မောင့်အိုလံပီယာလို့ ခေါ်တဲ့ ကမ္ဘာကျော် ကာယဗလမောင် ပြိုင်ပွဲကို ၁၉၆၅ ခုနှစ်က စပြီး ကျင်းပခဲ့တာ ဖြစ်လို့ အခုဆို နှစ်ပေါင်း ၆၀ နီးပါးတောင် ကြာမြင့်လာခဲ့ပြီ ဖြစ်ပါတယ်။ ကမ္ဘာပေါ်က အကြီးကျယ်ဆုံး ကာယဗလမောင်အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ BodyBuilderဖခင်ကြီး ဂျိုးဝိုင်ဒါက စတင်ခဲ့တဲ့ အထင်ကရပွဲကြီးတစ်ခုလည်း ဖြစ်ပါတယ်။

နှစ်ပေါင်း ၆၀ နီးပါး မောင့်အိုလံပီယာ နိုင်ငံတကာ ကာယဗလမောင်ပြိုင်ပွဲကို နိုင်ငံတကာ BodyBuilding & Fitness ဖက်ဒရေးရှင်း IFBB ကနေ ဦးစီးပြီး နှစ်စဉ်ကျင်းပနေဆဲပါ။ ဆုကြေး ဒေါ်လာ ၁၀၀၀ ကနေ စတင်ခဲ့ပြီး အခုဆို ဒေါ်လာ ၄ သိန်းအထိ ပေးလာတဲ့ ဒီပွဲကြီးသမိုင်းမှာ ကမ္ဘာ့အဆင့် ထိပ်တန်းနာမည်ကျော် ကာယဗလမောင်တွေလည်း ထွက်ခဲ့ပါတယ်။ ဒီလို နာမည်ကျော်မောင့်အိုလံပီယာဆုရှင်တွေထဲကမှ ၁၉၆၅ ခုနှစ်ကနေ အခုထိ သမိုင်းမှာ ဆုအများဆုံးရတဲ့ BodyBuilder ၅ ဦး အကြောင်း ဖော်ပြလိုက်ပါတယ်။

(၁) Lee Haney

Lee Haney

Photo: drworkout

အမေရိကန် IFBB ပရော်ဖက်ရှင်နယ် BodyBuilder ဟောင်း လီးဟန်နေဟာ သမိုင်းမှာ စံချိန်တင်အများဆုံး မောင့်အိုလံပီယာဆုရှင်အဖြစ် ရော်နီ ကိုးလ်မန်းနဲ့အတူ ရပ်တည်နေပါတယ်။ ဟန်လေဟာ မောင့်အိုလံပီယာ ၈ ကြိမ်ရထားတဲ့ BodyBuilder ဖြစ်ပြီး အရပ် ၆ ပေ ရင်အုပ် ၅၇ လက်မ ၊ လည်ပင်းဆိုဒ် လက်မ ၂၀ ၊ လက်မောင်း ၂၂ လက်မ ၊ ခါး ၃၂.၅ လက်မ ၊ ပေါင် ၃၁ လက်မနဲ့ ခြေသလုံး ဆိုဒ် ၂၂ လက်မ ရှိပါတယ်။

အသက် ၂၀ အရွယ် ၁၉၇၉ ခုနှစ်ကစပြီး ကာယဗလမောင်ဆုအမျိုးမျိုး ရခဲ့တာပါ။ ဒီထဲမှာ အမျိုးသားအဆင့် အငယ်တန်းဟဲဗီးဝိတ် ၊ ကမ္ဘာ့အပျော်တန်းချန်ပီယံရှစ် ဟဲဗီးဝိတ် ၊ Gran Prix နဲ့ ကမ္ဘာ့ပရို ချန်ပီယံရှစ်အပါအဝင် ဆုပေါင်း ၂၁ ဆုအထိ ရခဲ့ပါတယ်။ မောင့်အိုလံပစ်ယာဆုကိုတော့ ၁၉၈၄ ကနေ ၁၉၉၁ ခုနှစ်အထိ ၈ နှစ်ဆက်တိုက် ရခဲ့တာလည်း ဖြစ်ပါတယ်။

