ကွီးတို့ရေ အသည်းက ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ အရေးကြီးဆုံး အင်္ဂါများထဲမှ တစ်ခုဖြစ်ပြီး လုပ်ငန်းဆောင်တာများစွာကို လုပ်ဆောင်ရတဲ့ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတစ်ခုဆိုလည်း မမှားပါဘူး။ အသည်းရဲ့ အဓိကလုပ်ဆောင်ချက်ကတော့ သွေးထဲမှ အဆီများကို ချေဖျက်ပေးကာ အဆိပ်အတောက်များနဲ့ အခြားအန္တရာယ်ရှိသော ဓာတုပစ္စည်းများကို ဖယ်ရှားပေးပြီး ရောဂါပိုးများကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ဒီလို အရေးကြီးတဲ့ ကိုယ်တွင်းအစိတ်အပိုင်းတွေ ကျန်းမာနေစေဖို့ ကျွန်တော်တို့နေ့စဉ် အလေ့အကျင့်တွေနဲ့ ထိန်းသိမ်းစောင့်ရှောက်နိုင်ပါတယ်။ တစ်ခါတစ်လေမှာ သတိမမူမိတဲ့ အလေ့အကျင့်ဆိုးတွေ၊ ကျန်းမာရေးကို ထိခိုက်စေတဲ့ အပြုအမူတွေကို ရေရှည်လုပ်မိတယ်ဆိုရင် အသည်းကိုသာမက၊ အခြားသော ကျန်းမာရေးပြဿနာများကိုပါ ကြုံတွေ့နိုင်ပါတယ်။ ဒီနေ့မှာတော့ လွယ်ကူတဲ့ နည်းလမ်းလေးတွေနဲ့ အသည်း ကျန်းမာနေအောင် ဂရုစိုက်နိုင်ဖို့ နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

ကြိုတင်ကာကွယ်ပါ

လွယ်ကူတဲ့ နည်းလမ်းလေးတွေနဲ့

Photo : Healthline

ကွီးတို့ရေ ကျွန်တော်တို့ အသည်းကို ပျက်စီးစေတဲ့ အဓိကအကြောင်းအရင်းတစ်ခုကတော့ အသည်းရောင်အသားဝါ A၊ B၊ C စတဲ့ ရောဂါများကြောင့် ဖြစ်ပါတယ်။ အသည်းရောင်အသားဝါ A ကတော့ မသန့်ရှင်းသော အစားအစာ သို့မဟုတ် ရေနှင့် ထိတွေ့ခြင်းဖြင့် ကူးစက်နိုင်ပါတယ်။ ဒါကြောင့် လက်ကို သေချာဆေးကြောဖို့လိုပါတယ်။ အသည်းရောင်အသားဝါ B နှင့် C သည် နောက်ဆုံးတွင် ကွီးတို့ရဲ့ အသည်းကို ပျက်စီးစေမည့် နာတာရှည်အခြေအနေများအထိ ဖြစ်လာနိုင်သည်။ ၎င်းတို့က သွေးနှင့် အခြားခန္ဓာကိုယ်အရည်များမှ ကူးစက်နိုင်ပါတယ်။ ဒါ့ကြောင့် လိင်ဆက်ဆံတဲ့အခါမှာ အကာအကွယ် (ကွန်ဒုံး) အသုံးပြုဖို့လိုပါတယ်။ ဒီရောဂါတွေက ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ရပါတယ်။ ဒါကြောင့် ကာကွယ်ဆေး ထိုးထားသင့်ပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်သော အစားအစာများကို စားသုံးပါ

လွယ်ကူတဲ့ နည်းလမ်းလေးတွေနဲ့

Photo : Eat This, Not That

ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေ၊  အဆီများတဲ့ အစားအစာတွေဟာ အသည်းရောဂါကို ဖြစ်စေနိုင်ပါတယ်။ အသည်းအဆီဖုံးတာက အစားအသောက်ကြောင့်လည်း ပါဝင်ပါတယ်။ ဒါ့အပြင် အကြော်များ၊ ပြုပြင်ထားသော အစားအစာများ၊ အဆီများက အသည်းအတွက်သာမက အလုံးစုံသော ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် ကျန်းမာရေးကောင်းဖို့ဆိုရင် ကျွန်တော်တို့စားသုံးတဲ့ အစားအစာတွေကို ကျန်းမာရေးနဲ့ ညီညွတ်စေဖို့ အလေးပေးသင့်ပါတယ်။ အသည်း ကျန်းမာရေးကောင်းစေတဲ့ အမျှင်ဓာတ်ကြွယ်ဝသော သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ၊  Omega-3 ကြွယ်ဝသော အစားအစာများဖြစ်တဲ့  ဆော်လမွန်၊ တူနာနဲ့ အစေ့အဆန် တွေကို ပိုစားပေးသင့်ပါတယ်။

