ဘဝဆိုတာ အမြဲတမ်း ချိုမြိန်နေတယ်ဆိုတာ မရှိပါဘူး။ မမျှော်လင့်ထားတဲ့ အချိန်မှာ မထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေနဲ့ ကျွန်တော်တို့ကို အမြဲစမ်းသပ်လေ့ရှိတယ် မဟုတ်ပါလား။ လူတိုင်းလူတိုင်းဟာ ကိုယ်ရှင်သန်နေတဲ့ ဘဝတစ်လျှောက် လောကဓံကပေးတဲ့ အနိမ့်အမြင့် အတတ်အကျတွေကို ကြုံတွေ့ခံစားဖူးကြမှာပါ။ တစ်ခါတစ်လေမှာ လောကဓံကပေးတဲ့ ခါးသီးမှုတွေကို ရင်ဆိုင်ဖို့အဆင့်သင့် မဖြစ်တာ၊ ကိုယ့်မှာ လက်ခံနိုင်စွမ်းမရှိတာတွေကြောင့် ပိုပြီးထိခိုက် နာကျင်ရပါတယ်။ ဒီဆောင်းပါးလေးမှာတော့ မိတ်ဆွေတို့ကို လောကဓံကပေးတဲ့ ခါးသီးမှုတွေကို ရင်ဆိုင်ရာမှာ တစ်နည်းအားဖြင့် လောကဓံ နဲ့ စီးချင်း ထိုးရာမှာ တစ်ပန်းသာစေဖို့ အထောက်အကူဖြစ်စေမဲ့ အချက်လေးတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

လက်ခံလိုက်ပါ

လောကဓံ စီးချင်း

Photo : Wallpaper Flare

တစ်ခါတစ်ရံမှာ ဘဝက အခက်အခဲတွေ၊ ခါးသီးမှုတွေ၊ ဝမ်းနည်းစရာတွေကို ပေးလာတဲ့အခါ ကျွန်တော်တို့ရဲ့ ပထမဆုံးတုံ့ပြန်မှုက လက်မခံနိုင်ခြင်းနဲ့ မယုံကြည်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ထိုခါးသီးမှု အမှန်တရားတွေကို ကိုယ့်စိတ်ထဲမှာ လက်မခံနိုင်ဖြစ်ကာ ရှေ့ဆက်မလျှောက်နိုင်ဘဲ ထိုနေရာမှာပဲ ပိတ်မိနေတတ်ပါတယ်။ တစ်ခါတစ်ရံမှာ အချို့သူများက ကိုယ်ပြောင်းလဲလို့မရတဲ့ ခါးသီးတဲ့ အဖြစ်မှန်ကို အချိန်ကြာကြာထိ လက်မခံနိုင်ဘဲ မယုံကြည် ဖြစ်နေတတ်ပါတယ်။

ဒီလိုမျိုး လက်မခံနိုင်ဖြစ်နေတာက မိတ်ဆွေတို့ဘဝအတွက် ရှေ့ဆက်လျှောက်ဖို့ အကြီးမားဆုံး အတားအဆီးပဲ ဖြစ်နေပါတယ်။ ဒါကြောင့် ကိုယ်ကြုံတွေ့ရတဲ့ ခါးသီးမှုတွေ၊ မမျှော်လင့်တဲ့ အဖြစ်အပျက်တွေကို အရှိကိုအရှိအတိုင်း လက်ခံလိုက်ပါ။ ချက်ချင်းလက်ခံနိုင်ဖို့ ခက်ခဲလျှင်တောင် ဖြည်းဖြည်းချင်း လက်ခံနိုင်ဖို့ ကြိုးစားပါ။ ထိုသို့ အရှိအတိုင်း လက်ခံလိုက်ခြင်းက မိတ်ဆွေတို့ဘဝမှာ ကြုံတွေ့လာရတဲ့ လောကဓံတွေကြားက အပြုသဘောဆောင်တဲ့ အခြေအနေများကို ဆက်လက်သွားနိုင်ဖို့ အထောက်အကူပြုပါတယ်။

