အသည်းကွဲ နေတဲ့ ကွီးတို့ မကြည့်သင့်တဲ့ ဇာတ်ကား တွေက ဘယ်ဇာတ်ကားတွေလဲဆိုတာ သိပါသလား။ ကွီးတို့ အသည်းကွဲနေတယ် ဆိုကြပါစို့။ အသည်းကွဲ နေချိန်မှာ ဇာတ်သိမ်းမလှတဲ့ ဇာတ်ကားမျိုး ၊ အဆုံးမှာ မင်းသမီး ၊ မင်းသားက သေကွဲ ကွဲသွားတာမျိုး ၊ ဒါမှမဟုတ် ရှင်ကွဲ ကွဲရတဲ့အဖြစ်မျိုးနဲ့ ဇာတ်သိမ်းထားတဲ့ ဇာတ်ကားများကို လုံးဝ (လုံးဝ) မကြည့်သင့်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ကွီးတို့ရဲ့ ကွဲနေတဲ့ အသည်းကို ဆားထပ်ဖြူး လိုက်သလို ပိုနာကျင် ခံစားသွားရစေမှာ မို့လို့ပါပဲ။

ဒါ့ကြောင့် ကွီးတို့က လောလောလတ်လတ် အသည်းကွဲ ထားတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဇာတ်ကား များကို ယောင်လို့တောင် မကြည့်သင့်ပါဘူးဗျို့။

(၁) Titanic

Source: 20th Century Studios

Titanic ရုပ်ရှင်ထွက်ရှိ လာခဲ့တာဟာ နှစ်ပေါင်း (၂၀) ကျော်ရှိနေပါပြီ။ ဒီရုပ်ရှင်ကို မကြည့်ရသေးတဲ့သူ အနည်းငယ်လောက်ပဲ ရှိမယ်လို့ထင်ပါတယ်။ တစ်ချို့တွေက ဒီရုပ်ရှင်ကို တစ်ကြိမ်ထက် ပိုကြည့်ခဲ့ကြတဲ့ သူတွေလည်း ရှိကြပါတယ်။ Titanic ရုပ်ရှင်ဟာ ယခုထက်ထိ အောင်မြင်နေတဲ့ ဇာတ်ကားတစ်ကားဆိုလည်း မမှားပါဘူး။ ဒါပေမဲ့ ကွီးတို့ အသည်းကွဲ နေချိန်မှာတော့ Titanic ကားကို ယောင်လို့တောင် ဖွင့်မကြည့်ပါစေနဲ့။ ရွေးချယ်မှု မှားပြီး နောင်တ အကြီးအကျယ် ရသွားရပါလိမ့်မယ်။ အဆုံးသတ်မှာ ဘာဖြစ်သွား သလဲဆိုတာကို Titanic ရုပ်ရှင် မကြည့်ဖူးတဲ့ သူတွေတောင် သိပါတယ်။

(၂) Five Feet Apart

Source: CBS Films

အသက် (၁၇) နှစ်အရွယ် Stella ဟာ သူမဘဝရဲ့ အချိန်တော်တော်များများကို ရောဂါတစ်မျိုးကြောင့် ဆေးရုံမှာ ပဲကုန်ဆုံးခဲ့ရသူပါ။ သူ(မ) ဘဝမှာ ထိန်းချုပ်ကန့်သတ်မူတွေနဲ့ ပြည့်နှက်နေခဲ့တာပါ။ ဒါပေမယ့် သူ(မ)နဲ့ ဘဝတူ ရောဂါခံစားနေရတဲ့ Will ကိုတွေ့တဲ့ အချိန်မှာတော့ သူ(မ) ဘဝဟာ အပြောင်းလဲကြီး ပြောင်းလဲလာပါတော့တယ်။

သူတို့နှစ်ယောက်ဟာ ရောဂါကြောင့် အနည်းဆုံး တစ်ယောက်နဲ့တစ်ယောက် (၅) ပေအကွာမှာနေရပေမယ့် အချစ်ကြောင့် သူတို့နှစ်ယောက် ဘယ်လိုတားမြစ်ချက်တွေကို ချိုးဖောက်မလဲ နောက်ဆုံး သူတို့နှစ်ယောက်ရဲ့ အချစ်က ဘယ်လောက်ထိ ပြင်းထန်မူ ရှိသလဲဆိုတာ ဒီဇာတ်ကားမှာ သေချာသရုပ်ဖော်ထားတာ ဖြစ်ပါတယ်။ IMDb က 7.2 တောင် ရထားတဲ့ ဒရာမာကားကောင်း တစ်ကားပါ။ ဒါပေမဲ့ အသည်းကွဲနေသူတွေအဖို့တော့ မသင့်တော်ပါဘူး။ ဘာ့ကြောင့် မသင့်တော်တာလဲ သိချင်ရင်တော့ ဇာတ်ကားလေး ကြည့်ကြည့်လိုက်ပေါ့။

