မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကာလရှည် ပစ်မှတ်ဖြစ်တဲ့ ဖရန်ကီ ဒီဂျောင် ကတော့ လာမယ့် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ ဘာစီလိုနာ အသင်းကနေ ထွက်ခွာဖွယ်ရှိနေတယ်လို့ သတင်းတွေအရ သိရပါတယ်။

Frenkie de Jong

Photo : Goal.com

အသက် ၂၆ နှစ်အရွယ် နယ်သာလန် လက်ရွေးစင်ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နွေရာသီမှာ အေဂျက်စ်အသင်းကနေ ကတ်တလန်ကလပ်ကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းရဲ့ ဗဟိုကွင်းလယ်နေရာမှာ အဓိကအားထားရတဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။

ယူနိုက်တက်ဟာ ၂၀၂၂ ခုနှစ်ကတည်းက ဘာကာ ကွင်းလယ်လူ ဒီဂျောင် ကို အဓိက ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ပြီး ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် နယ်သာလန်သားကတော့ စပိန်မှာပဲ ဆက်နေချင်ခဲ့တာကြောင့် အိုးထရက်ဖို့ဒ်ကို ပြောင်းရွေ့ဖို့ ဆန္ဒမရှိဘူးလို့ ပြတ်ပြတ်သားသား ထုတ်ဖော်ငြင်းဆို သွားခဲ့တာ ဖြစ်ပါတယ်။

အခုလက်ရှိ ထွက်ပေါ်လာတဲ့ သတင်းတွေအရ ကွင်းလယ်ကစားသမားဟာ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲလိုက်ပြီလို့ ဖော်ပြထားပါတယ်။ ဒီရာသီမှာ ခြေကျင်းဝတ် ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတဲ့ ဒီဂျောင်ဟာ ဘာစီလိုနာအသင်းမှာ ပွဲကစားခွင့် အကန့်အသတ်ရှိနေတာကြောင့် မပျော်မရွှင်ဖြစ်နေသလို စပိန်ဘီလူးကြီးတွေ အနေနဲ့လည်း ဘဏ္ဍာရေး အခြေအနေတွေကြောင့် သင့်တော်တဲ့ ကမ်းလှမ်းမှုရခဲ့မယ်ဆိုရင် ကွင်းလယ်လူကို ရောင်းထုတ်သွားဖွယ် ရှိနေတာ ဖြစ်ပါတယ်။

Frenkie de Jong

Photo : Goal.com

လာလီဂါဘီလူးကြီးတွေဟာ ကွင်းလယ်လူ ဒီဂျောင် နဲ့အတူ အာရူဟိုနဲ့ ရာဖင်ဟာ တို့ကိုပါ ရောင်းထုတ်သွားဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပြီး ဒါဟာ လာမယ့် နွေရာသီ အပြောင်းအရွေ့ကာလအတွင်း ငွေကြေးအမြောက်အများသုံးပြီး အသင်းရဲ့ လူစာရင်းကို အပြောင်း အလဲ လုပ်ချင်နေတဲ့ သရဲနီတို့အတွက် ဒီဂျောင် အပေါ် စိတ်ဝင်စားမှုဟာ တစ်ဖန်ပြန်လည် အသက်ဝင်စေခဲ့ပြီ ဖြစ်ပါတယ်။

Featured Photo : The Sun