ကိုယ့်ရဲ့ ခံစားချက်ကို အသိအမှတ်ပြုပါ

လောကဓံ စီးချင်း

Photo : The Good Men Project

လောကဓံက ပေးလာတဲ့ ကိုယ်မမျှော်လင့်တဲ့ အဖြစ်အပျက်တွေ၊ ပျက်စီးဆုံးရှုံးမှုတွေ ကြုံလာတဲ့အခါမှာ ဝမ်းနည်းမှု၊ စိတ်ရှုပ်ထွေးမှု၊ ကြောက်ရွံ့မှုနဲ့ နှမြေတသဖြစ်မှု အစရှိတဲ့ ခံစားချက်ပေါင်းများစွာကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ထိုသို့ခံစားရတဲအခါမှာ အတင်းအားထုတ်ပြီး တောင့်ခံထားတာမျိုး မလုပ်ပါနဲ့။ ကိုယ့်ခံစားချက်ကို အသိအမှတ်ပြုပြီး ထိုအတိုင်း ခံစားလိုက်ပါ။ အဟောင်းကို ကြာကြာထိန်းထားလေလေ၊ ပြန်ကောင်းလာဖို့ ကြာလေလေပါပဲ။ ဒါကြောင့် လောကဓံက ဝမ်းနည်းစရာပေးလာရင် ဝမ်းနည်းလိုက်ပြီး ပျော်စရာပေးလျှင် ပျော်လိုက်ပြီး ကြံ့ကြံ့ခိုင်ကာ ရှေ့ဆက်လျှောက်ပါ။

အကြောက်ဆုံးအရာကို ရင်ဆိုင်လိုက်ပါ

လောကဓံ စီးချင်း

Photo : people builders

လောကဓံ နဲ့ စီးချင်း ထိုးရာမှာ ကိုယ့်ဘက်က တစ်ပန်းသာစေဖို့ဆိုရင် ကိုယ်အကြောက်ဆုံး အရာကို ကိုယ်တိုင် ရင်ဆိုင်လိုက်ခြင်းပါပဲ။ မမျှော်လင့်ဘဲ ဖြစ်လာတဲ့ အဖြစ်အပျက်တွေကနေ ကိုယ်ရင်ဆိုင်ဖို့ ကြောက်ရွံ့ပြီး ရှောင်ပြေးနေခြင်းက အဖြေမဟုတ်ပါဘူး။ အကြောက်ဆုံးအရာကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်လိုက်တာက ရှောင်ပြေးနေခြင်းထက် ပိုပြီးစိတ်သက်သာရာ မြန်မြန်ရစေပါတယ်။ ဒါ့အပြင် အကြောက်ဆုံးအရာကို ရင်ဆိုင်ပြီး လွတ်မြောက်သွားတဲ့အခါ ကိုယ့်ဘဝအတွက် အပြုသဘောဆောင်သော တိုးတက်မှုနဲ့ ပိုမိုကောင်းမွန်သော ဘဝသစ်ဆီသို့ ဦးတည်သွားပါလိမ့်မယ်။

ပြန်လည်တည်ဆောက်ပါ

Photo : Introvent Spring

ကိုယ်မဖြစ်ချင်တဲ့အရာ၊ ကိုယ်မလိုချင်တဲ့အရာ၊ ကိုယ်မမျှော်လင့်တဲအရာတွေမှ တစ်ခါတစ်ရံ ရွေးပြီး ဖြစ်လာတတ်တာ ဘဝပါပဲ။ ဒါကိုလက်ခံထားရပါမယ်။ ကိုယ်ဖြစ်ချင်တဲ့ အရာတွေဖြစ်လာတဲ့အခါ ဝမ်းသာပျော်ရွှင်သကဲ့သို့ မဖြစ်ချင်တာတွေ ဖြစ်လာတဲ့အခါ စိန်ခေါ်မှု တစ်ရပ်လို့ မှတ်ယူပြီး အကောင်းဆုံး ရင်ဆိုင်နိုင်ဖို့ သတ္တိမွေးထား ရပါမယ်။ ဘဝမှာ ဘယ်လောက်ပဲ ကြမ်းတမ်းဆိုးဝါးစွာ ဖြစ်ပျက်သွားပါစေ၊ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး ပြန်လည်တည်ဆောက်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် အဆိုးတွေမှာ ကိုယ့်ကိုယ်ကိုယ် အချိန်အကြာကြီး မနစ်မွန်းစေဘဲ ပြန်လည်ရုန်းထွက်ပါ။

