နယူးကာဆယ် ယူနိုက်တက်အသင်းရဲ့ အီတလီ လက်ရွေးစင် ကွင်းလယ်ကစားသမား ဆန်ဒရို တိုနာလီကတော့ တရားမဝင် လောင်းကစားကိစ္စရပ်တွေမှာ ပါဝင် ပတ်သက်ထားမှု ရှိထဲ့ကြောင်း ကိုယ်တိုင် ဝန်ခံထားခဲ့ရာ ကာလရှည် ပွဲပယ်ခံရဖွယ် ရှိနေပြီလို့ သိရှိရပါတယ်။
Photo Credit : Sky Sports
အသက် (၂၃)နှစ်အရွယ်ရှိ အေစီမီလန် ကစားသမားဟောင်း တိုနာလီဟာ သူရဲ့ အီတလီ လက်ရွေးစင် အသင်းဖော် ဇာနီယိုလိုနဲ့အတူ လောင်းကစား ပြုလုပ်ရာတွင် ပါဝင်ထားခြင်းကို အီတလီ အစိုးရရှေ့နေများရဲ့ စုံစမ်း စစ်ဆေးမှုကို ခံရပြီးနောက် နိုင်ငံတကာ ပွဲစဉ်တွေ မကစားရခင်မှာပဲ ကလပ်အသင်းတွေဆီ ပြန်လည် စေလွှတ်ခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာတော့ အီတလီ ဘောလုံးအဖွဲ့ချုပ်မှာ ကြားနားစစ်ဆေးမှုအတွင်း တိုနာလီကိုယ်တိုင်က သူ လောင်းကစားမှု ပြုလုပ်ထားကြောင်း ဝန်ခံထွက်ဆိုသွားခဲ့ပါတယ်။
Photo Credit : Sky News
တိုနာလီက စီးရီးအေမှာ ကစားသမားဘဝကို ဖြတ်သန်းနေစဉ် သူ့အသင်းဟောင်း အေစီမီလန်အသင်းနဲ့ ပတ်သက်တဲ့ ပွဲစဉ်တိုင်းကို လောင်းကစား ပြုလုပ်ခဲ့တာ ဖြစ်သလို တိုနာလီရဲ့ အေးဂျင့်ဖြစ်သူ ကိုယ်တိုင်ကပါ သူ့ကစားသမားဟာ လောင်းကစားလုပ်ခြင်းကို အရမ်း စွဲလန်းနေခဲ့တယ်လို့ ပြောဆိုထားခဲ့ပါသေးတယ်။ တကယ်ဆိုရင် ဘောလုံးသမားတစ်ဦးအနေနဲ့ ဘောလုံးပွဲတွေကို လောင်းကစားပြုလုပ်ခြင်းကနေ ရှောင်ကြည်ဖို့ မဖြစ်မနေ လိုအပ်မှာဖြစ်ပြီး တကယ်လို့ လောင်းကစား ပြုလုပ်ခဲ့မယ်ဆိုရင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ချမှတ်ထားတဲ့ လောင်းကစား စည်းမျဉ်းတွေအရ (၃)နှစ်လောက်အထိတောင် ပွဲပယ်ခံရနိုင်ပါတယ်။
Photo Credit : beIN SPORT
ပိုဆိုးတာကတော့ (၇)လအထိ ပွဲပယ်ပြစ်ဒဏ် ကျခံနေရတဲ့ ဂျုဗင်တပ်စ် ကွင်းလယ်လူ ဖာဂီအိုလီကိုပါ လောင်းကစား လုပ်တက်လာအောင် လောင်းကစား apps နဲ့ မိတ်ဆက်ပေးခဲ့တယ်လို့ပါ တိုနာလီက စွပ်စွဲခံနေရပြီး ဒါကိုတော့ မဟုတ်ကြောင်း ငြင်းဆန်ထားခဲ့ပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ဘောလုံးသမားတစ်ဦးအနေနဲ့ ကိုယ့်အသင်း ပွဲစဉ်တွေကိုပါ အားပါးတရ လောင်းကြေးထပ်ခဲ့တာကြောင့် တိုနာလီက ကာလရှည် ပွဲပယ်ခံရမှာဖြစ်ပြီး စုံစမ်းစစ်ဆေးမှုမှာ ပါဝင်ခဲ့တာကြောင့် ပြစ်ဒဏ် လျှော့ပေါ့ပေးဖွယ်တော့ ရှိနေပါတယ်။
Featured Photo : Goal