မန်စီးတီး အသင်းကတော့ လာမယ့် နွေရာသီအပြောင်းအရွေ့ကာလမှာ ဝက်စ်ဟမ်းကွင်းလယ်ကစားသမား လူးကပ်စ် ပါကွီတာ ကို‌ ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရရှိသွားပြီလို့ သိရပါတယ်။

Lucas Paqueta

Photo : The Sun

မန်စီးတီး အသင်းအနေနဲ့ ပြီးခဲ့တဲ့ ရာသီက Treble Champions ဖြစ်လာခဲ့ပြီးနောက်မှာ ပါကွီတာ ကို ပြောင်းရွေ့ကြေး ပေါင် ၈၅ သန်းနဲ့‌ ခေါ်ယူဖို့ စီစဉ်ခဲ့ပေမယ့် ဘရာဇီးသားအပေါ် FA ရဲ့ လောင်းကစားဆိုင်ရာ စည်းမျဉ်းချိုးဖောက်မှုနဲ့ ပတ်သတ်ပြီး စုံစမ်းစစ်ဆေးမှုတွေ ရှိနေတာကြောင့် အပြောင်းအရွေ့ကို လက်လျှော့သွားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့နှစ် သြဂုတ်လထဲမှာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့တဲ့ ကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားရဲ့ အနာဂတ်ဟာ သံသယဖြစ်ဖွယ်ရှိနေတာကြောင့် မန်စီးတီးအသင်းဟာ ဝက်စ်ဟမ်းကြယ်ပွင့် ပါကွီတာ အပေါ် နောက်ထပ်တစ်ကြိမ် ပစ်မှတ်ထားလာတာ ဖြစ်ပါတယ်။

Foot Mercato ရဲ့ဖော်ပြချက်အရ မန်စီးတီး အသင်းဟာ ဘရာဇီးသားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ စည်းမျဉ်းတွေအရ ညှိနှိုင်းဆွေးနွေးနိုင်ခဲ့ပြီ ဖြစ်ပြီး အပြောင်းအရွေ့အတွက် ခြေတစ်လှမ်းတိုးသွားပြီဖြစ်တယ်လို့ အခိုင်အမာပြောကြား ထားပါတယ်။

သို့သော်လည်း မန်စီးတီးအသင်းဟာ ကွင်းလယ်လူ ပါကွီတာရဲ့ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်ပြီး ဝက်စ်ဟမ်းနဲ့ ထိပ်တိုက် ဆွေးနွေးမှု မပြုလုပ်ရသေးပါဘူး။ ဝက်စ်ဟမ်းအသင်းအနေနဲ့တော့ စီးတီးတို့ မျက်စိကျနေတဲ့ ကွင်းလယ်ကစားသမားအတွက် ယမန်နှစ်က ၎င်းတို့ပေးချေဖို့ ပြင်ဆင်ထားတဲ့ ပေါင် ၈၅ သန်းထက်ကိုပင် ထပ်တိုးတောင်းဆိုသွားဖွယ် ရှိနေပါတယ်။

Lucas Paqueta

Photo : Goal.com

အသက် ၂၆ နှစ်အရွယ် ဘရာဇီးသားဟာ လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၄၄ ပွဲ ပါဝင်ကစားထားကာ ဒီရာသီမှာ နည်းပြဒေးဗစ်မိုယက်စ်ရဲ့ ဝက်စ်ဟမ်းအသင်းနဲ့အတူ ပြိုင်ပွဲအရပ်ရပ် သွင်းဂိုး ၈ ဂိုး သွင်းယူထားပြီး ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ထားပါတယ်။

Featured Photo : Goal.com