Comfort Zone လို့ခေါ်တဲ့ သက်တောင့်သက်သာ ရပ်ဝန်းတစ်ခုဟာ ကျွန်တော်တို့ရဲ့ တစ်ကိုယ်ရည်တိုးတက်မှုတွေကို ပိတ်ဆို့ထားတဲ့ ထောင်ချောက်တစ်ခုပါ။ သက်တောင့်သက်သာရှိတဲ့ အခြေအနေက ကောင်းတယ်လို့ ထင်ရပေမယ့် တကယ်တော့ ကျွန်တော်တို့ရဲ့ အရည်အချင်းနဲ့ အရည်အသွေးတွေ ၊ တိုးတက်မှုတွေကို တဖြည်းဖြည်း တိုက်စားဖျက်စီးနေတဲ့ နေရာဖြစ်ပါတယ်။ သင်ဟာ သက်သာဇုန် ထောင်ချောက်ထဲကို ရောက်နေပြီဆိုရင်တော့ မြန်နိုင်သမျှ မြန်မြန် ရုန်းထွက် ဖို့ လိုပါတယ်။ Comfort Zone ကနေ လွတ်မြောက်လာတာနဲ့ သင်ဟာ အခုပြောပြမယ့် အကျိုးကျေးဇူးတွေကို ရရှိခံစားရမှာပါ။
(၁) ပိုသန်မာတဲ့ လူတစ်ယောက် ဖြစ်လာမယ်
Workplace Photo : Peace Blog
သက်သာဇုန် ကနေ ရုန်းထွက်နိုင်ဖို့ ပထမဆုံး ရင်ဆိုင်ရမှာက ကြောက်စိတ်ကို ကျော်လွှားဖို့ပါ။ လူတိုင်းက အပြောင်းအလဲကို ရင်ဆိုင်ရာမှာ မလုံခြုံသလို ခံစားရတာ ၊ ကြောက်ရွံ့ကြတာဟာ သဘာဝပါပဲ။ အကြောက်တရားကို ကျော်လွှားပြီး Comfort Zone ကနေ ရုန်းထွက်လိုက်တာနဲ့ သင်ဟာ နောက်ကြောင်းပြန်ကြည့်ပြီး ကိုယ့်ကိုယ်ကို ဂုဏ်ယူနေရပါလိမ့်မယ်။ နောက်ပြီး ကြောက်ရွံမှုကို ရင်ဆိုင်ကျော်ဖြတ်လိုက်ခြင်းရဲ့ အကျိုးရလဒ်က သင့်ကိုယ်သင် ပိုသန်မာတဲ့ လူတစ်ယောက်အဖြစ် ခံစားရစေမှာ ဖြစ်ပါတယ်။
(၂) ဖန်တီးနိုင်စွမ်းတွေ ပိုကောင်းလာမယ်
Photo : Success Magazine
သက်တောင့်သက်သာ ဖြစ်စေတဲ့ ရပ်ဝန်းတစ်ခုကနေ ရုန်းထွက် လိုက်တဲ့အခါမှာ ပုံမှန်ထိတွေ့နေကြ အရာတွေနဲ့ မတူတော့တဲ့ အသစ်သစ်သော အရာတွေနဲ့ ပိုမို ထိတွေ့ဆက်ဆံခွင့် ရလာမှာပါ။ ဒီလိုအသစ်သစ်သော အရာတွေက သင့်ကို မတူညီတဲ့ အတွေ့အကြုံတွေ ၊ စိန်ခေါ်မှုအသစ်တွေကို ပေးစွမ်းတဲ့အတွက် သင့်ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းတွေ ၊ ကိုယ်ရည်ကိုယ်သွေးတွေဟာလည်း တက်လာမှာ ဖြစ်ပါတယ်။
(၃) ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာမယ်
Photo : Medium
သက်သာဇုန်က ထွက်ခွာပြီး ရည်မှန်းထားတဲ့ ပန်းတိုင်တွေဆီ အရောက်သွားဖို့ ခြေတစ်လှမ်းချင်း လျှောက်လှမ်းလာလိုက်တာနဲ့ သင့်ကိုသင် ယုံကြည်မှု ၊ သင့်ရဲ့ လုပ်နိုင်ကိုင်နိုင်စွမ်းကို တဖြည်းဖြည်း ပိုပြီးယုံကြည်လာပါလိမ့်မယ်။ ကိုယ့်ဒူးကိုယ်ချွန်ပြီး ကိုယ့်အားကိုယ်ကိုးမှုအပြည့်နဲ့ ရှေ့ဆက်လျှောက်လှမ်းနေခြင်းဟာ သင့်အတွက် အပြုသဘောဆောင်တဲ့ ခံစားချက်တွေကို ရရှိစေရုံမက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့် ခံစားရစေမှာ ဖြစ်ပါတယ်။
(၄) စဉ်းစားတွေးခေါ်ပုံတွေ ပြောင်းလာမယ်
Photo : Entrepreneur
Comfort Zone ကနေ ရုန်းထွက် လိုက်နိုင်တာနဲ့ သင်ရရှိမယ့် အရာက တစ်ကိုယ်ရည် တိုးတက်မှုတွေပါ။ မတူညီတဲ့ အတွေ့အကြုံတွေ ၊ စိန်ခေါ်မှုအသစ်တွေဆီကနေပဲ သင့်ရဲ့အတွေးအမြင်နဲ့ စဉ်းစားတွေခေါ်ပုံ ၊ ဆင်ခြင်သုံးသပ်နိုင်စွမ်းတွေကို တိုးတက်လာစေမှာဖြစ်ပြီး ပိုမိုရင့်ကျက်တဲ့လူတစ်ယောက် ၊ စွန့်စွန်းစားစားနဲ့ စိန်ခေါ်မှုတွေ ၊ အခက်အခဲအတားအဆီးတွေကို ရင်ဆိုင်ရဲတဲ့ လူတစ်ယောက် ဖြစ်လာစေမှာပါ။
Comfort Zone ကို ကျောခိုင်းလိုက်ရင် အခုပြောပြမယ့် ကောင်းကျိုးများစွာကို ရရှိမှာဖြစ်တာကြောင့် သင်ရော လက်ရှိသင့်ရဲ့ သက်သာဇုန် ထောင်ချောက်ထဲက အမြန်ဆုံး ရုန်းထွက် ဖို့ ရယ်ဒီပဲလား ???
Source : Hartstein Psychological
Featured Photo : The Leader Aries