(၃) One Day

Source: Movieclips

ဒီဇာတ်ကားလေးကတော့ Emma ဆိုတဲ့ ကောင်လေးနဲ့ Dexter ဆိုတဲ့ ကောင်ကလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေး ဖြစ်ပါတယ်။ သူတို့နှစ်ယောက်က အကျင့်စရိုက်လည်း မတူကြသလို ကြီးပြင်းလာခဲ့ပုံချင်းလည်း မတူညီကြပါဘူး။ သူငယ်ချင်းအဖြစ် ခင်မင်နေကြရင်းနဲ့မှ သူတို့နှစ်ယောက်သည် အချိန်အကြာကြီး တစ်ယောက်လမ်း တစ်ယောက်လျှောက်ခဲ့ ကြတာပါ။ ပြီးမှ နှစ်တွေ အတော်ကြာမှ ပြန်လည်တွေ့ဆုံခဲ့ရတာဖြစ်ပါတယ်။ တွေ့ဆုံပြီး မကြာပါဘူး။ Emma သည် ယာဉ်မတော်တဆမှုဖြင့် ဆုံးပါးသွားခဲ့တာ ဖြစ်ပါတယ်။ ဘာ့ကြောင့် ကံကြမ္မာက သူတို့ကို မျက်နှာသာ မပေးတာလဲ။

ကွီးတို့ အသည်းကွဲနေချိန်မှာ ပိုပြီး ဝမ်းနည်းပက်လက် ဖြစ်မသွားချင်ဘူး ဆိုရင်တော့ ဒီဇာတ်ကားကို မရွေးချယ်သင့်ပါဘူး။

(၄) P.S. I Love You

Source: Movieclips

Holly Kennedy ဆိုတဲ့ အမျိုးသမီးတစ်ဦးသည် သူ့ရဲ့ အမျိုးသားဖြစ်သူက ရောဂါကြောင့် ဆုံးပါးသွားတဲ့အခါမှာ သူ့ရဲ့ အသက်တစ်မျှ ချစ်ရသူကို ဆုံးရှုံးရတဲ့ အတွက်ကြောင့် ဝမ်းနည်း ကြေကွဲမဆုံး ဖြစ်နေပါတော့တယ်။ သူ့အမျိုးသား ဖြစ်သူက သူ သေဆုံးပြီးနောက်မှာ သူ့မိန်းမ တစ်ယောက်တည်း ဘယ်လိုမျိုး ယူကြုံးမရဖြစ်ပြီး တစ်ယောက်တည်း အားငယ်နေကာ ဝမ်းနည်းကြေကွဲ နေမလဲဆိုတာကို တွေးမိတဲ့အတွက်ကြောင့် သူ မသေခင်မှာ အစီအစဥ်တစ်ခု စီစဥ်ထားခဲ့ပါတယ်။ ထိုအစီအစဥ်ကတော့ သူ(မ)ရဲ့ အသက် ၃၀ ပြည့် မွေးနေ့မှ စတင်ပြီး သူ(မ)သည် စာတွေကို စီးရီးအလိုက် ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ထိုစာများကတော့ သူ့အမျိုးသား မသေဆုံးခင်မှ ရေးသားခဲ့တဲ့ စာတွေဖြစ်ပြီး သူ(မ)ရဲ့ ဝမ်းနည်း ပူဆွေးမှုတွေကို ဖြေဖျောက်ဖို့ အတွက်နဲ့ သူ မရှိလည်း သူ(မ) တစ်ယောက်တည်း ဘဝ အသစ်မှာ ရှေ့ဆက်ဖို့အတွက် ခွန်အားပေးထားတဲ့ စာတွေပဲ ဖြစ်ပါတယ်။ ကွီးတို့လည်း မျက်ရည်လည်ရွှဲ မဖြစ်ချင်ဘူးဆိုရင်တော့ ဒီဇာတ်ကားအစား ဟာသကားသာ ပြောင်းကြည့်ကြဖို့ အကြံပေးချင်ပါတယ်။

ပြောမရလို့ ကြည့်မယ်ဆိုလည်း ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲဗျို့  ညိုကီတို့ရေ။

Featured Image: Freepik