အမှန်တရားတစ်ခု ပြောပြမယ်။ လေ့ကျင့်ခန်းလုပ်ခြင်းရဲ့ ကောင်းကျိုးတွေ သိထားပါလျက် လေ့ကျင့်ခန်း လုပ်ဖို့ ပျင်းနေသူတွေ အများကြီးရှိတယ် မဟုတ်လား။ အချိန်မရလို့ ၊ စောစော မထနိုင်လို့ ၊ အလုပ်ပင်ပန်းလို့ စတဲ့အကြောင်းပြ ချက်အမျိုးမျိုးနဲ့ လေ့ကျင့်ခန်းလုပ်ဖို့ ရှောင်ဖယ်နေသူတွေထဲမှာ ကွီးတို့လည်း ပါကောင်းပါနေနိုင်ပါတယ်။ အကယ်၍ ကွီးတို့က လေ့ကျင့်ခန်း လုပ်ဖို့ ပျင်းတဲ့အဖွဲ့ထဲမှာ ပါသူတစ်ယောက်ဆိုရင်တော့ လေ့ကျင့်ခန်းလုပ်တယ်လို့တောင် မထင်ရပဲ လှုပ်လှုပ်ရှားရှားလုပ်ဖြစ်စေမယ့် Exercise နည်းတွေ ရှိတယ်ဆိုရင် စိတ်ဝင်စားမလား။ ကဲဒါဆို ဘယ်လိုစိတ်ဝင်စားဖို့ကောင်းတဲ့ Exercise နည်းတွေ ဖြစ်မလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။

(၁) Virtual Reality Fitness

Photo : InData Labs

လေ့ကျင့်ခန်းလုပ်ဖို့ ပျင်းတဲ့သူတွေတောင် နည်းပညာရဲ့ အကူညီနဲ့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်နိုင်တဲ့ ခေတ်ကိုရောက်နေပါပြီ။ ခေတ်မီ VR စက်တွေ အသုံးပြုပြီး ဂိမ်းကစားခြင်းဖြင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်နိုင်ပြီ ဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေကတော့ ဒါကို “Exergaming” လို့ နာမည်ပေးထားပါတယ်။ VR စက်တွေနဲ့ ကခုန်ခြင်း ၊ လက်ဝှေ့ ကစားခြင်း ၊ ချွေးများများ ထွက်စေမယ့် High-Intensity Interval-Training (HIIT) လေ့ကျင့်ခန်းတွေ ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် ပြေးခြင်း ၊ စက်ဘီးစီးခြင်း ၊ တိုက်ခိုက်ရေး ဂိမ်းတွေလည်း ဆော့ကစားနိုင်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း လုပ်ဖြစ်စေမယ့် အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

(၂) Fitness Apps များ

Photo : Tom’s Guide

ဒီဘက်ခေတ်မှာ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ဖြစ်စေမယ့် အကောင်းဆုံး Fitness Apps တွေများစွာ ပေါ်ထွက်လာနေပါပြီ။ Gym သွားမှ လေ့ကျင့်ခန်း လုပ်နိုင်မှာ မဟုတ်ပါဘူး။ နည်းစနစ်တကျ လမ်းညွှန်ပြသထားတဲ့ Fitness Apps တွေရဲ့ အကူအညီနဲ့ အားလပ်ချိန်တွေမှာ အိမ်မှာပဲ အလွယ်ကူဆုံး ကစားနိုင်ပြီ ဖြစ်ပါတယ်။ ကြွက်သား ကျစ်လစ်သန်မာဖို့အတွက်ပဲ ကစားမလား ၊ ခံနိုင်စွမ်းအားမြှင့်တင်ဖို့အတွက်ပဲ ကစားမလား နှစ်သက်ရာလေ့ကျင့်ခန်း ပရိုဂရမ်တွေကို ရွေးချယ်ကစားနိုင်ပါတယ်။ ရိုးရိုးရှင်းရှင်း လမ်းလျောက်လေ့ကျင့်ခန်း Apps တွေကနေ ကြံ့ခိုင်ရေးနဲ့သက်ဆိုင်တဲ့ လေ့ကျင့်ခန်းနည်းတွေများစွာပါတဲ့ Fitness Apps တွေအထိ ရွေးချယ်စရာ အများကြီးရှိပါတယ်။

