ဝတ္ထုစာအုပ်ကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားတဲ့ နာမည်ကြီး ရုပ်ရှင်ဇာတ်ကားတွေ များစွာရှိပါတယ်။ Harry Potter ၊ The Lord of the Rings ၊ The Hunger Games ၊ The Shawshank Redemption စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကစလို့ စွန့်စားခန်း ၊ သည်းထိတ်ရင်ဖို ၊ ဒရာမာ ၊ ရိုမန့်အချစ်ဇာတ်ကား စသည် ဖြင့် အမျိုးအစားအစုံ ရုပ်ရှင်ဇာတ်ကားတွေများစွာ ထွက်ထားပါတယ်။ ဝတ္ထုနဲ့ ရုပ်ရှင်ဟာ ဇာတ်လမ်းကျောရိုးတစ်ခုတည်းကို အခြေခံ ရိုက်ကူးထားတယ်ဆိုပေမယ့် ဝတ္ထုကလည်း ဝတ္ထုရဲ့ ရသ ၊ ရုပ်ရှင်ကလည်း ရုပ်ရှင်ရဲ့ ရသ မတူညီတဲ့ ခံစားမှုတွေကို ပေးစွမ်းနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ နာမည်ကြီး ဝတ္ထုစာအုပ် တွေကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားတဲ့ အကောင်းဆုံး ရုပ်ရှင် ၅ ကားအကြောင်း တင်ဆက်ပေးချင်ပါတယ်။

(၁) The Color Purple (1985)

Source : Movieclips Classic Trailers

The Color Purple (1985) ဇာတ်ကားဟာ အမေရိကန်နာမည်ကြီး ဒါရိုက်တာ Steven Spielberg ရဲ့ ဖန်တီးမှု လက်ရာရုပ်ရှင်ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ၁၉၈၂ ခုနှစ်က ထွက်ခဲ့တဲ့ အမေရိကန် စာရေးဆရာမ Alice Walker ရဲ့ Pulitzer Prize ဆုရ The Color Purple ဝတ္ထုကို အခြေခံပြီး ရုပ်ရှင်ပြန်လည် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Celie Harris လို့ခေါ်တဲ့ အာဖရိကန်-အမေရိကန် မိန်းကလေးငယ်တစ်ဦးရဲ့ ဇာတ်လမ်းကို ပုံဖော် ရိုက်ကူးထားပြီး Danny Glover ၊ Oprah Winfrey ၊ Whoopi Goldberg ၊ Margaret Avery ၊ Rae Dawn Chong ၊ Adolph Caesar နဲ့ Willard Pugh စတဲ့ နာမည်ကြီး သရုပ်ဆောင်များစွာ ပါဝင်ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

(၂) Me And Earl And The Dying Girl (2015)

Source : SearchlightPictures

Me And Earl And The Dying Girl (2015) ရုပ်ရှင်ဟာ အမေရိကန်စာရေးဆရာ Jessie Andrews ရဲ့ ပထမဆုံး ထွက်ရှိခဲ့တဲ့ ဝတ္ထု စာအုပ်တစ်အုပ်ဖြစ်သလို ပထမဆုံး ရုပ်ရှင် ဇာတ်ညွှန်းဖြစ်လာတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ Jessie Andrews အနေနဲ့ ဒီဝတ္ထုကို ဇာတ်ညွှန်းပြန်လည် ရေးသားချိန်မှာ ဝေဖန်မှုများစွာ ခံခဲ့ရပါတယ်။ အကြောင်းကတော့ သူဟာ ယခင်က ဇာတ်ညွှန်းရယ်လို့ ရေးဖူးသူမဟုတ်တဲ့အပြင် ဇာတ်ညွှန်းတစ်ပုဒ်တောင် ဖတ်ခဲ့ဖူးသူ မဟုတ်တာကြောင့်ပါ။ ဒါပေမယ့် သူဟာ ဒီဝတ္ထုကို ရုပ်ရှင်ကန့်သတ်ချက်တွေနဲ့ အံဝင် ခွင်ကျဖြစ်အောင် ပုံဖော်ရေးသားနိုင်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ Thomas Mann ၊ Olivia Cooke ၊ RJ Cyler ၊ Nick Offerman ၊ Connie Britton ၊ Molly Shannon တို့လို သရုပ်ဆောင်အများကြီး ပါဝင်ရိုက်ကူးခဲ့ပါတယ်။

(၃) The Spectacular Now (2013)

