လောကမှာ လူတိုင်းက ကွီးတို့လို စိတ်သဘောထား ပြည့်ဝပြီး တစ်ဖက်သားအပေါ်မှာ ရိုးသားစွာနဲ့ ပေါင်းသင်းဆက်ဆံလိမ့်မယ်လို့ မထင်လိုက်ပါနဲ့။ အချို့လူတွေက အာဏာ ပါဝါ ပြလို့ရတဲ့သူဆိုရင် ဖိနှိပ်စွာ ချိုးနှိမ် ဆက်ဆံလေ့ရှိပြီး သူတို့ လှန်လို့ မရတဲ့သူဆိုရင် မျက်နှာချိုသွေးကာ ဆက်ဆံတတ်ကြပါတယ်။ ထိုကဲ့သို့သော လူတွေကို စိတ်သဘောထား မဖြောင့်မတ်တဲ့သူလို့ သတ်မှတ်လို့ရပါတယ်။ သူတို့က တစ်ဖက် လူ ရဲ့ သဘောသဘာဝပေါ် လိုက်ပြီး ပြောင်းလဲ ဆက်ဆံ တတ်ကြပါတယ်။

တကယ်လို့ ကွီးတို့က သူတို့ပြောသမျှကို သဘောထား ကြီးကြီးနဲ့ လက်ခံပေးနေမယ်၊ သူတို့ ခိုင်းသမျှတွေကို သည်းခံပြီး လုပ်ပေးနေမယ်၊ သူတို့ နှိမ်သမျှကို ပြုံးပြုံးကြီးနဲ့ ငြိမ်ခံနေမယ်ဆိုရင်တော့ ကွီးတို့ပဲ နစ်နာရပါလိမ့်မယ်။

ကွီးတို့ ဘဝမှာလည်း ကိုယ့်ကို အားပေး အားမြှောက်သလိုလို မိုတီဗေးရှင်း ပေးသလိုလိုနဲ့ ခွဲခြားဆက်ဆံတာတွေ၊ တစ်ဆင့် နှိမ်ပြီး ဆက်ဆံတာတွေ ကြုံတွေ့ရပါလိမ့်မယ်။ သူတို့တွေက ဘာ့ကြောင့် ကွီးတို့ကို အဲ့ဒီလို ဆက်ဆံတာ ဖြစ်မလဲ။

(၁) ကွီးတို့က စည်းတစ်ခု မတားထားလို့

set boundary

ဆိုကြပါစို့၊ လူတစ်ယောက်က ကွီးတို့ရဲ့ အားနည်းချက်ကို စသလိုလို နောက်သလိုလိုနဲ့ မကြာခဏ စကားထဲ ထည့်ထည့် ပြောနေမယ်၊ ပြောပြီးတာနဲ့ စတာပါကွာ၊ နောက်တာပါကွာ ဆိုပြီး အဆုံးသတ်လိုက်မယ်။ အာ့တာကို ကွီးတို့ကလည်း တကယ် စနောက်တယ်ထင်ပြီး ခပ်ပြုံးပြုံးလေးပဲ တုန့်ပြန်နေမယ်ဆိုရင် ကွီးတို့က သူတို့ ပြောသမျှကို ငြိမ်ခံနေတတ်တဲ့သူပါလားဆိုပြီး ထင်မှတ်သွားကြပါလိမ့်မယ်။ ဘယ်လောက်ပဲ ခင်မင်ရင်းနှီးတဲ့ ဘော်ဒါပဲဖြစ်ပါစေ၊ သူ့အကန့်နဲ့ သူ ရှိပါတယ်။​ ကွီးတို့ကလည်း ထိုကဲ့သို့ မယဥ်ကျေးတဲ့ အပြုအမူကို လက်သင့်မခံပါနဲ့။ စည်းတစ်ခု ခြားထားရပါမယ်။ ဒါမှသာ သူတို့တွေက နောက် ထပ်မလုပ်တော့မှာပါ။