(၃) အိမ်မွေး ခွေးလေးတွေနဲ့ လမ်းလျှောက်ခြင်း

Photo : LinkedIn

အိမ်မွေး ခွေးလေးတွေနဲ့ လမ်းလျှောက်ထွက်တာက ပျော်စရာကောင်းတဲ့ ကိုယ်လက်လှုပ်ရှား နည်းတစ်ခု ဖြစ်ပါတယ်။ လေ့လာမှုတွေအရ အိမ်မွေးခွေးပိုင်ရှင်သခင်တွေဟာ ခွေးလေးတွေမမွေးထားတဲ့သူတွေထက် လမ်းများများပိုလျှောက်ဖြစ်ကြတယ်လို့ ဆိုပါတယ်။ လမ်းလျှောက်ခြင်းဟာ ငွေကုန်ကြေးကျမရှိ ၊ အချိန်နေရာမရွေး လုပ်နိုင်တဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်သလို ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ခြင်းအတွက် အကျိုးကျေး ဇူးများစွာ ပေးစွမ်းနိုင်တဲ့ လေ့ကျင့်ခန်းတစ်ခုလည်း ဖြစ်ပါတယ်။

(၄) Snacks လေ့ကျင့်ခန်း

Photo : Men’s Health

Snacks လေ့ကျင့်ခန်းလုပ်နည်းဆိုတာဟာ စက်ဘီးစီးခြင်း၊ လှေကားတက်ခြင်း ၊ လမ်းအမြန်လျှောက်ခြင်းနဲ့ Body Weight Exercises တွေလို အသေးစား ကိုယ်လက်လှုပ်ရှားလေ့ကျင့် ခန်းတွေ အများကြီး စုထားတဲ့ လေ့ကျင့်ခန်း ပရိုဂရမ်တစ်ခု ဖြစ်ပါတယ်။ လေ့ကျင့်ခန်းတစ်ခုကို ၁ မိနစ်ကနေ ၅ မိနစ် အထိကစားပြီး လေ့ကျင့်ခန်းတစ်ခုနဲ့ တစ်ခုကြားမှာ ၁ မိနစ်အနားယူ ပေးရမှာ ဖြစ်ပါတယ်။ လေ့ကျင်ခန်း အားလုံးကို တစ်ရက်မှာ ၃ ကြိမ်ခန့် ကစားနိုင်ပြီး တစ်ကြိမ်နဲ့ တစ်ကြိမ်ကြားမှာ အနည်းဆုံး ၂ နာရီကနေ ၄ နာရီ ခြား ပေးရမှာ ဖြစ်ပါတယ်။ Snacks လေ့ကျင့်ခန်းတွေဟာ အသက်အရွယ်ကြောင့် ကြွက်သား ကြံ့ခိုင်သန်စွမ်မှု လျော့ကျလာခြင်းကို ကာကွယ်ကုသပေးပြီး ခံနိုင်စွမ်းအား မြှင့်တင်ပေးမယ့် အကောင်းဆုံး လေ့ကျင့်ခန်းနည်း တစ်ခုဖြစ်ပါတယ်။

(၅) လှေကားများ


Photo : Atlanta Innovative Medicine

အထပ်မြင့် အဆောက်အဦးတွေ ၊ ကွန်ဒိုတိုက်ခန်းတွေမှာ နေသူတွေအနေနဲ့ ဓာတ်လှေကား အသုံးပြုတဲ့ အကျင့်ကိုဖျောက်ပြီး လှေကားတွေကို ပြောင်းလဲ အသုံးပြုကြည့်ပါ။ လှေကားတက်တာက အကောင်းဆုံး လေ့ကျင့်ခန်းလုပ်နည်းတွေထဲကတစ်ခု ဖြစ်ပါတယ်။ နေ့စဉ်ပုံမှန် လှေကား တက်ခြင်းဟာ အရိုးအဆစ်နဲ့ ကြွက်သားတွေကို သန်မာစေပြီး ခန္ဓာကိုယ်ရဲ့ အလုံးစုံကြံ့ခိုင်မှုကို တိုးစေပါတယ်။ ဓာတ်လှေကားတွေထက် လှေကားထစ်တွေကို အသုံးပြုသူတွေဟာ အဝလွန်နိုင်ခြေနည်းပြီး အမျိုးအစား ၂ ဆီးချိုရောဂါ ဝေဒနာရှင်တွေအတွက်လည်း သွေးတွင်းသကြားဓာတ်ကို လျော့ကျစေတယ်လို့ လေ့လာမှုတွေအရ ဖော်ပြထားပါတယ်။ သီးသီးသန့်သန့် လေ့ကျင့်ခန်းလုပ်တယ်လို့ မခံစားရပဲ နေ့စဉ်ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း လုပ်ဖြစ်ချင်တယ်ဆိုရင်တော့ လှေကားထစ်တွေကို အသုံးပြုဖို့ အကြံပြုချင်ပါတယ်။

အခုပြောပြပေးခဲ့တဲ့ နည်းလမ်းတွေကတော့ လေ့ကျင့်ခန်းလုပ်ဖို့ နေ့ရွေ့ညရွေ့ လုပ်နေမိသူတွေ ၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ရမှာပျင်းနေသူတွေအတွက် အထူးသင့်လျော်တဲ့ လေ့ကျင့်ခန်း လုပ်နည်းလေးတွေပဲ ဖြစ်ပါတယ်။

Featured Photo : Form Nutrition