ဝီစကီ Whiskey သောက်တဲ့အခါ ရေရောသင့်သလား ဆိုတဲ့ မေးခွန်းအတွက် အဖြေက မှန်တယ် မှားတယ်ရယ်လို့ မရှိပါဘူး။ ဝီစကီ Whiskey ထဲကို ရေ ရောထည့်ပြီး သောက်တာဟာ ကိုယ်ပိုင်ရွေးချယ်မှုနဲ့ ကိုယ်ပိုင်နှစ်သက်ရာ အရသာအတိုင်းသာ ဖြစ်ပါတယ်။ ဒါပေမယ့် ယေဘူယျ စည်းမျဉ်းအနေနဲ့ကတော့ ဝီစကီ Whiskey မှာပါဝင်တဲ့ အယ်လ်ကိုဟော ရာခိုင်နှုန်းပေါ်မူတည်ပါတယ်။

Photo : Medium

အယ်လ်ကိုဟော ၄၀ ကနေ ၄၆ ရာခိုင်နှုန်း ရှိတဲ့ ဝီစကီ Whiskey အမျိုးအစားအတွက် ကွီးတို့အနေနဲ့ ရေထပ်ရောထည့်စရာ မလိုပဲသောက်နိုင်ပါတယ်။ အရည်သွေးကောင်းတဲ့ ဝီစကီ Whiskey မျိုး ဖြစ်ပါက အနည်းငယ် ပြင်းရှရှ အရသာကို ခံစားရမှာပါ။

အယ်လ်ကိုဟော ၄၆ ကနေ ၅၄ ရာခိုင်နှုန်း ရှိတဲ့ ဝီစကီ Whiskey အမျိုးအစား အတွက်ကိုတော့ ရေအနည်းငယ် ရောစပ်သောက်ရင် ပိုကောင်းပါတယ်။ ရေအနည်းငယ် ရောစပ်ပြီးသား ဝီစကီ Whiskey ရဲ့ အရသာကို အရင်စမ်းကြည့်လိုက်ပါ။ အရသာအရမ်းကြီး ပြင်းရှလွန်းနေရင်တော့ ရေအနည်းငယ် ထပ်ထည့်နိုင်ပါတယ်။

အယ်လ်ကိုဟော ၅၅ နဲ့ အထက် အပြင်းစား ဝီစကီ Whiskey အမျိုးအစားတွေ ဆိုရင်တော့ သေချာပေါက် ရေအနည်းငယ် ရောစပ်သောက်ဖို့ လိုပါတယ်။ ရေ ထပ်မံရောထည့်လိုက်ခြင်းဟာ ဝီစကီ Whiskey ရဲ့အနံ့အရသာကို ပိုမိုပေါ်လွင်စေပြီး ချောမွေ့ပြေပြစ်တဲ့ အရသာကို ခံစားရစေမှာ ဖြစ်ပါတယ်။

ဝီစကီ Whiskey ထဲရေထည့်သောက်တာဟာ မှားလား

Photo : Metro Magazine

အပေါ်မှာဖြေခဲ့သလိုပါပဲ ဝီစကီ Whiskey ထဲ ရေထည့်သောက်တာဟာ မှားတယ်လို့ ပြောလို့ မရနိုင်ပါဘူး။ တကယ်တော့ စျေးကွက်ထဲမှာရောင်းချနေတဲ့ ဝီစကီ Whiskey အများစုမှာ စတင်ချက်လုပ်ကတည်းက ရေအနည်းငယ် ရောစပ်ထည့်ထားပြီးသားပါ။ ဝီစကီ Whiskey ရဲ့ ပြင်းအားနဲ့ ချောမွေ့ပြေပြစ်မှုကို မျှတမှုရှိစေပြီး ပိုမိုသက်ဝင်ငြိမ့်ညောင်းတဲ့ အရသာကို ပေးစွမ်းနိုင်ဖို့ ရေအနည်းငယ်ရောထည့်တာက မှားယွင်းတဲ့ နည်းလမ်းတစ်ခု မဟုတ်တာ သေချာပါတယ်။

ဝီစကီ Whiskey တစ်ခွက်ကို ရေဘယ်လောက်ထည့်ဖို့ လိုသလဲ

Photo : Business Insider

ဝီစကီ Whiskey သောက်တဲ့အခါ အရိုးရှင်းဆုံး နည်းလမ်းကတော့ အရင်ဆုံး ဘာမှမရောထားတဲ့ ဝီစကီ Whiskey ချည်းသပ်သက်ကို Neat တစ်ငုံ လျှာဖျားလေးနဲ့ သောက်ကြည့်ပါ။ ပြီးတဲ့အခါ ရေ ၃ / ၄ စက် ရောထည့်ပြီး ထပ်မြည်းကြည့်ပါ။ အရသာက ကိုယ့်အတွက် ပြင်းနေသေးတယ်ဆိုရင် ရေအနည်းငယ် ထပ်မံရောစပ်နိုင်ပါတယ်။

Featured Photo : Broadsheet