(၂) သူတို့ရဲ့ မကောင်းတဲ့ အမူအကျင့်တွေကို ကွီးတို့က မသိမသာနဲ့ ထောက်ခံနေမိလို့

sad

သူတို့ရဲ့ မကောင်းတဲ့ အပြုအမူနဲ့ အမူအကျင့်တွေက ကွီးတို့က မသိမသာနဲ့ ထောက်ခံပေးနေမိရင်လည်း သူတို့က ကွီးတို့ကို အထင်သေး အမြင်သေးပဲ ဆက်ဆံပါလိမ့်မယ်။​ ဥပမာ ဆိုကြပါစို့၊ ကွီးနဲ့ ထိုလူက အကြောင်းအရာတစ်ခုခုကြောင့် စိတ်သဘောထား မတိုက်ဆိုင်တာ တစ်ခုရှိမယ်၊ သူတို့ကလည်း ကွီးတို့ကို စိတ်ဆိုး မာန်ဆိုးနဲ့ မှိုချိုး မျှစ်ချိုး ပြောမိလိမ့်မယ်။ အဲ့ဒါကို ကွီးတို့က အမှတ်သည်းခြေ မရှိဘဲ ရက်အနည်းငယ် ကြာတဲ့နောက်မှာ သူ စိတ်ပြေဖို့အတွက် လက်ဆောင် တစ်ခုခု ဝယ်ပေးလိုက်မယ်ဆိုရင် ဒီအပြုအမူက သူတို့ရဲ့ ရိုင်းစိုင်းတဲ့ အပြုအမူကို ဆုလက်ဆောင် ချိုးမြှင့်တာနဲ့ အတူတူပါပဲ။ တစ်ဖက်လူအနေနဲ့ ထင်သွားမှာကတော့ “အော် သူ့ကို ငါ ဒီလို ဆက်ဆံရင် ရပါလား” ဆိုတဲ့ အသိစိတ် ဝင်သွားမှာပဲဖြစ်ပါတယ်။​

စိတ်သဘောထား မရိုးဖြောင့်တဲ့ လူ တွေက ကွီးတို့ကို သူတို့ရဲ့ ခိုင်းဖက်လို ဆက်ဆံ တဲ့အခါ၊ ဒါမှမဟုတ် ချိုးနှိမ်ပြီး ဆက်ဆံတဲ့အခါ ကွီးတို့ ဘယ်လို တုန့်ပြန်နိုင်မလဲ

(၁) သူတို့ရဲ့ အပြုအမူနဲ့ ပင်ကိုယ်စရိုက်ကို ကွီးတို့ မထိန်းချုပ်နိုင်ပေမယ့် ကွီးတို့ရဲ့ အပြုအမူကိုတော့ ထိန်းချုပ်လို့ရတယ်ဆိုတာ သတိရပါ

angry man

သူတို့ရဲ့ အပြုအမူတိုင်းကို ကွီးတို့ သည်းခံစရာမလိုပါဘူး။ ဒါပေမဲ့ ကိုယ့်ဘက်က တုန့်ပြန်တဲ့အခါမှာတော့ ပညာရှိ နည်းနဲ့ ပညာသား ပါပါ တုန့်ပြန်တတ်ဖို့တော့ လိုအပ်ပါလိမ့်မယ်။ မတော်လို့ ကွီးတို့က ဒေါနဲ့ မာန်နဲ့ ပြန်လည်တုန့်ပြန်တဲ့အခါ သူ့ အမှားကနေ ကိုယ့်အမှား ဖြစ်သွားမယ်ဆိုတာကို သတိချပ်သင့်ပါတယ်။

(၂) အခြားသူတွေက ကွီးတို့အပေါ် ဆက်ဆံစေချင်တဲ့ ပုံစံအတိုင်း ကွီးတို့ကလည်း ကိုယ့်ကိုယ်ကိုယ် အဲ့ဒီ့အတိုင်း ပြန်ဆက်ဆံရပါမယ်

လူ ဆက်ဆံ

ဆိုလိုတာကတော့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုး ထားတတ်ဖို့ပါ။ ငါက မတော်ဘူး၊ ဟုတ်တယ် ငါ ညံ့လို့ ငါ့ကို နှိမ်တာ၊ ငါက ဘယ်တော့မှလည်း တော်လာမှာ ထက်မြက်လာမှာ မဟုတ်ပါဘူး အစရှိတဲ့ အတွေးတွေ တွေးနေမိမယ်ဆိုရင် အခုကတည်းက ချက်ချင်း ဖယ်ရှားလိုက်ပါ။ ကွီးတို့က အဲ့ဒီလို တွေးလေလေ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်စိတ် ဝင်လေလေ၊ တစ်ဖက်လူက ကွီးတို့ကို ပိုနှိမ်လေလေပါပဲ။

