ကျွန်တော်တို့ရဲ့ ခံစားချက်တွေကို ကုစားဖို့ရာ ရုပ်ရှင်တွေက အကောင်းဆုံးထဲက တစ်ခုဆိုတာ ငြင်းလို့မရတာ အမှန်ပါ။ စိတ်တွေ ညစ်နေတယ် ၊ ပျော်စရာတွေ ပျောက်ဆုံးနေတယ် ၊ အသည်းကွဲ နေတယ် ၊ ခံစားချက်တွေ ရှုပ်ထွေးပြီး Burn Out ဖြစ်နေတယ်ဆိုရင် ပျော်ရွှင်ရယ်မောရတဲ့ ဟာသရုပ်ရှင်ဇာတ်ကားလေးတွေက ကွီးတို့ ကြုံတွေ့ခံစားနေရတဲ့ ဆိုးရွားတဲ့ ခံစားချက်တွေကို အထိုက်အလျောက် သက်သာရာရစေဖို့ ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ လောင်နေသမျှ ခံစားချက်တွေ အားလုံးလွင့်စင် ကွယ်ပျောက်သွားစေဖို့ ကွီးတို့ ကြည့်ရမယ့် ပျော်ရွှင်ရယ်မောစရာ ရုပ်ရှင်ဇာတ်ကား ကောင်းလေးတွေကို ညွှန်းပေးချင်ပါတယ်။

(၁) Young Frankenstein (1974)

Young Frankenstein (1974)

Photo : Washington House

၁၉၇၄ ခုနှစ်ထွက် Young Frankenstein ဇာတ်ကားလေးကတော့ IMDb Rating : 8 ရရှိထားတဲ့ ဟာသကောင်းလေး တစ်ကားပါ။ ဇာတ်လမ်းလေးကတော့ Transylvania မှာရှိတဲ့ မိသားစုရဲ့အမွေဆက်ခံရသူ ဒေါက်တာ Frankenstein ရဲ့မြေးအကြောင်း ဇာတ်လမ်းဇာတ်အိမ်တည် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒါရိုက်တာကြီး Mel Brooks ရဲ့ ရိုက်ကူးမှုလက်ရာ ဖြစ်ပြီး အမေရိကန်ဟာသ သရုပ်ဆောင် Gene Wilder က ပူးတွဲဇာတ်ညွှန်းရေးထားသလို ကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ Young Frankenstein (1974) ဇာတ်ကားဟာ ဟာသရုပ်ရှင်တွေထဲမှာ အကောင်းဆုံး အဆင့်သတ်မှတ်ခံထားရတဲ့ ခေတ်ဟောင်း ရုပ်ရှင်ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။

(၂) The Big Lebowski (1998)

The Big Lebowski (1998)

Photo : IMDb

The Big Lebowski ရုပ်ရှင်ကတော့ ၁၉၉၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ မှုခင်းဟာသရုပ်ရှင်ဇာတ်ကားလေး ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာ ဘောပွဲဝါသနာအိုးကြီး Lebowski ကို ဇာတ်လမ်းဇာတ်အိမ်တည် ရိုက်ကူးထားတာပါ။ Lebowski တစ်ယောက် ပြန်ပေးဆွဲတဲ့ အရှုပ်တော်ပုံထဲမှာ ပါဝင်ပတ်သတ်မိသွားရာကနေ အလွဲလွဲအချော်ချော်နဲ့ ပေါက်ကရတွေ ဖြစ်ပါတော့တယ်။ မင်းသားကြီး Jeff Bridges ရဲ့ဟာသမြောက်တဲ့ အကောင်းဆုံး သရုပ်ဆောင်ချက်တွေကို မြင်တွေ့ရမှာဖြစ်ပြီး ဒီဇာတ်ကားလေးဟာ IMDb Rating : 8.1 အထိရရှိထားပါတယ်။

(၃) Dumb and Dumber(1994)

Dumb and Dumber(1994)