(၂) Ronnie Coleman

Ronnie Coleman

Photo: wikimedia

၁၉၉၈ ကနေ ၂၀၀၅ ခုနှစ်အထိ မောင့်အိုလံပီယာ ၈ ကြိမ်ရ ရော်နီ ကိုးလ်မန်းဟာလည်း မောင့်အိုလံပီယာအများဆုံး ဆုရှင်တစ်ဦးဖြစ်ပါတယ်။ ကိုးမန်းဟာ ပရော်ဖက်ရှင်နယ် IFBB လောကမှာ ဆုပေါင်း ၂၆ ဆုအထိ ရထားပြီး သူ့စံချိန်ကို နောက်ပိုင်းမှ ဒက်ဆာ ဂျက်ဆင်က ချိုးသွားခဲ့တာပါ။

စာရင်းကိုင်ပညာရပ်နဲ့ ဘွဲ့ရပြီး စာရင်းကိုင်အလုပ်မရတာကြောင့် ဝမ်းရေးအတွက် Domino ပီဇာဆိုင်မှာ အလုပ်ဝင်ခဲ့ပြီး ဘဝကို ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရပါတယ်။ နောက်တော့ တက္ကဆက်ပြည်နယ်မှာ ၁၉၈၉ ကနေ ၂၀၀၀ ပြည့်နှစ်အထိ ရဲအရာရှိအဖြစ် တာဝန်ထမ်းဆောင်ရင်း ကာယဗလမောင်လောကထဲ ဝင်ခဲ့တာပါ။

မောင့်အိုလံပီယာ ၈ နှစ် ဆက်တိုက်ရထားတဲ့သူဟာ သမိုင်းရဲ့ အကြီးကျယ်ဆုံး BodyBuilder အဖြစ် မှတ်တမ်းဝင်ခဲ့ပြီ ဖြစ်ပါတယ်။ ရော်နီ ကိုးလ်မန်းရဲ့ ဘဝဟာ အံ့ဖွယ်ဖြစ်ခဲ့ပေမယ့် နေက်ပိုင်းမှာ ခွဲစိတ်ကုသမှုတွေကြောင့် လမ်းမလျှောက်နိုင်အောင် ဖြစ်ခဲ့တာကလည်း သူ့ဘဝကနေ ယူနိုင်မယ့် သင်ခန်းစာတစ်ခုလို့ ဆိုရမှာပါ။

(၃) Arnold Schwarzenegger

Arnold Schwarzenegger

Photo: muscleandfitness

ကာယဗလမောင်တွေထဲမှာ လူသိအများဆုံးက ဟောလီးဝုဒ်အက်ရှင်မင်းသားကြီး အာနိုး ရှဝါဇနက်ဂါပဲ ဖြစ်မှာပါ။ ဩစတြေးလျ အမေရိကန်နွယ်ဖွား မင်းသားကြီးဟာ အသက် ၁၅ နှစ်ကတည်းက ဝိတ်မ,လာခဲ့ပြီး အသက် ၂၀ မှာ မောင်စကြဝဠာဘွဲ့ရခဲ့တာပါ။ မောင့်အိုလံပီယာဆုကို ၁၉၇၀ ၊ ၇၁ ၊ ၇၂ ၊ ၇၃ ၊ ၇၃ ၊ ၇၅ နဲ့ ၈၀ ပြည့်နှစ်တွေမှာ ၇ ကြိမ်တိုင်ရခဲ့ပါတယ်။

