ဂျုဗင်တပ်စ်အသင်းရဲ့ ပရိသတ်တွေက အသင်းရဲ့ ဆေးစစ်မှုစင်တာ အနားမှာ စုဝေးပြီး “ငါတို့တွေ လူကာကူ ကို အလိုမရှိဘူး” လို့ အော်ဟစ် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ဘာကြောင့်များ ကိုယ့်အသင်းဆီ ရောက်လာဖို့ ရှိနေတဲ့ ကစားသမားကို အခုလို အော်ဟစ် ဆန္ဒပြနေရတာလဲဆိုတာကို ဖော်ပြပေးသွားချင်ပါတယ်။

lukaku serie a trophy

Photo Credit : Sempreinter

လူကာကူက မန်ချက်စတာ ယူနိုက်တက်ကနေ အင်တာမီလန်အသင်းဆီ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာစဉ်တုန်းကတော့ ဂျင်းမဲဘဝကနေ ပတ္တမြားတုံးကြီးလို ဖြစ်သွားခဲ့ဖူးပါတယ်။ အင်တာကို အနှစ်နှစ် အလလ အလှမ်းဝေးနေတဲ့ စကူဒက်တို ဖလားကြီးလည်း ရယူပေးနိုင်ခဲ့သလို သူ ကိုယ်တိုင်လည်း နှစ်ရာသီအတွင်းမှာ ဂိုးတွေ တမုန်း သွင်းခဲ့ပါသေးတယ်။ ဒီလိုတွေ စွမ်းဆောင်နိုင်လို့ သူ့ကို ချယ်လ်ဆီး ပေါင် (၉၈)သန်းလောက် သုံးစွဲပြီး ပြန်ခေါ်ပါတယ်။ ချယ်လ်ဆီးမှာတော့ လူကာကူက အလုပ် မဖြစ်တဲ့အပြင် ပတ်မွှေခဲ့ပါသေးတယ်။ နောက်ဆုံးတော့ အင်တာဆီပဲ အငှားနဲ့ ပြန်ရောက်လာတယ်။

lukaku inter

Photo Credit : Neija News

အင်တာကို တစ်ကျော့ပြန် ရောက်လာချိန်မှာတော့ လူကာကူ ဂျင်းမဲတစ်ဦး ဖြစ်သွားရပါတော့တယ်။ ဒဏ်ရာရပြီး ပွဲကစားခွင့်တွေ နည်းလာတယ်။ ချန်ပီယံလိဂ် ဖိုင်နယ်မှာလည်း တတွဲတွေ လုပ်တယ်။ ဒါပေမယ့်လည်း အင်တာကတော့ အဲ့ဒီ ဂျင်းမဲကြီးကိုပဲ သံယောဇဉ်တွယ်ပြီး အပြီးသတ် ပြန်လည် ခေါ်ယူဖို့ပါ ကြိုးပမ်းပါသေးတယ်။ ပြသာနာက အဲ့မှာ စတာ။ အင်တာဘက်က တာဝန်ရှိသူတွေ အသင်းဖော်တွေရဲ့ ဆက်သွယ်မှုကို လူကာကူဘက်က တုံ့ပြန်ခြင်း မပြုတဲ့အပြင် ဂျုဗင်တပ်စ်အသင်းဆီ ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုပါ လုပ်ဆောင်နေလို့ ဒါဟာ အင်တာအတွက် ဆွေ့ဆွေ့ခုန်စရာ ဖြစ်ခဲ့ရပြီး အပြီးသတ် ခေါ်ဖို့ ကြိုးပမ်းမှုကိုလည်း အဆုံးသတ်သွားခဲ့ပါတယ်။

lukaku belgium

Photo Credit : RLT Info

ဒီအချိန်မှာ လူကာကူရဲ့ အသင်းသစ် ဖြစ်လာနိုင်တာဆိုလို့ ဂျုဗင်တပ်စ်ပဲ ကျန်ပါတော့တယ်။ ဂျုဗီကလည်း ဗလာဟိုဗစ်ကိုသာ ရောင်းချပြီးတာနဲ့ လူကာကူကို ချက်ချင်း ခေါ်ယူတော့မှာပါ။ ဒါပေမယ့် လူကာကူက ဂျုဗီ ဂျာစီကို ဘယ်တော့မှ မဝတ်ဆင်ဘူး ဂျုဗီအတွက် ဘယ်တော့မှ မကစားပေးဘူးလို့ လူသိရှင်ကြား ပြောဆိုထားဖူးတဲ့ စကားတွေကြောင့် ဒါကို ဂျုဗီ ပရိသတ်တွေက လုံးဝ မေ့ထားလို့ မရနိုင်ပဲ ဒီလို ကစားသမားမျိုးကို သူတို့အသင်းအတွက် အလိုမရှိဘူးဆိုပြီး ဆန္ဒဖော်ထုတ်နေကြတာပဲ ဖြစ်ပါတယ်။ လူကာကူ ကတော့ ချယ်လ်ဆီးမှာလည်း မနေချင် ဆော်ဒီကိုလည်း မသွားချင် အင်တာကလည်း လက်လျှော့ ဂျုဗီကလည်း အခြေအနေမကောင်းနဲ့ သောင်ပြင်မှာလွတ်တဲ့ ဂျင်းမဲလေး တစ်ဦးလို ဖြစ်နေရပါတယ်။

Featured Photo : GVA