အသည်းကွဲတဲ့ ခံစားချက်ကြီးက တော်တော်ဆိုးတယ်ဆိုတာ အသည်းကွဲဖူးသူတိုင်း သိကြမှာပါ။ ဒါတွေက အချိန်တန်ရင် ပြီးသွားမှာ ၊ နောင်တချိန် ပြန်တွေးရင်ဟာသတွေ ဖြစ်သွားမှာပါလို့ ပြောကြပေမယ့် လောလောလတ်လတ် ခံစားချက်ကတော့ အရူးမီးဝိုင်း သလိုပါပဲ။ တကယ်ဆို ဒီထက်တောင် ပိုချင်ပိုမှာပါ။ လူနှစ်ယောက် ဘယ်လောက်ပဲ ချစ်ခဲ့ချစ်ခဲ့ ၊ ကတိတွေ ဘယ်လိုပဲ ပေးခဲ့ပေးခဲ့ ဆက်ဆံရေးတစ်ခု ပြီးဆုံးသွားချိန်မှာ တကယ်ချစ်ခဲ့သူတိုင်းက ပိုပြီး ပြိုလဲကြရစမြဲပါ။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ လောလောလတ်လတ် လမ်းခွဲ ထားတဲ့ အသည်းကွဲနေသူ ကွီးတို့အတွက် လက်တွေ့ကျကျ အသုံးတည့်စေမယ့် အကြံပေးစကားလေး အချို့ကို ပြောပြပေးချင်ပါတယ်။

(၁) ခံစားချက်တွေကို အရှိအတိုင်း ခံစားခွင့်ပြုလိုက်ပါ

Couple

Photo : Happier Human

လမ်းခွဲ ခြင်းက နာကျင်ရပါတယ်။ ခံစားချက်တွေကို ထိန်းချုပ်လေ ပိုနာကျင်ရလေပါ။ အချိန်တိုင်းကျွန်တော်တို့ သန်မာနေချင်ယောင် ဆောင်လို့မရပါဘူး။ ခံစားချက်တွေကို အရှိအတိုင်း လက်မခံနိုင်ရင် ၊ ခံစားခွင့်မပြုရင် ပိုပြီးပင်ပန်းရမှာက ကျွန်တော်တို့ကိုယ်တိုင်ပဲဆိုတာ သိထားပါ။ ဒါကြောင့် လောလောလတ်လတ် မှာ နာကျင်ခံစားနေရလား ၊ ငိုချင်စိတ်ဖြစ်နေလား စသည်ဖြင့် ရင်ထဲရှိတဲ့အတိုင်း ခံစားလိုက်ပါ ၊ ငိုချလိုက်ပါ။ ပြီးရင်တော့ အကောင်းဆုံး ရှေ့ဆက်သွားရမှာ ဖြစ်ပါတယ်။

(၂) ဆိုရှယ်မီဒီယာပေါ်ကနေ လိုက်ချောင်းတာမျိုး ရှောင်ပါ

Couple

Photo : Verywell Mind

နေ့တိုင်းစကားပြောနေကြ အကောင့်လေး ၊ အသဲတွေပေးနေကျ သူမရဲ့ဓာတ်ပုံလေးတွေက အခုအချိန်မှာ ကွီးတို့နဲ့ မသက်ဆိုင်တော့ပါဘူး။ လမ်းခွဲ ထားတဲ့ ရည်းစားဟောင်းရဲ့ လှုပ်ရှားမှုတွေကို နောက်ယောက်ခံ လိုက်ချောင်းနေတာက ကွီးတို့ လည်ပင်းကို ကွီးတို့ ကြိုးကွင်းစွပ်နေတာနဲ့ အတူတူပါပဲ။ ခံစားချက်တွေ ရှိနေသေးချိန်မှာ ဆိုရှယ်မီဒီယာပေါ်ကနေ လိုက်ချောင်းတာမျိုး လုပ်နေသ၍ ကွီးတို့ မေ့ပစ်ဖို့ ခက်သလို ပိုပြီး ခံစားနာကျင်နေရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုလုပ်ရပ်မျိုး အထူးရှောင်ကြဉ်ပြီး ကိုယ့်အကြောင်းကိုယ်ပဲ ပိုစိတ်ဝင်စားသင့်ပါတယ်။