မောင့်အိုလံပီယာပြီးရင် ဒုတိယအရေးပါဆုံး ကာယဗလမောင်ပြိုင်ပွဲဖြစ်တဲ့ Arnold Sports Festival က သူ့နာမည်နဲ့ ကျင်းပတာ ဖြစ်ပါတယ်။ ကာယဗလနဲ့ အားကစားရေးရာကောင်စီဥက္ကဌမှာလည်း သူက ဥက္ကဌပါပဲ။ ကာယဗလမောင်အလုပ်အပြင် ၂၀၀၃ ခုနှစ်မှာ ၃၈ ဆက်မြောက် ကယ်လီဖိုးနီးယားမြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၁ ခုနှစ်အထိ အုပ်ချုပ်ခဲ့ပါတယ်။

နိုင်ငံရေးလောကအပြင် သူဟာ ကမ္ဘာ့ရုပ်ရှင်လောကမှာလည်း ကျော်ကြားတဲ့ သရုပ်ဆောင်အဖြစ် အောင်မြင်ခဲ့ပါတယ်။ ဒီထဲမှာ The Terminator (1984) ကနေ စပြီး Terminator စီးရီးတွေ ရိုက်ကူးအောင်မြင်ခဲ့ပါတယ်။

(၄) Phil Heath

Phil Heath

Photo: medalladehierro

အမေရိကန် ပရော်ဖက်ရှင်နယ် ကာယအလှမောင် ဖီးလစ်ပ် ဟိသ်ဟာ အာနိုးရှဝါဇနက်ဂါလိုပဲ မောင့်အိုလံပီယာ ၇ ဆု ရှင် ဖြစ်ပါတယ်။ ဟိသ်ကတော့ ၂၀၁၁ ကနေ ၂၀၁၇ အထိ ၇ နှစ် ဆက်တိုက် Winner အဖြစ် မောင့်အိုလံပီယာပြိုင်ပွဲတိုင်းမှာ ဆုရခဲ့သူ ဖြစ်ပါတယ်။ Body Building လောကထဲ ၂၀၀၂ ခုနှစ်မှာ စတင် ဝင်ရောက်ခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ အမျိုးသားကာယကော်မတီ USA ချန်ပီယံရှစ် ရခဲ့ပြီးနောက် IFBB Pro တစ်ယောက်အဖြစ် ပြိုင်ခွင့်ရခဲ့တာပါ။

၂၀၁၈ နဲ့ ၂၀၂၀ မောင့်အိုလံပီယာပြိုင်ပွဲတွေမှာတော့ ဟိသ်ဟာ ဒုတိယနဲ့ တတိယနေရာတွေမှာပဲ ကျေနပ်ခဲ့ရပါတယ်။ ဟိသ်ဟာ ပရော်ဖက်ရှင်နယ် နပန်းလောကထဲလည်း ဝင်ခဲ့ပြီး TNA World Tag Team Championship လည်း ဝင်နွှဲခဲ့သေးတယ်လို့ ဆိုပါတယ်။

(၅) Dorian Yates

Dorian Yates

Photo: muscleandfitness

အင်္ဂလန်ပရော်ဖက်ရှင်နယ် BodyBuilder ဟောင်း ဒေါ်ရီယန် ယိတ်စ်ဟာ မောင့်အိုလံပီယာသမိုင်းမှာ ပဉ္စမမြောက် အများဆုံး Winner ဆုရှင် ဖြစ်ပြီး ၁၉၉၂ ကနေ ၁၉၉၇ အထိ ၆ နှစ်ဆက်တိုက် ချန်ပီယံဖြစ်ခဲ့သူပါ။ ကာယဗလမောင်သမိုင်းရဲ့ ထိပ်တန်း Pro BodyBuilder တစ်ဦးအဖြစ် သတ်မှတ်ခံရတဲ့ သူဟာ နောက်ပိုင်းမှာ နာတာရှည်ထိခိုက်ဒဏ်ရာတွေကြောင့် အတောက်ပဆုံးအချိန်မှာ အနားယူသွားတာ ဖြစ်ပါတယ်။

Featured Photo: wikimedia