Photo : Time

နောက်ထပ်ညွှန်းပေးချင်တဲ့ ဟာသဇာတ်ကားကောင်းလေးကတော့ ၁၉၉၄ ခုနှစ်ထွက် Dumb and Dumber ရုပ်ရှင်ဇာတ်ကားလေးပါ။ ဒီဇာတ်ကားလေးဟာ ၁၉၉၀ ခုနှစ်တွေမှာ တော်တော်လေးကို လူကြိုက်များ‌ ရေပန်းစားခဲ့တဲ့ အကောင်းဆုံး ဟာသရုပ်ရှင်ကားတစ်ကား ဖြစ်ပါတယ်။ နာမည်ကြီး မင်းသားနှစ်ယောက်ဖြစ်တဲ့ Jim Carrey နဲ့ Jeff Daniels တို့ရဲ့ ဟာသမြောက်တဲ့ တွဲဖက်ညီညီ သရုပ်ဆောင်မှုတွေနဲ့အတူ ဝါးလုံးကွဲ ရယ်မောရမယ့် ဇာတ်ကားလေး ဖြစ်ပါတယ်။ ပေါကြောင်ကြောင် သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ Jim Carrey နဲ့ Jeff Daniels တို့ရဲ့အလွဲလွဲအချော်ချော်တွေ ကြည့်ရှုရင်း တစ်ကားလုံး ရယ်နေရမှာပါ။ ဒီဇာတ်ကားလေးဟာ IMDb Rating: 7.3 ရရှိထားပါတယ်။

(၄) Superbad (2007)

Superbad (2007)

Photo : The New York Times

၂၀၀၇ ခုနှစ်ထွက် Superbad ရုပ်ရှင်ကတော့ Jonah Hill ၊ Michael Cera ၊ Seth Rogen ၊ Christopher Mintz Plasse နဲ့ Bill Hader တို့လို့ နာမည်ကြီးတွေ အများကြီး ပါဝင်သရုပ်ဆောင်ထားတဲ့ ဟာသဇာတ်ကား ကောင်းတစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးက အထက်တန်းကျောင်းသားဘဝ ပါတီနဲ့ ကောင်မလေးတွေကြားက အလွဲအချော်လေးတွေကို ဟာသပုံစံရိုက်ကူးထားတာ ဖြစ်ပါတယ်။ Superbad (2007) ဇာတ်ကားလေးဟာ IMDb Rating : 7.6 ရရှိထားပြီး ပေါ့ပေါ့ပါးပါးနဲ့ ရယ်မောပျော်ရွှင်ရမယ့် ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။

(၅) The Hangover (2009)

the hangover (2009)

Photo : MUBI

The Hangover ဇာတ်ကားလေးကတော့ ၂၀၀၉ ခုနှစ်မှာထွက်ခဲ့တဲ့ ဟာသဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ မင်းသားကြီး Bradley Cooper ၊ Zach Galifianakis နဲ့ Ed Helms တို့သူငယ်ချင်း ၃ ယောက်ရဲ့ အလွဲလွဲအချော်ချော် ပေါက်ကရအဖြစ်အပျက်တွေကို ကြည့်ရှုရင်း တစ်ကားလုံး ခွီနေရမှာပါ။ ဒါရိုက်တာ Todd Phillips ရဲ့လက်ရာဖြစ်ပြီး IMDb Rating : 7.7 ရရှိထားပါတယ်။ The Hangover ဇာတ်ကားဟာ Part 2 နဲ့ Part 3 ပါ ဆက်ထွက် ထားပါတယ်။

အခုပြောပြခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားလေးတွေကတော့ ပျော်ရွှင်ခြင်း ၊ ရယ်မောခြင်းတွေကို ပေးစွမ်းအကောင်းဆုံး ဟာသရုပ်ရှင်တွေထဲက တချို့ပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးတွေကို ကြည့်ရှုခံစားပြီး ကွီးတို့ဘဝထဲက လောင်နေသမျှ ခံစားချက်တွေ တချို့တဝက် ပြေလျော့သက်သာသွားစေမယ်လို့ ယုံကြည်ပါတယ်။

Featured Photo : The Film Magazine