(၃) သူငယ်ချင်းတွေကို ရင်ဖွင့်ပါ

Photo : The Male Hug

အသည်းကွဲနေချိန်မှာ တစ်ယောက်တည်း ကြိတ်မှိတ်ခံစားနေတာထက် ယုံကြည်စိတ်ချရတဲ့ ဘော်ဒါအပေါင်းအသင်း အချို့ကို ခံစားချက်တွေ ဖွင့်ဟပြောပြ ကြည့်ပါ။ ကွီးတို့ရဲ့ ခံစားချက်တွေကို အမှန်တကယ် ရင်ဘတ်နဲ့ နားထောင်ပေးနိုင်မယ့် သူငယ်ချင်းကောင်းတွေကို ရင်ဖွင့်တာက ကွီးတို့ လောလောလတ်လတ် ခံစားနေရတဲ့ ခံစားချက်တွေ အားလုံးမဟုတ်တောင် အချို့တဝက် သက်သာသွားမှာဖြစ်သလို မွန်းကြပ်နေတာတွေလည်း အနည်းငယ်တော့ လျော့ကျသွားနိုင်ပါတယ်။ ဖြစ်နိုင်ရင် ဘော်ဒါတွေနဲ့ တွေ့ပါ ၊ တစ်ယောက်တည်း လောင်မြိုက်နေတာထက် ဘော်ဒါတွေနဲ့ အချိန်ဖြုန်းလိုက်တာက ကွီးတို့ကို အနည်းငယ် စိတ်သက်သာရာ ရစေမှာပါ။

(၄) ဝါသနာပါတဲ့ အရာတွေ များများလုပ်ပါ

Couple

Photo : Boundless.org

လမ်းခွဲ ထားပြီးချိန်မှာတော့ ဘာမှလုပ်ချင်ကိုင်ချင်စိတ် ရှိနေဦးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အချိန်တိုင်း အခန်းအောင်းပြီး အိပ်ရာပေါ်မှာပဲ ခွေနေပြန်လို့လည်း မရဘူးမဟုတ်လား။ ဒီတော့ အကောင်းဆုံးက ကွီးတို့ ဘာဝါသနာပါလဲ ၊ ဘာတွေလုပ်နေရရင် ပျော်စေလဲ ၊ စိတ်သက်သာရာရစေလဲဆိုတာ ဆန်းစစ်အဖြေရှာကြည့်ပါ။ ဝါသနာပါတဲ့ အရာတွေ များများလုပ်ပြီး အချိန်ကုန်ဆုံးတာက အသည်းကွဲနေရတဲ့ ခံစားချက်တွေကို အထိုက်အလျောက်တော့ သက်သာသွားစေမှာ ဖြစ်ပါတယ်။

(၅) နောက်တစ်ယောက်နဲ့ ချက်ချင်းဒိတ်တာကို ရှောင်ပါ

Couple

Photo : Her Norm

ဒီတစ်ယောက်ကို မေ့နိုင်ဖို့ နောက်တစ်ယောက်နဲ့ ချက်ချင်း ဒိတ်လိုက်တာမျိုး မလုပ်ပါနဲ့။ ဒါက အချို့လူတွေအတွက် အလုပ်ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် တကယ်တမ်းတော့ ခံစားချက်တွေကို လိမ်ညာလိုက်ခြင်း တစ်မျိုးပါ။ အမှန်တကယ် ကွီးတို့ ချစ်လားမချစ်လား ကွဲကွဲပြားပြား မသိသေးပဲ လောလောလတ်လတ် ခံစားချက်တွေ သက်သာသွားဖို့ တစ်ခုတည်းနဲ့ နောက်ထပ် Relationship စမယ်ဆိုရင် ခံစားချက်တွေ ပိုရှုပ်ထွေးပြီး အမှားတွေပိုလုပ်မိနိုင်ခြေ များပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အရင်ဆုံးသေချာသုံးသပ်ပြီးမှ အရင်တစ်ယောက်အပေါ် ခံစားချက်တွေ အားလုံးပျောက်ကွယ်သွားပြီဆိုမှသာလျှင် နောက်ထပ်အချစ်သစ်တစ်ခုကို လွတ်လွတ်လပ်လပ် စတင်တာပိုကောင်းပါတယ်။

Featured Photo : Coveteur