ဇာတ်ကား အဟောင်းတွေချည်းပဲ ကြည့်နေရတာ ရိုးအီလာပြီ ၊ ဇာတ်ကားအသစ်တွေ ပြောင်းကြည့်ဖို့ တာဆူနေပါသလား။ ဒါဆိုရင်တော့ ဒီ လ ထဲမှာ အမိုက်စား ဇာတ်ကား သစ်တွေ အများကြီး ထွက်ရှိဖို့ ရှိပါတယ်။

ဒီ လ ထဲမှာ ဘယ်လို အမိုက်စား ဇာတ်ကား သစ်တွေ ထွက်ရှိလာ မလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဇာတ်ကား အကျဥ်းချုပ်နဲ့ ဇာတ်ကား ထွေလာတို့ကို မြည်းစမ်းကြည့်လိုက်ပါဦး။

(၁) Kampon

Clark နဲ့ Eileen တို့က လက်ထပ်ထားတာ ၈ နှစ်လောက်ကြာပြီ ဖြစ်ပေမယ့် အခုထက်ထိ ကလေးမရသေးပါဘူး။ ဒါပေမဲ့ တစ်နေ့မှာတော့ ကလေးမလေး တစ်ယောက်က သူတို့ရဲ့ အိမ်ရှေ့ကို တံခါးလာခေါက်ပြီး သူက Clark ရဲ့ သမီးပါဆိုပြီး ပြောပါတော့တယ်။ ဘယ်လောက်ပဲ ထူးဆန်းတဲ့ အခြေအနေ ဖြစ်နေပါစေ သူတို့ လင်မယားနှစ်ယောက်က ကလေးမလေးကို သူတို့ရဲ့ ကလေးအဖြစ် လက်ခံလိုက်ကြပါတယ်။ တစ်ချိန်တည်းမှာပဲ Clark က ထိုကလေးရဲ့ နောက်ကြောင်း ဇစ်မြစ်ကို လိုက်လံစုံစမ်း နေချိန်မှာပဲ Eileen ကလည်း ထူးဆန်းတာတွေ တစ်ခုပြီး တစ်ခု ကြုံတွေ့လာရ ပါတော့တယ်။ ထိုကလေးမလေးက တကယ်ပဲ ဘယ်သူပါလဲ။

အသည်းငယ်တဲ့ ကွီးတို့ကတော့ ဒီဇာတ်ကားကို မကြည့်သင့် ပါဘူးဗျို့။

Source: Quantum Films

(၂) Rewind

Mary နဲ့ John တို့က တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ကြတဲ့ စုံတွဲတစ်တွဲပဲ ဖြစ်ပါတယ်။ တစ်ယောက်ကို တစ်ယောက် မခွဲနိုင်ကြလို့ လက်ထပ်လိုက်ကြပေမယ့် နှစ်တွေ ကြာလာသည်နှင့်အမျှ John ရဲ့ ဦးစားပေး အရာတွေကလည်း ပြောင်းလာပါတော့တယ်။ Mary တစ်ယောက်က ထိုအခြေအနေကို လက်မခံနိုင် ဖြစ်နေပါတယ်။ John ရဲ့ အချစ်တွေ ပေါ့လာခြင်းကပဲ Mary ရဲ့ ဘဝကို တစ်ခန်းရပ်သွားစေတဲ့ မတော်တဆမှု ဖြစ်လာစေ ပါတော့တယ်။ Mary က သူ့အနားမှာ မရှိတော့မှ နောင်တတွေ ရလာပါတော့တယ်။ ဒါပေမဲ့ တစ်ရက်မှာတော့ John တစ်ယောက် ထူးခြားတဲ့ အစွမ်း ရရှိလာပြီး အချိန်ကို နောက်ပြန်ဆွဲနိုင် ပါတော့တယ်။ ဒီလိုနဲ့ပဲ သူက အချိန်ကို နောက်ပြန်သွားပြီး သူ ချစ်တဲ့ အမျိုးသမီးကို ကယ်တင်ဖို့ ကြိုးစားပါတော့တယ်။

