ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်ကစားသမား ကီလီယန် အမ်ဘာပေက ကလပ်အသင်းနဲ့ သက်တမ်းတိုးခြင်း မတိုးခြင်း အသင်းကနေ ထွက်ခွာခြင်း ဆက်နေခြင်း ကစားသမားဘဝ ရွေးချယ်ခြင်းတွေအတွက် ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန် လွှမ်းမိုးနိုင်မှာ မဟုတ်ဘူးလို့ ပြောကြားသွားခဲ့ပါတယ်။

kylian

Photo Credit : BeSoccer

ဘာပေက ပြီးခဲ့တဲ့ နွေရာသီကပဲ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ခဲ့ပြီး အသင်းနဲ့ ဆက်လက် လက်တွဲဖို့ ဆုံးဖြတ်ခဲ့သလို ဘာပေနဲ့ ပီအက်စ်ဂျီတို့ကြား စာချုပ်သက်တမ်းကလည်း ၂၀၂၄ခုနှစ် ဇွန်လအထိ ဖြစ်တဲ့အပြင် ၂၀၂၅ခုနှစ် ဇွန်လအထိပါ တစ်နှစ် ထပ်တိုးနိုင်တဲ့ option တစ်ခုကိုပါ ထည့်သွင်းထားခဲ့ပါသေးတယ်။ ဒါပေမယ့် ဒီ ထပ်တိုးခွင့် option က ကစားသမားရဲ့ ဆုံးဖြတ်ချက်အပေါ်မှာသာ မူတည်မယ်လို့ ထည့်သွင်း ချုပ်ဆိုထားရာ အခု ဘာပေက သက်တမ်းတိုးဖို့ ဆန္ဒမရှိကြောင်းနဲ့ သူရဲ့စာချုပ်အတိုင်း ၂၀၂၄ခုနှစ်အထိပဲ အသင်းမှာ ဆက်ကစားသွားမယ်လို့ အသိပေးခဲ့ပါတယ်။

mbappe

Photo Credit : Goal

ဒီ အသိပေးမှုက ပီအက်စ်ဂျီအတွက် ခေါင်းခြောက်စရာ ဖြစ်သွားခဲ့ရပြီး တကယ်လို့ ဘာပေရဲ့ဆန္ဒအတိုင်း အသင်းမှာ ၂၀၂၄ခုနှစ်အထိ ကစားစေမယ်ဆိုရင် ဘာပေကို လာမယ့်နှစ်နွေမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ရမှာဖြစ်ပြီး အဲ့လို့ လက်မလွတ်ချင်ဘူးဆိုရင်တော့ အခုနှစ် ဈေးကွက်ထဲမှာပဲ ရောင်းထုတ်ရတော့မှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဘာပေက သူရဲ့ dream club ဖြစ်တဲ့ ရီးယဲလ် မက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့ဖို့ အခြေအနေများနေတဲ့အပေါ် ပြင်သစ် သမ္မတ မက်ခရွန်က ဘာပေကို အသင်းမပြောင်းပဲ ပီအက်စ်ဂျီမှာပဲ ဆက်လက် ရှိနေဖို့ တိုက်တွန်းဖို့ ရှိနေတယ်လို့ သိရပါတယ်။

macron mbappe

ဒါပေမယ့် ဘာပေကတော့ သူရဲ့ ကစားသမားဘဝ ရွေးချယ်မှုကို မက်ခရွန် လွှမ်းမိုးနိုင်ခြင်း ရှိမှာ မဟုတ်ဘူးလို့ အတိအလင်း ပြောဆိုသွားခဲ့ပါတယ်။ မက်ခရွန်က သူ့ကို ပီအက်စ်ဂျီမှာ ဆက်ရှိနေချင်သလို သူကလည်း ပီအက်စ်ဂျီမှာပဲ ဆက်နေချင်တာကြောင့် သူနဲ့ မက်ခရွန်တို့က တစ်ဖက်တည်းမှာပဲ ရှိနေတယ်လို့ ဘာပေက ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။

Featured Photo : PSG Talk