မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ လတ်တလောမှာ အသင်းပရိသတ်တွေကို စိတ်ဒုက္ခ စိတ်သောက အပေးနိုင်ဆုံး ကလပ်အသင်းအဖြစ် သေချာပေါက် သတ်မှတ်သွားရတော့မှာပဲ ဖြစ်ပါတယ်။ အခုဆိုရင်လည်း ခရစ္စတယ် ပဲလေ့စ်အသင်းကို (၄)ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ် အရှုံးပေးခဲ့ရရင်း ယူနိုက်တက်က လေးဇီးကလပ် ယူနိုက်တက်အသင်းပါ ဖြစ်လာခဲ့ရပါတယ်။

utd

Photo Credit: Eurosport

လီဗာပူးလ်အသင်းကို FA Cup ကွာတားဖိုင်နယ်မှာ အချိန်ပိုသွင်းဂိုးနဲ့ အနိုင်ယူ ကျော်ဖြတ်နိုင်ခဲ့တဲ့အချိန် မန်ယူပြန်လာပြီလို့ မန်ယူပရိသတ်တွေသာမကပဲ တချို့အသင်းပရိသတ်တွေကပါ အလားတူ ယူဆခဲ့ကြပါသေးတယ်။ ဒါပေမယ့်လည်း ကြားမှာ International Break က ဝင်လာပြီးလို့ ကလပ်အသင်းပွဲတွေ ပြန်လည် ကစားရချိန်ကနေ စတင်ပြီး ယူနိုက်တက်အသင်းရဲ့ ပုံစံက လီဗာပူးလ်ကို FA Cup ပွဲမှာ အနိုင်ယူခဲ့တဲ့ ပုံစံမျိုးကို ပြန်မရနိုင်တော့ပဲ ပြန်ပြီး တိုင်ပတ်သွားခဲ့ရ ပြန်ပါတယ်။

man utd

Photo Credit: Goal

International Break အပြီးကနေ အခုလက်ရှိအထိ ယူနိုက်တက်က ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလားပွဲ (၈)ပွဲထိ ကစားထားပြီးချိန်မှာ ရှက်ဖီးယူနိုက်တက်နဲ့ ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲ ကိုဗင်ထရီနဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲတို့ကိုသာ အနိုင်ရခဲ့ပါတယ်။ ရှက်ဖီးဆိုတာ ပရီးမီးယားလိဂ်က အမှတ်ပေးဇယားအောက်မှာ ရှိနေတဲ့ အသင်းဖြစ်သလို ကိုဗင်ထရီဟာလည်း ချန်ပီယံရှစ်မှာ အလယ်အလတ်မှာသာ ရပ်တည်နေတဲ့ အသင်းဖြစ်ပေမယ့် ဒီနှစ်သင်းလုံးကိုလည်း ယူနိုက်တက်က တော်တော် ခက်ခက်ခဲခဲ ကစားခဲ့ရပါသေးတယ်။

man united

Photo Credit: The Telegraph

ဒါ့အပြင် ဒီနောက်ပိုင်း ကစားသွားခဲ့တဲ့ ဘန်လေနဲ့ ပဲလေ့စ်နဲ့ပွဲတွေမှာလည်း ယူနိုက်တက်က အတော်လေးကို စိတ်ပျက်လောက်စရာ စွမ်းဆောင်မှုတွေကို ပြသခဲ့ပြန်ပါတယ်။ ဘန်လေနဲ့ပွဲမှာ မဖြစ်မနေ အနိုင်ကစားရမှာ ဖြစ်ပေမယ့်လည်း ရအောင် သရေကျသွားခဲ့ပြီး ပဲလေ့စ်ကိုလည်း (4-0)ဆိုတဲ့ ရလဒ်မျိုးကြီးနဲ့ပါ အရှုံးပေးခဲ့ရပါသေးတယ်။ အသင်းမှာ ဒဏ်ရာပြဿနာတွေ ရှိနေပါစေ Fit ဖြစ်နေတဲ့ ကစားသမားတွေရဲ့ အားစိုက်ထုတ်မှုတွေကတော့ လုံးဝကို လျော့တိလျော့ရဲ ဖြစ်နေသလို ပျင်းရိပျင်းဆွဲ ဖြစ်နေတာကြီးက စိတ်ပျက်စရာကောင်းသလို လူငယ် ကစားသမားတွေတအုပ်ကို အသင်းကြီးမှာ ခေါ်ထားပေမယ့်လည်း လုံးဝ ကစားခွင့်မပေးတဲ့ နည်းပြတန်ဟက်ဂ်ရဲ့  Plan တွေကလည်း စိတ်ပျက်စရာအတိပါပဲ။

Featured Photo: The Independent