဓာကိုယ်ကို လှုပ်ရှားပြီးသားဖြစ်သလို လူမှုဆက်ဆံရေး အပိုင်းမှာလည်း အပြန်အလှန်တိုက်ရိုက် ဆက်ဆံမှုရှိခြင်းက လုပ်ဖော်ကိုင်ဖက် အချင်းချင်း ခင်မင်မှုကို ပိုပြီး တိုးတက်ကောင်းမွန်စေပါတယ်။

(၄) မတ်တပ်ရပ်ပြီး အစည်းအဝေးပြုလုပ်ပါ

လုပ်ငန်းခွင်မှာ တတ်ကြွနေစေဖို့

Photo : Fellow.app

အစည်းအဝေးတွေက များသောအားဖြင့် အချိန်ကြာတတ်ပါတယ်။ ၁ နာရီကြာလောက် အစည်းအဝေးမှာ ထိုင်နေရလျှင် ကွီးတို့ ပျင်းရိလာပြီး လေးလံထိုင်းမှိုင်းလာနိုင်ပါတယ်။ ကွီးတို့ပိုပြီး တတ်တတ်ကြွကြွနဲ့ ဖြစ်စေဖို့ မတ်တပ်ရပ် အစည်းအဝေးတစ်ခုကို စီစဉ်ကြည့်ပါ။ ၎င်းက ကွီးတို့အတွက် ပိုမိုထိရောက်စေသည်သာမက တတ်ကြွစေတဲ့ နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် ကွီးတို့အတွက် လေးလံထိုင်းမှိုင်းမှုနဲ့ စိတ်ဖိစီးမှုများကိုပါ လျော့ကျစေပြီး တီထွင်ဖန်တီးနိုင်စွမ်းနှင့် လွတ်လပ်စွာ စကားပြောဆိုမှုကို အားပေးရာလည်း ရောက်ပါတယ်။

(၅) အကြောဆန့်ပါ

active at work

Photo : This Physio Company

အိုလံပစ်အားကစားဆိုင်ရာ ရူပဗေဒပညာရှင် Mark Alexander က ထိုင်တာ မိနစ် ၃၀ ကြာပြီးတိုင်း စားပွဲမှ မတ်တပ်ရပ်ကာ ဒါမှမဟုတ် အလုပ်ကို ခဏရပ်ပြီး ရင်ဘတ်နဲ့ ကျောရိုးကို ဆန့်ထုတ်ပြီး အကြောဆန်ဖို့ အကြံပြုထားပါတယ်။ အကြောဆန့်ခြင်းက ကွီးတို့ရဲ့ ကျောနှင့် လည်ပင်းနာကျင်မှုကို လျှော့ချပေးနိုင်သည့်အပြင် ခွန်အားပိုဖြစ်စေသည်ဟု ခံစားရစေပါတယ်။ ဒါ့အပြင် လေးလံထိုင်းမှိုင်းမှုကို လျှော့ချနိုင်ပြီး ကွီးတို့ရဲ့ အလုပ်ပို ပြန်လည် အာရုံစိုက်နိုင်ပါလိမ့်မယ်။ နောက်တစ်နည်းအနေနဲ့ ကိုယ့်အလုပ်စားပွဲမှာပဲ လုပ်လို့ရတဲ့ Workout များကိုလေ့ကျင့်ထားပြီး လုပ်ကြည့်ပါ။ ထိုသို့လုပ်ခြင်းဖြင့် စိတ်ဖိစီးမှု ကိုလည်းလျော့ကျ သက်သာစေရုံသာမက အထိုင်များခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာများကိုလည်း ကာကွယ်ပြီးသားဖြစ်စေပါတယ်။

(၆) သီချင်းနားထောင်ပါ

active at work

Photo : Vista Create

ကွီးတို့ရေ လုပ်ငန်းခွင်မှာ လေးလံထိုင်းမှိုင်းမှု မရှိဘဲ တတ်ကြွနေစေဖို့ သီချင်းထောင်ခြင်းကလည်း လိုက်လုပ်ကြည့်သင့်တဲ့ လွယ်ကူတဲ့ အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။ တေးဂီတတွေဟာ လူရဲ့စိတ်ကို လွှမ်းမိုးနိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် တေးဂီတဟာ ဖျော်ဖြေရေးသက်သက်သာ မဟုတ်ဘဲ စိတ်အားထက်သန်မှုနဲ့ စိတ်ခံစားချက်ကို ထိန်းသိမ်းပေးနိုင်တဲ့ ရင်းမြစ်တစ်ခု ဖြစ်ပါတယ်။ စိတ်အားတတ်ကြွစေတဲ့ သီချင်းလေးတွေက ကွီးတို့ရဲ့ လေးလံထိုင်းမှိုင်းမှုကို လျှော့ချပေးနိုင်ပါတယ်။

(၇) ခဏလောက် အာရုံပြောင်းပါ

active at work

Photo : Wealth Management

ကွီးတို့ ရုံးခန်း ဝရံတာကဖြစ်စေ နေရောင် ဖျော့ဖျော့လေး ခံတာမျိုး၊ ကိုယ်အလုပ်လုပ်တဲ့ နေရာ၊ ကိုယ့်ကို လေးလံထိုင်းမှိုင်မှု ဖြစ်စေတဲ့ အလုပ်စားပွဲမှ ခဏထပြီး လမ်းလျှောက်တာမျိုး လုပ်ပေးပါ။ အကယ်၍ အထပ်မြင့် အဆောက်အဉီးမှ ရုံးခန်းဆိုလျှင် ကွီးတို့ စိတ်အာရုံကို အောက်မှာသွားလာနေတဲ့ ကားများအပေါ် သို့မဟုတ် အပေါ်စီးမှ မြင်ရတဲ့မြင်ကွင်းများအပေါ်သို့ ခေတ္တခဏအာရုံပြောင်းလိုက်ပါ။ ဒီလိုလုပ်ခြင်းကလည်း လုပ်ငန်းခွင်မှာ လေးလံထိုင်းမှိုင်းမှုများလျော့ကျပြီး ပြန်လည် တတ်ကြွနေစေဖို့ လိုက်လုပ်ကြည့်သင့်တဲ့ လွယ်ကူတဲ့ အချက်လေးတစ်ချက်ပါပဲ။

ကွီးတို့ရေ လုပ်ငန်းခွင်မှာ လေးလံထိုင်းမှိုင်းပြီး ပျင်းရိလာပါက အထက်မှာဖော်ပြခဲ့တဲ့ အချက်လေးတွေကို လိုက်လုပ်ကြည့်ပါ။ တကယ်ကို ထိရောက်ပြီး ကွီးတို့အတွက် အကျိုးရှိစေမှာ အသေအချာပါပဲ။

Featured Photo : Better Up