ရေသောက်ပါ

လွယ်ကူတဲ့ နည်းလမ်းလေးတွေနဲ့

Photo : Vista Create

ကွီးတို့ တစ်နေ့တာအတွက် ရေကို လုံလောက်စွာ သောက်ဖြစ်ပါသလား။ ပုံမှန်လူတစ်ယောက်အတွက် တစ်နေ့ကို ရေ ၈ ခွက်ခန့် သောက်သုံးပေးသင့်ပါတယ်။ ရေကိုလုံလောက်စွာ မသောက်တာကြောင့် ရေသောက်နည်းပြီး ရေဓာတ်ခန်းခြောက်တာက သွေးတွေ ပိုပျစ်လာစေပါတယ်။ သွေးတွေ ပျစ်လာတဲ့အခါ အသည်းက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ ပိုခက်ခဲနိုင်ပါတယ်။ ထို့ကြောင့် ရေသောက်ခြင်းဟာ အသည်းကို စောင့်ရှောက်ခြင်းခြင်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။

ကောင်းမွန်စွာ အိပ်စက်အနားယူပါ

Photo : British Council

ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းမွန်နေစေဖို့ အရေးအကြီးဆုံးအချက်တွေထဲမှာ ကောင်းမွန်စွာ အိပ်စက်ခြင်း ပါဝင်ပါတယ်။ ရေရှည်မှာ အိပ်ရေးပျက်တာများတာ၊ လုံလောက်သော အိပ်ချိန်မရှိတာက အသည်းပြဿနာများ ဖြစ်ပွားနိုင်ခြေ ပိုများကြောင်း သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ပါတယ်။ အိပ်ရေး ပျက်တဲ့အခါ အသည်းရဲ့ ဂလူးကို့စ်နဲ့ အင်ဆူလင် လုပ်ငန်းစဉ်တွေကို ထိခိုက်ပါတယ်။ ဒါက အသည်း အဆီဖုံးရောဂါ နှင့် နံပါတ် ၂ အမျိုးအစား  ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို တိုးစေပါတယ်။ ဒါကြောင့် အိပ်ချိန် လုံလုံလောက်လောက်ရှိပါစေ။

လေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ပါ

Photo : Vista Create

ကျန်းမာသော ခန္ဓာကိုယ် အလေးချိန်ကို ထိန်းသိမ်းထားခြင်းနဲ့ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းသည် အသည်း ကျန်းမာရေး ထိန်းသိမ်းဖို့  အဓိကအချက်တစ်ချက်ဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု မရှိတာက ခန္ဓာကိုယ်အလေးချိန်ကို တိုးစေပြီး အဝလွန်ခြင်းကို ဖြစ်နိုင်ခြေ များစေပါတယ်။ အဝလွန်ခြင်းက အသည်းရောဂါနှင့် နီးကပ်စွာ ဆက်စပ်နေပါတယ်။ အသည်းဆဲလ်များတွင် အဆီများစုပုံလာသောအခါ  Steatohepatitis ဟုခေါ်တဲ့  အသည်းတစ်ရှူးများကို ရောင်ရမ်းခြင်းနှင့် ပျက်စီးစေတဲ့ ရောဂါ ရနိုင်ပါတယ်။ ဒါ့ကြောင့် တစ်နေ့ကို အနည်းဆုံး တစ်နေ့ကို နာရီဝက်ခန့် လေ့ကျင့်ခန်းကို ပြုလုပ်ပေးပါ။ ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းက အသည်းအတွက်သာမက အလုံးစုံသော ကျန်းမာရေးကိုပါ ကောင်းကျိုးရစေပါတယ်။

ဆေးဝါးများ အလွန်အကျွံသောက်ခြင်းကို ရှောင်ပါ

Photo : CHOICE

ဆေးဝါးများကို ဆရာဝန်ညွှန်ကြားချက်မဟုတ်ဘဲ ကိုယ့်သဘောနဲ့ကိုယ် ဆေးဝါးများ အလွန်အကျွံသောက်ခြင်းကို ရှောင်ပါ။ ဘာကြောင့်လဲဆိုရင် ဆေးဝါးများ အလွန်အကျွံသောက်ခြင်း၊ အမျိုးအစားမှားခြင်း သို့မဟုတ် ဆေးဝါးများ ရောစပ်ခြင်းသောက်ခြင်း အသည်းကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ အသည်း ကျန်းမာရေး ကို ထိခိုက်မှု မရှိအောင် ဆေးဝါးတွေကို ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာသောက်သုံးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် အယ်လ်ကိုဟော၊ ဆေးလိပ်စတာတွေကလည်း အသည်းကိုထိခိုက်စေတာကြောင့် သတိပြုဖို့ အကြံပေးချင်ပါတယ်။

အခုဖော်ပြပေးလိုက်တဲ့ လိုက်နာကျင့်သုံးဖို့ လွယ်ကူတဲ့ နည်းလမ်းလေးတွေနဲ့ ကွီးတို့အသည်းကျန်းမာရေးကို စောင့်ရှောက်လိုက်ပါ။ ကျန်းမာပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်စေဖို့ ဆန္ဒပြုလျက်………………………

Source : ER of Texas

Featured Photo : Vista Create