အကောင်းမြင်စိတ်ကို မွေးမြူပါ

Photo : Bathany Medical Clinic

လောကဓံ နဲ့ စီးချင်း ထိုးရာမှာ အထောက်အကူပြုစေမဲ့ အချက်တစ်ခုကတော့ အပြုသဘောဆောင်သော အတွေးအမြင်နဲ့ အကောင်းမြင်စိတ် ရှိခြင်းပါပဲ။ အပြုသဘောဆောင်သော အကောင်းမြင်စိတ်ရှိသူတွေဟာ ဘဝမှာ ကြုံတွေ့လာရတဲ့ ဘယ်လိုအခြေအနေမျိုးမှာမဆို အကောင်းဆုံး ဖြတ်ကျော်နိုင်ကြပါတယ်။ သို့သော်လည်း လူတော်တော်များများက ကိုယ်တိုင်အတွက်ဖြစ်စေ၊ အခြားသော ကိစ္စရပ်တွေ အပေါ်မှာ ဖြစ်စေ အပျက်သဘောဆောင်တဲ့ အတွေးအမြင်တွေကို အရင်တွေးမိတတ်ကြပါတယ်။ အပျက်သဘောဆောင်တဲ့ အတွေးတွေက ကိုယ်ကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေအပေါ် ပိုမိုဆိုးတဲ့ အခြေအနေများကိုသာ ဦးတည်သွားကြောင်း သတိပြုရပါမယ်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါ

Photo : The Aspiring Gentleman

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိခြင်းက လောကဓံနဲ့ စီးချင်းထိုးရာမှာ အနိုင်ရဖို့ အကောင်းဆုံး လက်နက်ပါပဲ။ ဘယ်လိုအခြေအနေမျိုးမဆို၊ ဘယ်လိုအရာတွေပဲ ကြုံတွေ့လာရတာ ဖြစ်ပါစေ၊ အကောင်းဆုံး ကျော်ဖြတ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ထားရှိပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု (Self Confidence) ဟာ ကိုယ့်ဘဝကို တိုးတက်စေဖို့နဲ့ ကြုံလာသမျှ အခက်အခဲတွေကို ရင်ဆိုင်နိုင်ဖို့ သော့ချက် တစ်ခုဖြစ်ပြီး တိုးတက်လာစေရန် အတွက်လည်း ကိုယ်တိုင်တည်ဆောက် ဖန်တီးယူလို့ရပါတယ်။

မိတ်ဆွေတို့ရေ ကျွန်တော်တို့ လျှောက်လှမ်းနေတဲ့ ဘဝတစ်လျှောက်မှာ မမျှော်လင့်တဲ့ အဖြစ်အပျက်တွေနဲ့ လောကဓံ စမ်းသပ်ချက်တွေ ကြုံတွေ့ရဦးမှာပါ။ ထိုအခါမှာ လဲပြိုမသွားဘဲ ကြံ့ကြံ့ခိုင်ရင်ဆိုင်နိုင်ဖို့အတွက် ဒီဆောင်းပါးလေးမှာ ဖော်ပြပေးလိုက်တဲ့ အချက်လေးတွေက အထောက်အကူပြုပေးနိုင်မှာ အသေအချာပါပဲ။

Source : Career & Life

Featured Photo : The Sower Magazine