ကမ္ဘာပေါ်က အကျန်းမာဆုံး လူသားတွေကို ပြပါဆိုရင် ပြင်သစ်နဲ့ ဂျပန်လူမျိုးတွေက ထိပ်ဆုံးက ပါပါတယ်။ သူတို့ဟာ စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်ဖို့အတွက် ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အလေ့အကျင့်ကောင်းတွေကို အမြဲတမ်း လိုက်နာကျင့်သုံးကြတာပါ။ ကျန်းမာခြင်းဆိုတဲ့အထဲမှာ ကိုယ်အလေးချိန်ကို သင့်တင့်မျှတအောင် ထိန်းထားတာကလည်း တစ်ခုအပါအဝင်ပါပဲ။ ဒီဆောင်းပါးလေးမှာတော့ ဝိတ်ကျဖို့အတွက်ဖြစ်စေ ၊ ကျန်းမာတဲ့ကိုယ်အလေးချိန်ကို ထိန်းထားချင်လို့ပဲဖြစ်စေ နိုင်ငံအသီးသီးအလိုက် ကမ္ဘာတစ်ဝှမ်းမှာ ကျင့်သုံးကြတဲ့ လျှို့ဝှက်နည်း လမ်းတွေကို ပြောပြပေးချင်ပါတယ်။
(၁) ပြင်သစ်
Photo : iconic life
ပြင်သစ်လူမျိုးတွေဟာ ဥရောပတခွင်မှာ ပျမ်းမျှအားဖြင့် Body Mass Index (BMI) အနိမ့်ဆုံးရှိတယ်ဆိုတာ သင်သိပါသလား။ ပြင်သစ်လူမျိုးတွေအနေနဲ့ ဒိန်ခဲ ၊ ခရင်မ်နဲ့ ဝိုင်တွေကို နှစ်ခြိုက်ကြတယ်ဆိုပေမယ့် သင့်တင့်မျှတတဲ့ပမဏကိုသာ စားသုံးကြတာပါ။ နေ့လယ်စာ အတွက်ကို အဓိက Main Meal အနေနဲ့ အသုပ် ၊ စွပ်ပြုတ် ၊ ကြက်သားနဲ့ ဟင်းသီးဟင်းရွက်တွေ စားကြပြီး ပေါ့ပေါ့ပါးပါးရှိတဲ့ အချိုပွဲတွေကို တည်ခင်းစားသုံးကြတာ ဖြစ်ပါတယ်။ ဒီလို နည်းနည်းနဲ့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ စားသောက်မှုပုံစံတွေနဲ့ပဲ ပြင်သစ်လူမျိုးတွေက ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းထားကြတာ ဖြစ်ပါတယ်။
(၂) ဂျပန်
Photo : Oishya
ကမ္ဘာပေါ်က အဝလွန်မှုနှုန်း အနိမ့်ဆုံးက ဂျပန်နိုင်ငံပါ။ ဂျပန်လူမျိုးတွေရဲ့ မနက်စာ ၊ နေ့လည်စာနဲ့ ညစာ အနပ်တိုင်းမှာ မီဆိုဟင်းချိုလို စွပ်ပြုတ်တွေကို ထည့်သွင်းစားလေ့ရှိပါတယ်။ အရိုးပြုတ်ရည်ကို အခြေခံထားတဲ့ ဒီစွပ်ပြုတ်ဟာ ကယ်လိုရီပါဝင်မှု အလွန်နည်းပြီး အာဟာရပြည့်ဝနေစေပါတယ်။ နောက်ပြီး ဂျပန်လူမျိုးတွေဟာ အရောင်အသွေးစုံလင်ပြီး အမျှင်ဓာတ်ပါဝင်မှုမြင့်မားတဲ့ သစ်သီးတွေ ၊ ဟင်းသီးဟင်းရွက်တွေကိုလည်း များများစားသုံးလေ့ ရှိကြပါတယ်။
(၃) နော်ဝေနဲ့ ဆွီဒင်
Photo : Stockholm Environment Institute
ဆွီဒင်နဲ့ နော်ဝေးနိုင်ငံသားတွေဟာ များသောအားဖြင့် သွေးသွယ်ကျစ်လစ်တဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံ ရှိကြပြီး နှလုံးဖောက်ခြင်း ၊ ဆီးချိုရောဂါ စတဲ့ရောဂါအခြေအနေတွေကြောင့် သေဆုံးနှုန်းဟာ ၅၀ ရာခိုင်နှုန်းအထိ နည်းပါးတယ်လို့ ဆိုပါတယ်။ အဲဒီ နိုင်ငံတွေကလူတွေဟာ အဓိကအားဖြင့် ကောက်နဲ့လုပ်ထားတဲ့ အစားအစာတွေကို စားကြပြီး ၎င်းအစားအစာတွေက အမျှင်ဓာတ်များ ပေါကြွယ်ဝစွာ ပါဝင်နေတာ ဖြစ်ပါတယ်။
(၄) ဒိန်းမတ်
Photo : EatingWell
လေ့လာမှုတွေအရ ဒိန်းမတ်နိုင်ငံလူဦးရေရဲ့ ၁၃.၄ ရာခိုင်နှုန်းလောက်ကသာ အဝလွန်တဲ့အထဲမှာ ပါတာပါ။ ဒိန်းမတ်လူမျိုးတွေဟာ အိုမီဂါ – ၃ ဖက်တီအက်ဆစ်ဓာတ် ကြွယ်ဝတဲ့ ဆယ်လ်မွန် ၊ တူနာ ၊ မက်ကရယ်နဲ့ ကော့ဒ်ငါး တို့လို နှလုံးကျန်းမာရေးအတွက် အကျိုးပြုတဲ့ ငါးတွေကိုသာ အများအပြား စားသုံးကြတာ ဖြစ်ပါတယ်။။ ဆော်လမွန်ငါးကင်နဲ့ တူနာငါးသုပ်တွေဟာ သူတို့ရဲ့ နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ အဓိကပါပဲ။
(၅) တူနီးရှား
Photo : Will Fly for Food
တူနီးရှားနိုင်ငံဟာ ကမ္ဘာပေါ်က ကျန်းမာရေးနဲ့ အညီညွတ်ဆုံး အစားအစာတွေထဲက တစ်ခုဖြစ်ပါတယ်။ ကိုယ်အလေးချိန်လျှော့ချဖို့ သူတို့ရဲ့ အဓိက လျှို့ဝှက်နည်းကတော့ လတ်ဆတ်တဲ့သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို အများအပြား စားသုံးကြတာပါ။ နောက်ပြီး သူတို့ရဲ့အစားအသောက်ထဲမှာ နံနံစေ့ ၊ ငရုတ်ကောင်းနဲ့ ကရဝေးတို့လို ဟင်းခတ်အမွှေးအကြိုင်တွေလည်း အများကြီးထည့်စားလေ့ ရှိကြပါတယ်။
Featured Photo : Ora Fitness & Yoga