ရုပ်ရှင်ဇာတ်ကားတွေက အမျိုးအစားအလိုက် ကျွန်တော်တို့ရဲ့ စိတ်ကိုခံစားမှု ရသပေးစွမ်းနိုင်ပါတယ်။ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ ယူကြုံးမရဖြစ်မှု၊ ဒေါသ၊ ကြည်နူးမှု၊ ထိတ်လန့်ခြောက်ခြားမှုစတဲ့ ခံစားမှုတွေကို ရုပ်ရှင်တွေရရှိကြပါတယ်။ လူတိုင်း ကိုယ်ကြိုက်နှစ်သက်တဲ့ ရုပ်ရှင် အမျိုးအစားတွေ ရှိကြမှာပါ။ ရုပ်ရှင်ဇာတ်ကား အမျိုးအစားအများကြီးထဲကမှ ဟာသကားတွေကလည်း လူကြိုက်များတဲ့ အမျိုးအစားထဲမှာ ပါဝင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ပိတ်ရက်မှာ မိသားစုနဲ့ ရယ်မောပျော်ရွှင်ရင်း ကုန်ဆုံးချင်လို့ပဲ ဖြစ်ဖြစ်၊ တစ်ပတ်တာပင်ပန်းမှုတွေကို ဖြေဖျောက်နိုင်စေဖို့ ဝါးလုံးကွဲ‌အောင် ရယ်ရတဲ့ ဒီနှစ်ထဲမှာပဲ ထွက်ရှိထားတဲ့ ဟာသကားတွေကို ဝေမျှပေးမှာ ဖြစ်ပါတယ်။

Your Place Or Mine

Photo : Netflix

ဒီကားလေးကတော့ အချစ်ဟာသ ဇာတ်ကားဖြစ်ပြီး ဒါရိုက်တာ Aline Brosh McKenna မှ ရေးသားကာ ရိုက်ကူးထားတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။ ဒီကာလေးထဲမှာ အဓိက ဇာတ်ဆောင်နှစ်ဦး ဖြစ်တဲ့ Reese Witherspoon နဲ့ Ashton Kutcher တို့ဟာ တစ်ပတ်ကြာ အိမ်တွေ လဲလှယ်နေထိုင်တဲ့ အချစ်ဆုံးသူငယ်ချင်းတွေအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီကားလေးမှာ ဘယ်လိုတွေ ရယ်မောရမလဲ၊ ရယ်မောမှုကြားက အချစ်ကိုရော ဘယ်လိုရှုစားရမလဲဆိုတာ ကြည့်လိုက်ရအောင်ဗျာ။

House Party

Source : Warner Bros. Pictures

နောက်ထပ် ဝါးလုံးကွဲ‌အောင် ရယ်ရတဲ့ ဇာတ်ကား ကောင်းတစ်ခုကတော့ House Party ဆိုတဲ့ ကားလေးပါ။ ဒီဇာတ်ကားထဲမှာ လူနှစ်ယောက်ဟာ NBA ကစားသမား  LeBron James ရဲ့ အိမ်ကြီးကို သန့်ရှင်းရေးလုပ်ရင်းနဲ့ ငွေအမြန်ရဖို့ ထိုအိမ်မှာ ကြီးမားတဲ့ ဟောလိဝုဒ်ပါတီပွဲတစ်ခု ကျင်းပဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ဘာတွေဆက်ဖြစ်မှာလဲ။ ဘယ်လိုမြူးမြူးကြွကြွနဲ့ စိတ်လှုပ်ရှား ရယ်မောရမလဲ ဆိုတာကတော့ House Party မှာ ရှုစားလိုက်ပါ။

The Blackening

Source : Liongate Movies

ဇာတ်အိပ်ခပ်ဆန်းဆန်းလေးနဲ့ ဟာသဇာတ်မြူးကားလေးကို ကြည့်ချင်ရင်တော့ The Blackening ဆိုတဲ့ ကားလေးရှိပါတယ်။ ဒီကားလေးထဲမှာ သူငယ်ချင်း (၇) ယောက်က ပိတ်ရက်မှာ ခရီးထွက်လာကြပြီး လူသတ်သမားနှင့်အတူ အခန်းတွင်းမှာ ပိတ်မိပြီး ဘယ်လိုတွေ ဆက်ဖြစ်ကြမယ်ဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။ ရယ်မောပျော်ရွှင်မှုနဲ့အတူ ထိတ်လန့်မှုကိုပါ ခံစားချင်တယ်ဆိုရင်တော့ ဒီကားလေးကို လက်လွှတ်မခံပါနဲ့။

No Hard Feelings

Source : Sony Pictures Entertainment

ပေါ့ပေါ့ပါးပါးနဲ့ ပျော်ရွှင်စရာကောင်းပြီး စိတ်ဝင်စားစရာ ဇာတ်ကားလေးကြည့်ချင်ရင်တော့ ဒီ No Hard Feelings ဆိုတဲ့ကားလေးက ကွက်တိပါပဲ။ ဒီကားလေးမှာ မင်းသမီးချော Jennifer Lawrence ပါဝင်သရုပ်ဆောင်ထားပြီး ဒီနှစ်အတွက် ပျော်ရွှင်စရာကောင်းတဲ့ အံမခန်း ဟာသကားလေး တစ်ကား ဖြစ်ပါတယ်။ ဘယ်လိုစိတ်ဝင်စား ပျော်ရွှင်ဖွယ်ကောင်းသလဲဆိုရင်တာ ဒီကားလေးမှာပဲ ဆက်လက်ရှုစားကြပါဦးဗျာ။

Strays

Source : Universal Pictures

ဒီကားလေးက တမူထူးခြားတဲ့ ဟာသကားလေး ဖြစ်ပြီး စိတ်ဝင်စားဖို့ကောင်းစေမှာ အသေအချာပါပဲ။ ဒီကားလေးထဲမှာ စွန့်ပစ်ခံလိုက်ရတဲ့ ခွေးလေးက အခြားသော ခွေးလေးများနဲ့ ပေါင်းပြီး သူ့ကို စွန့်ပစ်လိုက်တဲ့ သခင်ကို လက်စားချေမှာ ဖြစ်ပါတယ်။ ခွေးလေးရဲ့ အစီအစဉ် အောင်မြင်မှာလား၊ ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာ စိတ်ဝင်စားဖွယ် ရယ်မောရင်းကြည့်ရှုရမယ့် ကားကောင်းလေးပါ။

ဒီဟာသကားလေးတွေကို ကြည့်ရင်း ကွီးတို့ရဲ့ Weekend ကို ရယ်မောရင်းနဲ့ ကုန်ဆုံးလိုက်ပါ။

Source : Seventeen

Featured Photo : IMDb