Source : Movieclips Trailers

The Spectacular Now စာအုပ်ဟာ ဝတ္ထုရေးဆရာ Tim Tharp ရဲ့ လက်ရာဖြစ်ပြီး ၂၀၀၈ ခုနှစ် အောက်တိုဘာလမှာ ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားအဖြစ်ကိုတော့ ၂၀၁၃ ခုနှစ် ဩဂုတ်လမှ ပြန်လည်ရိုက်ကူး ထွက်ရှိခဲ့တာပါ ။ ဒီဇာတ်ကားဟာ Rating ကောင်းတဲ့ အချစ်ဇာတ်ကားကောင်း တစ်ကားဖြစ်သလို Miles Teller ၊ Shailene Woodley ၊ Brie Larson ၊ Brie Larson ၊ Mary Elizabeth Winstead ၊ Kaitlyn Dever ၊ Levi Miller နဲ့ Kyle Chandler တို့လို ထိတ်ထိတ်ကြဲ သရုပ်ဆောင်တွေ များစွာ ပါဝင်ရိုက်ကူးထားပါတယ်။ ဒီဇာတ်ကားဟာ ကမ္ဘာတစ်ဝှမ်း ရုံဝင်ငွေဒေါ်လာ ၆ သန်း ရရှိခဲ့ပြီး ဝတ္ထုစာအုပ် ကို အခြေခံထားတဲ့ ရုပ်ရှင် တွေထဲက အကောင်းဆုံး ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

(၄) Room (2015)

Source : A24

Room ဝတ္ထုစာအုပ် ဟာ ၂၀၁၀ ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး အဲ့ဒီနှစ်ရဲ့ တစ်နှစ်တာ အကောင်းဆုံးစာအုပ်စာရင်းမှာ ပါဝင်ခဲ့တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။ ဒီစာအုပ်ကို အိုင်းရစ်ချ် ဒါရိုက်တာ Lenny Abrahamson က ရုပ်ရှင်အဖြစ်ပြန်လည် ရိုက်ကူးခဲ့တာ ဖြစ်ပြီး ၂၀၁၅ ခုနှစ် စက်တင်ဘာလမှာ ထွက်ရှိခဲ့ပါတယ်။ ဒီဇာတ်ကားဟာ Drama/ Thriller အမျိုးအစား ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး အခန်းထဲမှာနှစ်ပေါင်းများစွာ ချုပ်နှောင်ခံထားရတဲ့ အမျိုးသမီးတစ်ဦးနဲ့ သူရဲ့ သားဖြစ်သူ တို့အကြောင်းကို ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Brie Larson ၊ Jacob Tremblay ၊ William H. Macy ၊ Sean Bridgers ၊ Joan Allen ၊ Amanda Brugel နဲ့ Tom McCamus စတဲ့သရုပ်ဆောင်များစွာ ပါဝင်ရိုက်ကူးထားပြီး အကယ်ဒမီဆု ၄ ဆု ဆန်ခါတင်စာရင်းဝင်ခဲ့တဲ့အပြင် ဒီဇာတ်ကားနဲ့အတူ မင်းသမီး Brie Larson ကလည်း အကောင်းဆုံး မင်းသမီးသရုပ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။

(၅) Holes (2003)

Source : Movie Trailer Locker

Holes ဝတ္ထုဟာ စတင်ထွက်ရှိခဲ့တဲ့ ၁၉၈၈ ခုနှစ်က စပြီး ဒီနေ့အထိ လူကြိုက်များနေဆဲ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ အမေရိကန်စာရေးဆရာ Louis Sachar ရဲ့ လက်ရာ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။ ဒီစာအုပ်ကို နိုင်ငံတော်တော်များများမှာ ဘာသာစကားပေါင်းများစွာနဲ့ ဘာသာပြန်ဆိုရေးသားထားကြပြီး ” ကျင်းပေါက်များ” ဆိုတဲ့ နာမည်နဲ့ မြန်မာဗားရှင်းလည်း ထွက်ထားပါတယ်။ Holes စာအုပ်ကို ၂၀၀၃ ခုနှစ်မှာ အမေရိကန် ဒါရိုက်တာ Andrew Davis က ရုပ်ရှင် အဖြစ်ပြန်လည်ရိုက်ကူးပုံဖော်ခဲ့ပြီး Shia LaBeouf ၊ Sigourney Weaver ၊ Khleo Thomas ၊ Patricia Arquette ၊ Jon Voight ၊ Dulé Hill နဲ့ Henry Winkler စတဲ့ နာမည်ကြီးသရုပ်ဆောင်တွေများစွာ ပါဝင်အားဖြည့် ရိုက်ကူးခဲ့ပါတယ်။

Featured Photo : Radio Times