ဝက်စ်ဟမ်း အသင်းက မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အင်္ဂလန် နောက်ခံ ကစားသမား ဟယ်ရီ မက်ဂွိုင်းယားကို ပြောင်းရွှေ့ကြေး ပေါင် သန်း(၃၀)နဲ့ ခေါ်ယူဖို့အတွက် သဘောတူညီမှု ရရှိထားခဲ့ပေမယ့်လည်း လက်ရှိမှာတော့ ဝက်စ်ဟမ်းက မက်ဂွိုင်းယားကို ခေါ်ယူဖို့ ကြိုးပမ်းနေမှုအား ရပ်ဆိုင်းလိုက်ပြီဖြစ်ပြီး တခြားသော ခံစစ် ကစားသမားတွေသာ ဆက်လက် ချိန်ရွယ်သွားဖွယ်သာ ရှိနေပါတယ်။
Photo Credit : The Athletic
အင်္ဂလန် လက်ရွေးစင် ခံစစ်မှူး မက်ဂွိုင်းယား က ယူနိုက်တက်အသင်းဆီ နည်းပြ အဲရစ် တန်ဟက်ဂ် ရောက်လာချိန်မှာ ပွဲကစားခွင့်တွေ စတင် ပျောက်ဆုံးလာခဲ့ရတာဖြစ်ပြီး မနှစ်က တစ်ရာသီလုံး အရန်ခုံမှာသာ အချိန်ကုန်ခဲ့ရသလို ဒီရာသီ မစတင်ခင်မှာလည်း တန်ဟက်ဂ်က မက်ဂွိုင်းယားရဲ့ အသင်းခေါင်းဆောင် ရာထူးကိုပါ ဖယ်ရှားခဲ့ပြန်ပါတယ်။ ဒါ့အပြင် မက်ဂွိုင်းယားက ယူနိုက်တက်မှာ ပုံမှန် ကစားခွင့်ရဖို့လည်း မလွယ်ကူပဲ အဲ့ဒါက ၂၀၂၄မှာ ကျင်းပမယ့် ယူရိုပြိုင်ပွဲမှာ အင်္ဂလန်အတွက် ကစားခွင့်ရဖို့ပါ စိုးရိမ်စရာ ဖြစ်လာခဲ့ရပါတယ်။
ဒီအချိန်မှာ မက်ဂွိုင်းယားက ယူနိုက်တက်နဲ့ လမ်းခွဲဖို့ ဆန္ဒရှိလာသလို ယူနိုက်တက်ကလည်း မက်ဂွိုင်းယား အတွက် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့ ကမ်းလှမ်းလာမယ်ဆိုရင် ရောင်းထုတ်သွားဖို့ ရှိလာခဲ့ပါတယ်။ ပွဲကစားခွင့်တွေလည်း နည်းပါးပြီး အမှားတွေလည်း များပြားတဲ့ မက်ဂွိုင်းယားကို ကလပ်အသင်းတွေက ခေါ်ယူဖို့ အနည်းငယ်လောက်သာ စိတ်ဝင်စားသလို ကမ်းလှမ်းမှု ပြုလုပ်တာလည်း မရှိသလောက်ပါပဲ။ ဒါပေမယ့် ဝက်စ်ဟမ်း က မက်ဂွိုင်းယားကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့သလို ကမ်းလှမ်းမှုလည်း ပြုလုပ်ခဲ့ပြီး ပေါင် သန်း(၃၀)နဲ့ သဘောတူညီမှု ရရှိခဲ့ပါတယ်။
Photo Credit : The Sun
ဒါပေမယ့် မက်ဂွိုင်းယားက ဝက်စ်ဟမ်း ကို ပြောင်းရွှေ့ရင် ယူနိုက်တက်မှာ ရရှိတဲ့ လစာနှုန်းထားလောက် မရနိုင်တော့တာမို့ လျော်ကြေးငွေအဖြစ် ပေါင် (၇)သန်းအထိ လိုချင်နေပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ ဆွေးနွေးနေရင်း ဝက်စ်ဟမ်းနဲ့ အပြောင်းအရွှေ့ အပြီးသတ်ဖို့ပါ ကြန့်ကြာခဲ့ရပါတယ်။ ဒီအခြေအနေတွေကို စိတ်ကုန်လာခဲ့တဲ့ ဝက်စ်ဟမ်းက မက်ဂွိုင်းယား ကို ခေါ်ယူဖို့ ကြိုးပမ်းနေမှု ကိစ္စရပ်တွေအား အဆုံးသတ်လိုက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ယူနိုက်တက်အနေနဲ့ မက်ဂွိုင်းယားကို အသင်းမှာပဲ ဒီအတိုင်း ဆက်ထားသွားမလား ကစားသမား ခေါ်ယူမှုမှာ အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်များ အသုံးပြုသွားမလားဆိုတာ စောင့်ကြည့်ရပါတော့မယ်။
Featured Photo : The Sun