Source: ABS-CBN Star Cinema

(၃) Miller’s Girl

ကွီးတို့က Wednesday Adam ကို သဘောကျတယ် ဆိုရင်တော့ ဒီဇာတ်ကားကို ကြည့်သင့်ပါတယ်။ ဒီဇာတ်ကားထဲမှာ Jenna Ortega နှင့် Martin Freeman တို့က အဓိက ပါဝင်သရုပ်ဆောင် ထားပါတယ်။

Jenna Ortega သည် ပါရမီပါတဲ့ ငယ်ရွယ်တဲ့ စာရေးဆရာတစ်ယောက် ဖြစ်ပါတယ်။ Martin Freeman ကတော့ သူ(မ)ရဲ့ ဆရာပေါ့။ တစ်ရက်မှာတော့ သူ(မ)ရဲ့ ဆရာက သူ(မ)ကို ဇာတ်လမ်းတစ်ပုဒ် ရေးခိုင်းဖို့ အလုပ်ပေးပါတော့တယ်။ ဒီလိုကနေ သူတို့ နှစ်ယောက်ကြားမှာ ရှုပ်ထွေးတဲ့ ဆက်ဆံရေးတစ်ခု အစပျိုးဖို့ အကြောင်းဖန်လာ ပါတော့တယ်။ သူတို့ နှစ်ယောက်ကြားထဲက ဆရာ တပည့် ဆက်ဆံရေးက ဘယ်လိုတွေ ဖြစ်သွားမလဲ။

Source: Lionsgate Movies

(၄) Beautiful Wedding

အချစ် ဟာသကားလေးကို ကြည့်ချင်တယ် ဆိုရင်တော့ Beautiful Wedding ဆိုတဲ့ ဇာတ်ကားလေးကို ကြည့်ရှုသင့်ပါတယ်။ Abby နဲ့ Travis တို့က မကြာခင်ကမှ ပူပူနွေးနွေး လက်ထပ်ထားတဲ့ ကြင်စဦး ဇနီးမောင်နှံပဲ ဖြစ်ပါတယ်။ မင်္ဂလာပွဲပြီးတော့ ဟန်းနီးမွန်း ခရီးအတွက် မက္ကဆီကိုသို့ ခရီးထွက်လာပါတယ်။ ဟန်းနီးမွန်းခရီးမှာ ဘာတွေ ကြုံတွေ့ရမလဲ။ သူတို့ရဲ့ ဆက်ဆံရေးမှာ အဖုအထစ်တွေ ဖြစ်သွားမှာလား။

Source: ONE Media

(၅) Cult Killer

အက်ရှင် ဇာတ်ကား အကြမ်းစားတွေကို ကြည့်ချင်နေပါသလား။ ဒါဆိုရင်တော့ Cult Killer ဇာတ်ကားကို ကြည့်ရှုသင့်ပါတယ်။ စုံထောက်နှင့် လူသတ်သမားကြားမှာ စိတ်ဝင်စားစရာ ကောင်းအောင် ဇာတ်အိမ်ဖွဲ့ထားတာပဲ ဖြစ်ပါတယ်။ လူသတ်သမားက သူ့ကို စွပ်စွဲထားတဲ့ အရာတွေကို ချေဖျက်ပြီး သူ့ရဲ့ နာမည်ဆိုးကို ဖျက်ချင်နေတာပါ။ တကယ်ပဲ အောင်မြင်ပါ့မလား။

Source: Movie Coverage

ဒီ လ ထဲမှာတော့ ဒီ ဇာတ်ကား အသစ်တွေ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ ကွီးတို့ရော ဘယ်ဇာတ်ကားသစ်တွေ ကြည့်ချင်ပါသလဲ။

Source : Moviefone