ဒါ့ကြောင့်မို့လို့ အခြားလူတွေက ကွီးတို့အပေါ် ဘယ်လို ဆက်ဆံစေချင်သလဲ။ အဲ့ဒီနည်းအတိုင်း ကိုယ့်ကိုယ်ကိုယ် ပြန်ဆက်ဆံပေးဖို့ လိုအပ်ပါလိမ့်မယ်။ ကွီးတို့က ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပြီး ချစ်တတ်လာမယ်ဆိုရင်တော့ ဘာတွေ ကွာခြားသွားသလဲဆိုတာကို သိမြင်ရပါလိမ့်မယ်။

(၃) ကိုယ် မှန်တယ်ထင်ရင် ခေါင်းငုံ့မခံပါနဲ့

လူ ဆက်ဆံ

ကြက်ခေါင်းဆိတ် မခံ ဆိုတဲ့ စကားကို ကွီးတို့ ကြားဖူးကြပါလိမ့်မယ်။ လူကြီးတချို့ကတော့ ဒီစကားလုံးကို မကောင်းတဲ့ အမြင်နဲ့ မြင်တတ်ကြပါတယ်။ ဒါပေမဲ့ ကိုယ့်ကို အခြားတစ်ယောက်က ထိပါး စော်ကားလာတဲ့အခါမျိုးမှာ၊ မှိုချိုး မျှစ်ချိုးနဲ့ ချိုးနှိမ်ပြီး ဆက်ဆံတဲ့အခါ ကွီးတို့က ငြိမ်ခံ မနေသင့်ပါဘူး။ ကွီးတို့ ကိုယ်တိုင်ကလည်း ဖြောင့်မှန်တဲ့ လူဆိုရင် ကိုယ့်အပေါ် မရိုးဖြောင့်စွာ ဆက်ဆံတဲ့သူကို ခေါင်းငုံ့ ခံမနေသင့်ပါဘူး။

(၄) ကိုယ့်ကို မဟုတ်မမှန် လာဆက်ဆံတဲ့အခါ ချက်ချင်းပဲ ထိုအပြုအမူကို ထောက်ပြပါ

လူ ဆက်ဆံ

ထိပ်တိုက်တွေ့ခြင်းကတော့ ကြောက်ဖို့ကောင်းပါတယ်။ ဒါပေမဲ့လည်း သွယ်ဝိုက်ပြီး ပြောနေရင်း အချိန်ကုန်ပြီး လိုရင်း မရောက်ပါဘူး။ ဒါ့ကြောင့်မို့လို့ ကိုယ့်ကို ချိုးနှိမ်ပြီး ဆက်ဆံတဲ့အချိန်မှာ ချက်ချင်းပဲ​ သူ့ရဲ့ အပြုအမူကို ထောက်ပြပါ။ ထိုအပြုအမူကို လက်သင့်မခံကြောင့် ပွင့်ပွင့်လင်းလင်းသာ ပြောပြပါ။

(၅) စိတ်သဘောထား မရိုးဖြောင့်သူများကို ကိုယ့်ရဲ့ အဝေးမှာ ထားထားပါ

လူ ဆက်ဆံ

ကွီးတို့ရဲ့ သူတို့ရဲ့ အပြုအမူနဲ့ ပင်ကိုယ်စရိုက်ကို ပြောင်းလဲမပစ်နိုင်ပါဘူး။ ကွီးတို့က သူတို့နဲ့ ပေါင်းသင်းဆက်ဆံရတာ မောပန်းလာပြီး စိတ်ကုန်လာပြီဆိုရင်တော့ အကောင်းဆုံး နည်းလမ်းက သူတို့နဲ့ ကင်းကင်းရှင်းရှင်း နေခြင်းပဲဖြစ်ပါတယ်။ မဖြစ်မနေ ပြောဆိုရမယ့် လူမှုရေးရာ ကိစ္စတွေမှာသာ ပြောဆိုဆက်ဆံပါ။ မလိုအပ်တဲ့ အချိန်မှာ အဆက်အဆံ မလုပ်ခြင်းအားဖြင့် အမှိုက်သရိုက်များကို ကွီးတို့ ဘဝထဲက ထုတ်နိုင်ပါတယ်။ ဒါဆိုရင်တော့ ကွီးတို့ရဲ့ ဘဝက အကြည်ဓာတ်တွေနဲ့ပဲ ပြည့်လျှံနေတော့မှာပါ။

ကွီးတို့ရော အခြား လူ တွေက ကိုယ့်ကို တဆင့်နှိမ့်ပြီး ဆက်ဆံ တဲ့အခါ ဘယ်လို တုန့်ပြန်မလဲ။

Source: Yourtango

Featured Photo: Paduffy-solicitors