ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေ မလုပ်ခင်မှာ အရင်ဆုံး ပြုလုပ်ရမယ့် အဆင့်က သွေးပူပါ။ မိနစ်အနည်းငယ်ခန့်လောက် သွေးပူ လေ့ကျင့်ခန်း တနည်းအားဖြင့် Warm-Up ပြုလုပ်ပေးတာဟာ ကြွက်သားနဲ့အရိုးအဆစ်တွေ ဒဏ်ရာရနိုင်ခြေကို လျှော့ချပေးပြီး လေ့ကျင့်ခန်း စွမ်းဆောင်ရည်ကို တိုးတက်စေပါတယ်။ ဒီဆောင်းပါးလေးမှာတော့ လေ့ကျင့်ခန်း မလုပ်ခင်မှာ ပြုလုပ်ပေးသင့်တဲ့ သွေးပူလေ့ကျင့်ခန်း တချို့ကို ပြောပြပေးပါမယ်။
(၁) Wrist Roll
လက်ချောင်းထိပ်တွေကို ကျန်လက်တစ်ဖက်နဲ့ ဆုပ်ကိုင်ထားပြီး လက်ကောက်ဝတ်ကို စက်ဝိုင်းပုံစံ ဖြည်းဖြည်းချင်း လှည့်ပေးပါ။ ၃ ကြိမ်ခန့် လှည့်ပြီးတာနဲ့ နောက်ပြန် ၃ ကြိမ်ပြန်လှည့်ပေးပါ။ ထို့နည်းအတိုင်း လက်ကို ဘယ်ညာပြောင်းလဲပြီး လှည့်ပေးရပါမယ်။ ဒီသွေးပူလေ့ကျင့်ခန်းကို စက္ကန့် ၃၀ ခန့် ကစားပေးပါ။
(၂) Kneeling Ankle Rocker
ပုံမှာမြင်ရတဲ့အတိုင်း ဒူးတစ်ဖက်ကို ၉၀ ဒီဂရီထောင်မတ်ပြီး ကျန်ခြေထောက်တစ်ဖက်ကို နောက်သို့ ပစ်ထားပါ။ လက်နှစ်ဖက်ကို ရှေ့ဒူးပေါ်တင်ကာ ခန္ဓာကိုယ်ကို ဖိထားပေးရပါမယ်။ ရင်ဘတ်နဲ့ ခါးကို မတ်မတ်အနေအထားမှာ ရှိနေပါစေ။ ခြေထောက်ကို ဘယ်ညာပြောင်းလဲပြီး ကစားပေးပါ။ ဒီသွေးပူလေ့ကျင့်ခန်းကိုလည်း စက္ကန့် ၃၀ ခန့် ကစားပေးပါ။
(၃) Standing Single-Leg Slide Around
အရင်ဆုံး မတ်တပ်ရပ်အနေအထားအတိုင်း ပုံစံယူပါ။ ထို့နောက် ဘယ်ဘက်ခြေထောက်ကို ခန္ဓာကိုယ်ရဲ့အနောက်ကနေ ဆန့်ကျင်ဘက် ညာဘက်သို့ လှမ်းလိုက်ပါ။ ဒီအတိုင်း စက္ကန့်အနည်းငယ် ထိန်းထားရပါမယ်။ ထို့နောက် မူလပုံစံသို့ ပြန်သွားပြီး ညာဘက်ခြေထောက်ကိုလည်း ထိုနည်းအတိုင်း ပြုလုပ်ပေးပါ။ ခြေထောက်တစ်ဖက်ကို စက္ကန့် ၃၀ ခန့်စီ ကစားပေးရပါမယ်။
(၄) Standing Wide-Leg Weight Shift and Low Reach
ခြေထောက်နှစ်ဖက်ကို သက်တောင့်သက်သာအနေအထာမှာ ချဲပြီးရပ်ထားပါ။ ထို့နောက် ခါးကိုရှေ့သို့ ကွေးညွှတ်ပြီး လက်နှစ်ဖက်နဲ့ ညာခြေဖမို့ကို ထိပေးပါ။ ဘယ်ဘက်ခြေထောက်ကိုတော့ ဆန့်တန်းထားရပါမယ်။ အတိုင်း စက္ကန့်အနည်းငယ်ခန့် ထိန်းထားပြီး မူလပုံစံသို့ပြန်သွားကာ နောက်ထပ်ခြေထောက်တစ်ဖက်ကိုလည်း ပြောင်းလဲကစားပေးပါ။ ခြေထောက်တစ်ဖက်ကို စက္ကန့် ၃၀ ခန့်စီ ကစားပေးရပါမယ်။
Featured Photo : Men’s Health